သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှုရင်ဆိုင်နေရချိန်မှာ ဘန်ကီမွန်းနဲ့ တွေ့ခွင့်ပေးဖို့ မဖြစ်နိုင်ဟု စစ်အစိုးရ အကြောင်းပြ


မြန်မာနိုင်ငံကို ၂ရက်ကြာခရီး လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ဖို့အတွက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စီစဉ်ပေးချင်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တရားရုံးအမှုကို ရင်ဆိုင်နေရတာမို့ ပေးမတွေ့နိုင်ဘူးလို့ တနင်္ဂနွေထုတ် မြန်မာအစိုးရ သတင်းစာထဲမှာ ဖော်ပြထားပါတယ်။ ရန်ကုန် အင်းစိန်ထောင်တွင်း အထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့်ပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ တောင်းဆိုချက်ကို မြန်မာစစ်ခေါင်းဆောင် က လက်မခံခဲ့တဲ့အပေါ် အလွန်တရာမှ စိတ်ပျက်မိပါတယ်လို့ မစ္စတာ ဘန်ကီမွန်းက စနေနေ့မှာ ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲထားတဲ့အမှုအတွက်လည်း သောကြာနေ့က ရုံးထုတ်ဖို့ ရှိပေမဲ့ နောက်တပတ်ကို ရွှေ့ဆိုင်းခဲ့ပါတယ်။

မြန်မာနိုင်ငံ ၂ရက်ခရီးအပြီး စနေနေ့ ထိုင်းနိုင်ငံအရောက်မှာ မစ္စတာ ဘန်ကီမွန်းက စစ်အစိုးရအနေနဲ့ နိုင်ငံရေး အပြောင်းအလဲတွေ အမှန်တကယ် ဆောင်ရွက်လိုတယ်ဆိုတာ သက်သေပြဖို့ အခွင့်အလမ်းကောင်းတွေ ဆုံးရှုံးတာပဲလို့ ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေကို သူ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို တိုက်ရိုက်ပဲ ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် တွေ့ခွင့်မရတဲ့အပေါ် မူတည်ပြီး သူခရီးစဉ် အောင်မြင်တယ် မအောင်မြင်ဘူးဆိုတာကို တိုင်းတာလို့တော့ မရဘူးလို့ ဆိုပါ တယ်။ မစ္စတာ ဘန်ကီမွန်းဟာ စစ်ခေါင်းဆောင်တွေကို နိုင်ငံရေး အပြောင်းအလဲအတွက် အကြံပြုမှုတွေလည်း လုပ်ခဲ့ပါ တယ်။ မစ္စတာ ဘန်ကီမွန်းဟာ မြန်မာလေဆိပ်အထွက်မှာ သတင်းထောက်တွေကို ခရီးစဉ်အကြောင်း ရှင်းပြခဲ့သလို ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ နိုင်ငံတကာ လေဆိပ်မှာလည်း သတင်းစာ ရှင်းလင်းပွဲ တရပ် လုပ်သွားပါတယ်။ သတင်းစာ ရှင်းလင်းပွဲမတိုင်မီ ထိုင်ဝန်ကြီးချုပ် အဘီဆစ် အဘီဆစ် ဝီချာချီဝနဲ့ တွေ့ဆုံပြီးမြန်မာနိုင်ငံခရီးစဉ်အကြောင်းကို ရှင်းပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG