သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှုး မြန်မာခရီးစဉ်ရလဒ်အပေါ် သုံးသပ်ဆွေးနွေး


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ မြန်မာပြည်ခရီးစဉ်ကို အောင်မြင်မှုမရတဲ့ခရီးလို့ လေ့လာစောင့်ကြည့်သူများက သုံးသပ်ပြောဆိုကြပါတယ်။ မစ္စတာဘန်ကီမွန်း ဟာ ဒေါ်အောင်ဆန်းစုကြည် ကို တွေ့ဆုံခွင့် တောင်းဆိုမှုကို ငြင်းပယ်ခံခဲ့ရတဲ့အပြင် မြန်မာနိုင်ငံမှာ အမျိုးသားရင်ကြားစေ့ရေး ဦးတည်စေမယ့် ရေရေရာရာ ရလဒ်တခုရအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း မရှိပါဘူး။ မြန်မာစစ်အစိုးရဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အခွင့်အလမ်းကောင်းတခု လက်လွတ်ခဲ့တာဖြစ်တယ်လို့ ကုလအတွင်းရေးမှုးချုပ်က ဘန်ကောက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုပါတယ်။ ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံမှာရှိနေတဲ့ အဝေးရောက် ပြည်ထောင်စုမြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့ရဲ့ ကုလသမဂ္ဂရေးရာတာဝန်ခံ ဒေါက်တာသောင်းထွန်း နဲ့ မြန်မာနိုင်ငံရေး လေ့လာသုံးသပ်နေသူ ဦးဘိုဘိုကျော်ငြိမ်း တို့ကို ဦးသန်းလွင်ထွန်း (ဗွီအိုအေ မြန်မာသတင်းဌာနမှုး) က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးသောင်းထွန်း ။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေး ပြန်လည်ရဖို့ဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍဟာ မြန်မာပြည်ရဲ့ နိုင်ငံရေး ရှေ့လုပ်ငန်းစဉ်တွေထဲမှာ ပါဝင်ဖို့လိုတယ်။ အခုနိုင်ငံတကာကလည်း အဲဒါကို တိုက်တွန်းတောင်းဆိုနေတယ်။ နိုင်ငံတကာဆိုတဲ့နေရာမှာ ကျနော်တို့ ဒေသအတွင်းက နိုင်ငံတွေပါ တောင်းဆိုလာတာရှိတယ်။ ဒါတွေကို မျက်ကွယ်ပြုပြီးတော့ အခုလို အထွေထွေအတွင်းရေးမှုးချုပ် လာရောက်တဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်ပိတ်ပင်လိုက်တဲ့အပိုင်းဟာ နအဖ ကနေပြီးတော့ ကုလသမဂ္ဂရဲ့ ကြားဝင်ဖြန့်ဖြေမှုကို မျက်ကွယ်ပြုပြီးတော့ တင်းမာတဲ့ ပေါ်လစီကိုဘဲ ဆက်ပြီးတော့ ကိုင်ဆွဲနေတယ်ဆိုတဲ့ သဘောကိုပြသွားတယ်။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ ဦးဘိုဘိုကျော်ငြိမ်း အနေကရော ဒီ မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ နဂိုကတည်းက ဘယ်လောက်ထိ မျှော်လင့်ထားခဲ့သလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ကျနော်ကတော့ မျှော်လင့်ချက်သိပ်မထားခဲ့ဘူး။ ကုလသမဂ္ဂဆိုတာ နည်းတနည်းဘဲ။ နိုင်ငံရေးတိုက်ပွဲတခုမှာ ကဏ္ဍတခုအနေနဲ့ဘဲယူစေချင်တယ်။ ကုလသမဂ္ဂကို အားကိုးပြီးတော့ ကုလသမဂ္ဂက အဖြေရှာပေးမယ်၊ စေ့စပ်ပေးမယ်လို့ ကျနော်တို့ မျှော်လင့်ထားလို့ မရဘူး။ ဘာကြောင့်လည်းဆိုတော့ သံတမန်နည်းအရဆိုတာ ကန့်သတ်ချက်ရှိပါတယ်။ ကျနော်တို့ နားလည်းထားဖို့က ကုလသမဂ္ဂဆိုတာ တောင်းဆိုနိုင်ပေမယ့် တောင်းဆိုခံရတဲ့အစိုးရအပေါ် မူတည်တယ်။ ဒီနေရာမှာဆိုရင် နအဖဖြစ်တယ်၊ ဗိုလ်ချုပ်သန်းရွှေ တို့မှာ ငြင်းပိုင်နိုင်တဲ့ အခြေအနေရှိလို့ ငြင်းတာဖြစ်တယ်။ သူတို့ ဘာကြောင့် ငြင်းနိုင်တာလဲဆိုတော့ ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှုးချုပ်ဆိုတာ တကယ်တော့ ကြီးငါးကြီးရဲ့ စေခိုင်းချက်ဘဲ လုပ်ရတာပါ။ ဘာကြောင့်လည်းဆိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဒီ ကြီးငါးကြီးက ဗီတိုပါဝါ ရှိတယ်။ ဒါကြောင့် ဘာဘဲတင်တင် ဘာဘဲပြောပြော ကုလသမဂ္ဂက တင်းကြပ်တဲ့ ကဏ္ဍတွေယူဖို့ဆိုရင် ဒီ ကြီးငါးကြီးက သဘောမတူဘဲ မရဘူး။ ဆိုတော့ ကြီးငါးကြီးရဲ့ အထူးသဖြင့် တရုတ်ရဲ့ ဗီတိုကို မကျော်နိုင်ဘဲနဲ့ ကျနော်တို့ ကုလသမဂ္ဂက သွားနေလို့ နအဖက ဘန်ကီမွန်းမကဘူး ဘယ်သူဘဲလာလာ သူတို့အရေးစိုက်နိုင်မှာ မဟုတ်ဘူး။

ဦးသောင်းထွန်း ။ ။ ဘန်ကီမွန်း ခရီးစဉ်မစတင်ကတည်းက နအဖရဲ့ သွားနေတဲ့ နိုင်ငံရေးလမ်းကြောင်းကို ကြည့်လို့ရှိရင် တင်းမာတဲ့လမ်းကြောင်းတွေ ရှိတာပေါ့။ ဒါပေမယ့် နိုင်ငံတကာ သံတမန်ရေး လှုပ်ရှားမှုမှာ စကားတခုရှိပါတယ် အင်္ဂလိပ်လို all diplomatic options have to be exhausted အဆင့်တွေ တဆင့်ပြီးတဆင့်ကုန်အောင် ကြိုးပမ်းပြီးတော့မှ နောက်အဆင့်တွေ သွားရတာရှိပါတယ်။ ကျနော်ဆိုလိုချင်တဲ့ သဘောကတော့ အတွင်းရေးမှုးချုပ်ခရီးစဉ်ဟာ ဒါနဲ့တော့ အဆုံးမသွားပါဘူး။ ပြန်သွားတဲ့အခါမှာ လုံခြုံရေးကောင်စီမှာ အစီရင်ခံရမယ်။ အဲဒီကမှ ကြီးငါးကြီး က ဘာတွေဆက်လုပ်မလဲ၊ အဲဒီအပိုင်းတွေမှာ ဒေသအတွင်း ပထဝီနိုင်ငံရေးကိစ္စတွေနဲ့ ပတ်သက်လို့ ဆက်ပြီးတော့ ကြိုးပမ်းဖို့လိုသလို၊ တခြားနည်းလမ်းတွေနဲ့ ပေါင်းစပ်ဖို့ လိုပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ကုလသမဂ္ဂအတွင်းရေးမှုးချုပ် ဘန်ကီမွန်း ခရီစဉ်အပြီးမှာ နောက်တဆင့်အနေနဲ့ လုံခြုံရေးကောင်စီမှာ တင်ပြပြီးတော့ နောက်ထပ်တဆင့် အနည်းဆုံး ကျန်သေးတယ်ဆိုတဲ့ သဘောကို ဆိုလိုတာပေါ့။ ဒါပေမယ်လည်း တဖက်က ကျနော်ကြားတာကတော့ ဦးဘိုဘိုကျော်ငြိမ်း အနေနဲ့က လုံခြုံရေးကောင်စီမှာ ကြီးငါးကြီးက အထူးသဖြင့် ရုရှား၊ တရုတ် တို့ရဲ့ ဗီတိုအာဏာကို မကျော်နိုင်ဘူးဆိုတဲ့ အနေအထားမျိုးဆိုတော့ တခြားဘာလမ်းစဉ် ဘာတွေများလုပ်ဖို့ ကျန်သေးသလဲဆိုတာကို သိချင်ပါတယ်။

ဦးသောင်းထွန်း ။ ။ ဟုတ်ကဲ့ တခြားနိုင်ငံကိစ္စတွေကိုလည်း ပြန်ကြည့်မယ်ဆိုရင် ဥပမာ မြောက်ကိုးရီးယားကိစ္စဘဲကြည့်ကြည့်၊ ဆူဒန်ကိစ္စကိုဘဲ ကြည့်ကြည့် ဒီ တရုတ် နဲ့ ရုရှား ဗီတိုပါဝါ ပိုင်ဆိုင်တဲ့ နှစ်နိုင်ငံက လုံခြုံရေးကောင်စီ ဆွေးနွေးပွဲအစပိုင်းတွေမှာ ပူးပေါင်းဆောင်ရွက်တဲ့အပိုင်း ရှိခဲ့တာမဟုတ်ဘူး။ ပိတ်ဆို့ခဲ့တာတွေရှိတယ်၊ အချိန်ဆွဲခဲ့တာတွေရှိတယ်၊ အရေးယူဆောင်ရွက်မှုတွေကို အားနည်းအောင် လုပ်ခဲ့တာတွေ ရှိတာပေါ့။ တဆင့်ပြီးတဆင့်တော့ သွားကြရတာပေါ့။ ဆိုလိုတာက နိုင်ငံတကာဥပဒေနဲ့အညီ နိုင်ငံတကာ၊ ကုလသမဂ္ဂ နဲ့ ဖြတ်သန်းပြီးလုပ်တဲ့အခါမှာတော့ ဒီအဆင့်တွေကို စိတ်ရှည်လက်ရှည် လုပ်ရမှာပေါ့။ ဒီလိုပြောချင်အားဖြင့် ကျနော်တို့က မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်ဖြစ်၊ ဒီမိုကရေစီအရေး အသွင်းကူးပြောင်းရေးဖြစ်ဖြစ် ကုလသမဂ္ဂ က လုပ်ငန်းစဉ်တခုတည်းကိုဘဲ အားကိုးပြီး လုပ်ရမယ် ကျနော်တို့ မဆိုလိုပါဘူး။ တရုတ်တို့ ရုရှားတို့ရဲ့ ပေါ်လစီပြောင်းလဲမှုတွေကလည်း ကျနော်တို့ အတိုက်အခံ ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ အင်အားပေါ်မှာ မူတည်ပါတယ်။ နအဖ က ဘယ်လောက် တိုင်းပြည်တည်တည်ငြိမ်ငြိမ် အုပ်ချုပ်နိုင်သလဲ၊ မအုပ်ချုပ်နိုင်သလဲ ကျနော်တို့ အင်အားက ဘယ်လောက်ခိုင်မာလာသလဲ၊ ကျနော်တို့ အင်အားအပြောင်းအလဲ ဘယ်လောက်ကြီးမားလာသလဲ ဒီအခြေခံတွေပေါ်မှာလည်း ရှိတာပေါ့။

ဦးသန်းလွင်ထွန်း ။ ။ ဟုတ်ကဲ့ အဲဒီတော့ လုံခြုံရေးကောင်စီမှာဘဲ ဥပမာအားဖြင့် ဆူဒန်အရေးကိစ္စမျိုးကို ကြည့်မယ်ဆိုရင် လုံခြုံရေးကောင်စီမှာ အစောပိုင်း သဘောထားတင်းမာနေခဲ့တဲ့ နိုင်ငံတွေ သဘောထားပြောင်းလဲသွားတာတွေ ရှိပါတယ်။ အဲဒီတော့ မြန်မာအရေးမှာကော အထူးသဖြင့် တရုတ် နဲ့ ရုရှား က သဘောထား ပြောင်းလဲလာနိုင်တဲ့ အလားအလာ ရှိသလား။ ဘယ်လိုအခြေအနေမျိုး ဆိုလိုရှိရင် သဘောထားပြောင်းလဲလာနိုင်သလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ တရုတ်ရဲ့ ဗီတိုနဲ့ ရုရှားဗီတိုကို ကျော်နိုင်ဖို့အတွက် သူတို့နိုင်ငံရဲ့အကျိုးကို ကျော်နိုင်မှ ဒီကိစ္စက ဖြစ်မှာ။ ဒီအတွက် ယူအန်မှာ ဒီကိစ္စကို မလုပ်ရဘူးလို့ မဆိုလိုဘူး။ ယူအန်မှာ ကဏ္ဍတခုအနေနဲ့ ပါပေမယ့် ကိုယ်ဖက်ကကိုယ် ဦးသောင်းထွန်းပြောသွားသလို အင်အားကြီးအောင်လုပ်ရမယ်ဆိုတော့ ကျနော်တို့က အပြင်မှာရှိတဲ့ အန်စီဂျီယူဘီ အနေနဲ့ တဖက်က diplomatically သံတမန်ရေးရာတိုက်ပွဲဝင်နေပေမယ့် တဖက်ကရှိနေတဲ့လူတွေအားလုံးကို စုနိုင်ဖို့လိုတယ်။ အားလုံးရှိနေတဲ့ grassroot ရှိနေတဲ့လူတွေအားလုံးကို စုနိုင်တဲ့ အင်အားမရှိဘဲနဲ့ ဒီ သံတမန်ရေးရာတခုတည်း အားကိုးနေပြီးတော့ end game မရှိဘဲနဲ့ ဆက်သွားနေရင် နောက် အနှစ် ၂၀ ကြာအုန်း ဘာမှမဖြစ်ဘူး။

