သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်းခရီးစဉ် ထူးခြားတဲ့အောင်မြင်မှု မရှိ


နှစ်တွေကြာလာခဲ့ပေမယ့်လည်း ပြဿနာတွေက မပြေလည်နိုင်ဘဲ ဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကြားဝင် ကူညီဖြေရှင်းပေးဖို့ မြန်မာပြည်ကို၂ ရက်ကြာ ခရီးသွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ကတော့ စိတ်ပျက်လက်ပျက်နဲ့ သူ့ရဲ့ မြန်မာပြည် ခရီးစဉ်ကို အဆုံးသတ်ခဲ့ရပါပြီ။ မြန်မာပြည်ကအပြန် ဘန်ကောက် နိုင်ငံတကာလေဆိပ်မှာ သူ့ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တခုကို လုပ်ခဲ့ပါတယ်။ အဲဒီကို ဘန်ကောက်မှာ ရှိနေတဲ့ ဗွီအိုအေ အဖွဲ့သား ကိုကျော်ကျော်သိန်း ကလည်း သတင်းသွားယူခဲ့လို့ အပြည့်အစုံသိရအောင် ကိုကျော်အောင်လွင် က ဆက်သွယ်မေးမြန်းထားပါတယ်။

မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည် ခရီးစဉ် အဆုံးသတ်သွားပြီ ဆိုတော့ သူ့ရဲ့ ခရီးစဉ်ကနေ ကောင်းတဲ့သတင်းတွေ ဘာတွေ ပါလာသလဲဆိုတာ ရှင်းပြပါဦးခင်ဗျာ။ -

"ကောင်းသတင်းဆိုရင်တော့ သူ့ခရီးစဉ် မတိုင်ခင်မှာ လူအများက မျှော်လင့်နေကြတဲ့ ကြားချင်နေကြတဲ့ ကောင်းသတင်းမျိုးတော့ ပါမလားဘူးလို့ပဲ ပြောရမှာပါ။ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ ဘန်ကီမွန်းက ပြောခဲ့တာက - ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ တောင်းဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ငြင်းပယ်လိုက်တဲ့အတွက် သူ့အနေနဲ့ အလွန်အမင်း ကို စိတ်ပျက်မိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပြုတာဟာ အစိုးရက ကျင်းပမယ်လို့ စီစဉ်ထားတဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကို အများယုံကြည် လက်ခံမှု ရှိဖို့ဆိုရင် အစိုးရက အဓိပ္ပါယ် ရှိတဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတယ်၊ ဒီလိုလုပ်ချင်ပါတယ် ဆိုတာကို ပြသတဲ့ အရေးကြီးတဲ့ လက္ခဏာတခု ဖြစ်ပါလိမ့်မယ်တဲ့။ နိုင်ငံရေးအရ ပွင့်လင်းမှုရှိတဲ့ ခေတ်သစ်တခုကို သွားနေတယ် ဆိုတဲ့ အစိုးရရဲ့ သန္နိဌာန် ခိုင်မာမှုကို ပြသဖို့ မြန်မာအစိုးရဟာ အခွင့်အလမ်းကောင်းတခု ယူဖို့ လက်လွတ်သွားတယ် လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဒီ သူ့ရဲ့ ခရီးစဉ်ကနေ တဆင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ စိုးရိမ်ချက်တွေကို မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို သူ တိုက်ရိုက်နဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့တယ်လို့လည်း သူက ပြောသွားပါတယ်ခင်ဗျ။"

မစ္စတာ ဘန်ကီမွန်း ပြောတဲ့အတိုင်းဆိုလို့ရှိရင် သူ အဓိက စိတ်ညစ်ရတာက ဘယ်အချက်လဲ ခင်ဗျ။ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရတဲ့အချက်လား။ -

"ဟုတ်ကဲ့။ အဲဒီလိုပဲ ပြောရမှာပါ။ အဓိက သူ စိတ်ပျက်လက်ပျက် ဖြစ်ရတာကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်မရခဲ့တဲ့ အချက်က စိတ်ပျက်လက်ပျက် ဖြစ်ရတဲ့အချက်ပဲ ဖြစ်မှာပါပဲ။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့် ရခြင်းမရခြင်းဟာ သူ့ရဲ့ ခရီးစဉ် အောင်မြင်မှု ရှိခြင်း မရှိခြင်း ဆိုတာနဲ့ ဘယ်လို့ အပ်ဆက်မှု ရှိပါသလဲခင်ဗျ။ -

"မစ္စတာ ဘန်ကီမွန်း အနေနဲ့ကတော့ သူ့ရဲ့ ခရီးစဉ် အောင်မြင်မှု မအောင်မြင်မှုကို ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ရခြင်းမရခြင်း နဲ့ မကြည့်စေချင်တဲ့ သဘော ရှိပါတယ်။ သတင်းစာရှင်းလင်းပွဲမှာ သူ ပြောသွားတာတခုက - ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ငြင်းပယ်ခံရတာကို သူ့ခရီးစဉ်ရဲ့ အောင်မြင်မှု မအောင်မြင်မှုကို တိုင်းတာတဲ့ တခုတည်းသော အချက်အဖြစ် မမြင်သင့်ဘူးလို့ မစ္စတာ ဘန်ကီမွန်း က ပြောသွားတာပါ။ သူပြောတဲ့ တခြား ဘယ်ကိစ္စကိုမှ မြန်မာစစ်အစိုးရက လုံး၀ ပယ်ချခဲ့တာ မရှိခဲ့ဘူးလု့ိလည်း ပြောသွားပါသေးတယ်။ သူပြောတဲ့ တခြား ကိစ္စတွေ ဆိုတာကတော့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ တွေ့ဆုံဆွေးနွေးပွဲတွေ လုပ်ဖို့၊ ရွေးကောက်ပွဲကို အများယုံကြည် လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးတွေ ဖန်တီးဖို့ ဆိုတာတွေ ဖြစ်ပါတယ်။"

နောက်တခုက မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံက ထွက်မလာခင် ရန်ကုန်မြို့ မူးယစ်ဆေးဝါး ပြတိုက်မှာ သူ မိန့်ခွန်း ပြောခဲ့တယ်လို့လည်း ကျနော်တို့ ကြားပါတယ်။ အဲဒီမိန့်ခွန်းကရော ဘာတွေ ထူးထူးခြားခြား ရှိတယ်လို့ ကြားလဲခင်ဗျ။ -

"အဲဒီ မိန့်ခွန်းက မြန်မာစစ်အစိုးရ အဖွဲ့ အကြီးတန်း တာဝန်ရှိသူတွေ၊ သံတမန်တွေ၊ ပြည်တွင်းပြည်ပက အစိုးရ မဟုတ်တဲ့အဖွဲ့တွေ နဲ့ ကုလသမဂ္ဂ အဖွဲ့တွေကို ပြောခဲ့တဲ့မိန့်ခွန်းပါ။ မိန့်ခွန်းက မိနစ် ၂၀ လောက် ကြာတယ်လို့ မစ္စတာ ဘန်ကီမွန်း နဲ့ မြန်မာပြည်ထဲကို လိုက်ပါသွားတဲ့ အေပီ သတင်းထောက်က ကျနော့်ကို ပြောပါတယ်။ ဒီမိန့်ခွန်းထဲမှာ ထူးခြားချက်တွေ ပါပါတယ်။ အဓိက အားဖြင့်တော့ ဝေါဟာရ အသုံးအနှုန်းအားဖြင့် မြန်မာအစိုးရကို အပြင်းအထန် ဝေဖန်ထားတဲ့အချက်တွေလို့ ပြောရမှာပါ။ သူက မြန်မာအစိုးရ အနေနဲ့ နိုင်ငံခြား ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဖွင့်ပေးတာ၊ ထောင်စုနှစ်ရည်မှန်းချက်တွေ ပြည့်ဝအောင်မြင်ဖို့ ကြိုးပမ်းအားထုတ်တာ၊ အိပ်ချ်အိုင်ဗွီ ရောဂါကို ထိန်းချုပ်နိုင်အောင် လုပ်တာ၊ လူ မှောင်ခိုကူးတာကို တိုက်ဖျက်တာ၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းအောင် လုပ်တာတွေ အတွက် ကြိုဆိုတယ်လို့ ပြောပါတယ်။ ဒါပေမယ့် တကယ့်အခြေအနေမှာကတော့ လူ သန်းပေါင်းများစွာဟာ ဆင်းရဲတွင်း နက်နေကြတယ်။ မြန်မာနိုင်ငံရဲ့ လူနေမှု အဆင့်အတန်းဟာ အာရှတိုက်မှာ အနိမ့်ဆုံးအဆင့်မှာ ရှိနေတုန်းပဲ။ မြန်မာလူထုဟာ အလုပ်အကိုင်တွေ လိုအပ်နေတယ်၊ စားနပ်ရိက္ခာ ဖူလုံဖို့ လိုအပ်နေတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုရဖို့ လိုအပ်နေတယ် စသည်အားဖြင့် ပြောသလို လူ့အခွင့်အရေး နဲ့ ဒီမိုကရေစီကို လေးစားလိုက်နာမှု မရှိဘဲနဲ့ နိုင်ငံတခုဟာ ဖွံ့ဖြိုးတိုးတက်နိုင်မှာမဟုတ်ဘူးလို့လည်း ပြောသွားပါတယ်။ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ရေးဟာ မြန်မာ့နိုင်ငံခြားရေး မူဝါဒ ရဲ့ အခြေခံ အုတ်မြစ် ဖြစ်တယ်လို့ မြန်မာစစ်အစိုးရက ထပ်ခါတလဲလဲ ပြောခဲ့ဖူးပါတယ်တဲ့။ အပြောနဲ့အလုပ် ညီဖို့ ကျနော်တို့ တောင်းဆိုပါတယ် ဆိုပြီးတော့ မစ္စတာ ဘန်ကီမွန်း ရဲ့ မိန့်ခွန်းထဲမှာ ထည့်ပြောသွားပါတယ်ခင်ဗျ။"

အခု သူ ဘာတွေ ဆက်ပြီးတော့ လုပ်မယ်လို့ရော ပြောသွားသေးလဲခင်ဗျ။ -

"မြန်မာနိုင်ငံကနေ ပြန်ထွက်လာပြီးတော့ ထိုင်းနိုင်ငံကို ရောက်တဲ့အချိန်မှာ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝိုက်ချာချီ၀ နဲ့ တွေ့ပြီးတော့ သူ့ရဲ့ မြန်မာပြည်ခရီးစဉ် အကြောင်း ရှင်းပြတယ်လို့ လေဆိပ်မှာ သူ ပြောပြပါတယ်။ တခါ ဆက်ပြီးတော့ မြန်မာ့အရေး ကုလသမဂ္ဂ မိတ်ဆွေနိုင်ငံများ နဲ့ ဆက်ပြီးတော့ ထိတွေ့လုပ်ဆောင်သွားမယ်။ နယူးယောက် ပြန်ရောက်ပြီးရင် သူ့ရဲ့ အထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ဂမ်ဘာရီ က အဲဒီ မိတ်ဆွေနိုင်ငံများအဖွဲ့က အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီးတော့ ခရီးစဉ်အကြောင်း ပြောပြမယ်။ မြန်မာအာဏာပိုင်တွေ နဲ့ သူ ဆွေးနွေးပြောဆိုခဲ့တဲ့ ကိစ္စရပ်တွေ အကုန်လုံးရဲ့ တိုးတက်မှု အခြေအနေကို မြန်မာအစိုးရနဲ့ မပျက် ဆက်သွယ်မေးမြန်းပြီးတော့ ဆက်လုပ်သွားမယ် ဆိုပြီးတော့ မစ္စတာ ဘန်ကီမွန်းက ပြောသွားပါတယ်ခင်ဗျ။"

ကိုကျော်ကျော်သိန်း ကရော ဘယ်လို သုံးသပ်ပါလဲခင်ဗျ။ မစ္စတာ ဘန်ကီမွန်း အခုတခေါက် မြန်မာ့အရေး ဝင်ကူညီတဲ့ကိစ္စ ဘာတွေများ မျှော်လင့်စရာတွေ ရှိမယ်လို့ ထင်ပါသလဲ။ -

"ဒေါ်အောင်ဆန်းစုကြည် နဲ့တောင် တွေ့ခွင့်မရခဲ့ဘူး ဆိုတော့ ကျန်တာတွေ ဖြစ်လာမယ်ဆိုတာကို လက်ခံဖို့က အတော်ကို ခက်ခဲသွားပါပြီ။ အခု ချက်ချင်းလက်ငင်းမှာ ဘာမှ သူ ရလာတာ မရှိတဲ့အတွက် အောင်မြင်မှု တခုရှိတယ်လို့ ပြောနိုင်တဲ့ ခရီးစဉ်တော့ မဟုတ်ပါဘူး။ ဆိုတော့ သူ မသွားခင်ကတည်းက ဒီခရီးစဉ်ကနေ ဘာမှ သိပ်ထူးလာမှာ မဟုတ်ပါဘူးလို့ သံသယ နဲ့ ခန့်မှန်းခဲ့ကြသူတွေ မှန်သွားပြီလို့ပဲ ဆိုရမှာပါခင်ဗျ။"

XS
SM
MD
LG