ဦးသောင်းထွန်း ။ ။ ကျနော်တို့ တိုင်းပင်ဆွေးနွေးပြီးတော့ အကောင်အထည်ဖော်နေကြတဲ့ လုပ်ငန်းစဉ်ထဲမှာ ယူအန် နဲ့ နိုင်ငံတကာ သံတမန်ရေးလုပ်ငန်းစဉ်တခုတည်း မဟုတ်ပါဘူး လူထုစွမ်းအား မြှင့်တင်ရေးလုပ်ငန်းစဉ်ပါတယ်၊ စစ်တပ်နဲ့ အရပ်ဖက်ဆက်ဆံရေးတွေ ဒီအခြေအနေတွေပေါ်မှာ သုံးသပ်ပြီးတော့ အပြောင်းအလဲက ပြည်တွင်းကဘဲလာမှာဘဲ ဒါကို ကျနော်တို့ ယုံကြည်တယ်။ ဒီအပြောင်းအလဲတွေ ဖြစ်လာအောင် မြန်မာပြည်နိုင်ငံရေး ဇာတ်ခုံပေါ်မှာ ပြည်သူလူထုရှိတယ်၊ နိုင်ငံရေးပါတီတွေရှိတယ်၊ စစ်တပ်ရှိတယ်၊ စစ်တပ်အတွင်းမှာရှိတဲ့ အရာရှိအရာခံ အကြပ်တပ်သားတွေရှိတယ်။ ဒီအင်အားစုတွေအထဲမှာ အပြောင်းအလဲကို ဦးတည်တဲ့ အနေအထားတွေဖြစ်လာမှ ကျနော်တို့အပြောင်းအလဲဖြစ်မှာ။ နိုင်ငံတကာအပိုင်းက အထောက်အကူပေးတဲ့ သဘောဘဲဖြစ်တယ်။ ဒါကို ကျနော်တို့ ပြည်သူလူထုကို အကြိမ်ကြိမ်ရှင်းပြခဲ့တာတွေ ရှိပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အပြောင်းအလဲဆိုတာ ပြည်တွင်းက အပြောင်းအလဲကမှ အဓိကကျတယ်ဆိုတာ မှန်ပေမယ့် နိုင်ငံတကာဖိအားပေးမှုဆိုတာကလည်း အင်မတန်ကို အရေးကြီးပါတယ်။ ဒီနေရာမှာ ကျနော်အစောပိုင်းမေးထားတဲ့ မေးခွန်းဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ နိုင်ငံတကာအရေးမှာ မြန်မာစစ်အစိုးရကို ကျောထောက်နောက်ခံပေးနေတဲ့ အဓိကဖြစ်တဲ့ တရုတ် နဲ့ ရုရှား နိုင်ငံတို့ သဘောထားပြောင်းလဲလာအောင် ဘယ်လိုအချက်တွေက စွမ်းဆောင်နိုင်မလဲဆိုတာ မဖြေကြသေးဘူး။ ဒါကို ဖြေကြားပေးပါ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ အဓိက ဗီတိုက တရုတ်၊ တရုတ်ရဲ့ ဗီတိုက တရုတ်က ဘာလိုချင်လဲဆိုတော့ မြန်မာပြည်မှာ ဘယ်အစိုးရဘဲဖြစ်ဖြစ် တည်ငြိမ်မှုကို သူတို့လိုချင်တယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာပြည်ကို သူတို့သုံးစရာ အများကြီးရှိတယ်။ ရေနံပိုက်တွေရှိမယ်၊ နောက်တိုးတက်လာလို့ရှိရင် ဧရာဝတီက ဖြတ်ပြီးတော့ သင်္ဘောနဲ့ ထွက်ကုန်တွေပို့မယ်။ ဆိုတော့ တရုတ်အတွက်က တည်ငြိမ်မှု၊ တည်ငြိမ်မှုက နအဖအစိုးရက ဘာဘဲဖြစ်နေဖြစ်နေ တည်ငြိမ်မှုကို သူတို့ အတိုက်အခံကို အောင်နိုင်တယ်ဆိုတဲ့ အတိုင်းအတာတခုရှိလို့ရှိရင် တရုတ်တို့က ကျေနပ်နေတယ်။ ကျနော်တို့ဆီမှာ stablilty ကို ဒီ နအဖရဲ့ အုပ်ချုပ်ရေးယန္တယားကို နှောက်ယှက်ပေးနိုင်တဲ့အရာ တခုမှမရှိဘူး။ အဲဒါမရှိတဲ့အခါ တရုတ်အတွက် အကျိုးဟာဘာမှမရှိ နအဖကို ဆက်ထောက်ခံသွားမှာဘဲ။ ကျနော်ဆိုလိုချင်တာက ကိုသောင်းထွန်းပြောသွားတဲ့ ကျနော်တို့ အထဲမှာလုပ်တယ်ဆိုတာတွေဟာ မပြောကောင်းလို့မပြောရင်နေပါစေ ရလဒ်ဆိုတာရှိရမယ်။ ကျနော်တို့ အနှစ် ၂၀ ရှိပြီး ဘာရလဒ်မှ မရှိဘူး။ အဲဒါကိုပြောတာ အနှစ် ၂၀ အတွင်းမှာ ဘာအင်အားစုရဲ့ ရလဒ်မရှိတဲ့အတွက် ကျနော်တို့က ဘာကိုအားကိုးနေတာလဲဆိုတော့ ကုလသမဂ္ဂကို အားကိုးနေတာဖြစ်တယ်။ ကျနော်က အဲဒါကို end game လို့ ပြောတာ။

ဦးသန်းလွင်ထွန်း ။ ။ ကိုသောင်းထွန်းအနေနဲ့ အဲဒီအပိုင်းကို နည်းနည်းရှင်းပြပါ။

ဦးသောင်းထွန်း ။ ။ အဲဒီအပိုင်းကတော့ ကျနော်တို့ ဒီမိုကရေစီလှုပ်ရှားမှုကို ပြန်ကြည့်မယ်ဆိုရင် အနှစ် ၂၀ အတွင်း ဝင်လာတာမှန်ပါတယ်။ ဒါပေမယ့် လှုပ်ရှားမှုကြီးက လုံးဝပျက်ဆီးသွားတာ မဟုတ်ဘူးဆိုတာကို တွေ့ရတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ကြံ့ကြံ့ခိုင် တိုက်ပွဲဝင်နေသလို ၁၉၈၈ က စ ရေတွက်မယ်ဆိုရင် ၈၈၊ ၉၃၊ ၉၆ နဲ့ နောက်ဆုံး ရွှေဝါရောင် တော်လှန်ရေးအဆင့်အထိ လှုပ်ရှားမှုကြီးတွေဖြစ်ခဲ့တယ်။ ကျနော်တို့အနေက ဒီ လှုပ်ရှားမှုတွေမှာ ဖြစ်ခဲ့တဲ့အနေအထားတွေကို ပြန်လည်သုံးသပ်ပြီးတော့ ပိုပြီးတော့ စနစ်ကျအောင် ပိုပြီးတော့ အင်အားကောင်းတဲ့ ချိတ်ဆက်မှုရှိတဲ့ organized mass action တွေပေါ့။ ကျနော်တို့ရဲ့ နည်းနာတွေ၊ လုပ်နည်းလုပ်ဟန်တွေကိုလည်း ပြန်လည်သုံးသပ်နေပါတယ်။ ဆိုလိုတာက တချို့ လုပ်နည်းလုပ်ဟန်တွေ ရေတိုသဘောဆောင်တဲ့ အလုပ်တွေလုပ်ဖို့လိုသလို တချို့ကလည်း ရေရှည်သဘောဆောင်တဲ့ တည်ဆောက်မှုတွေ ကျနော်တို့ လုပ်ဖို့လိုတယ်။ လှုပ်ရှားမှုအနေနဲ့ ဒီအားနည်းချက်၊ အားကောင်းချက်တွေကို ပြန်လည်သုံးသပ်ပြီးတော့ အားနည်းချက်တွေကို အားကောင်းလာအောင် ဆက်ပြီးတော့ လုပ်ကြရမှာ ဖြစ်ပါတယ်။

ဦးသန်းလွင်ထွန်း ။ ။ အဲဒီတော့ ဦးဘိုဘိုကျော်ငြိမ်း နဲ့ ဒေါက်တာသောင်းထွန်းအနေနဲ့ ှလောလောဆယ် ကုလသမဂ္ဂရဲ့ အနေအထားနဲ့ ပတ်သက်လို့ ဦးဘိုဘိုကျော်ငြိမ်း အနေနဲ့ ပြင်ပလေ့လာသုံးသပ်သူ၊ ဒေါက်တာသောင်းထွန်းအနေနဲ့ အတိုက်အခံအဖွဲ့အစည်းရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံကိုယ်စားလှယ်တယောက်အနေနဲ့ တစုံတရာအကြံပေးဖို့လိုတယ်ဆိုရင် ဘယ်လိုအကြံဉာဏ်မျိုးကို ပေးချင်ပါသလဲ။

ဦးဘိုဘိုကျော်ငြိမ်း ။ ။ ကျနော်အကြံပေးချင်တာကတော့ ဘန်ကီမွန်းအနေနဲ့ဘဲဖြစ်ဖြစ် ဂမ်ဘာရီအနေနဲ့ဘဲဖြစ်ဖြစ် နအဖကို ထိပ်တိုက်တွေ့တဲ့နေရာမှာ တောင်းဆိုတဲ့နေရာမှာ ကျနော်မှားချင်လည်းမှားမယ် ကျနော်ဘာမြင်သလဲဆိုတော့ အားလုံးကသွားတွေ့သွားတွေ့ဆိုလို့ သွားတွေ့တာဘဲရှိမယ်။ သူတို့အနေနဲ့ တကယ့် ဗျူဟာမရှိဘူး။ သူတို့က ဒါဘဲလုပ်နိုင်တယ်။ ဆိုလိုချင်တာက ဥပမာ တရုတ်ကို အရှက်ရအောင် တခါတည်းနဲ့မဟုတ်ဘူး တရုတ်ကို ဗီတိုပေး တနှစ်ကို ဘယ်နှစ်ကြိမ်ပေးမလဲ ခြောက်ခါပေးမလား၊ လေးခါပေးမလား၊ တရုတ်အနေနဲ့လည်း ဗီတိုတခါပေးရ ပေးတိုင်း သိက္ခာကျတယ်။ ဒီလို ဗျူဟာနဲ့ ဆင်ပြီးတော့ တွေ့ဆုံတာပေါ့။ တဆက်တည်းမှာလည်း ဒီဘက်က နိုင်ငံရေးအင်အားစုတွေအနေနဲ့လည်း အထဲမှာ အင်အားရှိအောင်မလုပ်ထားဘဲနဲ့ သူတို့အနေနဲ့ သွားပြောလို့ရှိရင် တရုတ်က မြန်မာပြည်မှာ ကြိုက်သလောက်နှိပ်စက်နှိပ်စက် နအဖအနေနဲ့ လုံလုံခြုံခြုံအုပ်ချုပ်နိုင်ရင် သူအတွက် ဘာအကျိုးမှ မထိခိုက်ဘူး။ အဲဒါကို ကျနော် ပြောစေချင်တာပါ။ နှစ်ဖက်လုပ်ရမယ်။

ဦးသောင်းထွန်း ။ ။ ဦးဘိုဘိုကျော်ငြိမ်း ပြောသွားသလို ဘန်ကီမွန်း ခရီးစဉ်က ဒါတခုတည်းနဲ့ အဆုံးမသတ်သွားသင့်ဘူး။ သူပြန်သွားလို့ရှိရင် ဆွေးနွေးပွဲတွေရှိမယ်။ အစီရင်ခံရမယ့်အပိုင်းတွေ ဖြစ်လာမယ်။ အဲဒီနေရာမှာ ကျနော်တို့ မိတ်ဆွေနိုင်ငံတွေအနေနဲ့ လုံခြုံရေးကောင်စီမှာ binding resolution တခုကို တင်ဖို့ကို ကျနော်တို့ တွန်းကြရမယ်။ အထွေထွေအတွင်းရေးမှုးချုပ်ကိုယ်တိုင် သွားပြီးကြိုးပမ်းတာ မအောင်မြင်ဘူးဆိုရင်တော့ လုပ်စရာ ဒီလမ်းဘဲရှိတယ်။ အဲဒီလို ကြိုးပမ်းတဲ့အခါမှာ တရုတ်က ဗီတိုသုံးမယ်ဆိုလိုရှိရင် အခုနပြောသလို တရုတ်ရဲ့ ဂုဏ်သိက္ခာ ဘယ်နှစ်ခါသုံးနိုင်မလဲ။ ဒီလိုဟာမျိုးတော့ ကျနော်တို့ ရှိတယ် အဲဒီအပိုင်းကလည်း ကျနော်တို့ လုပ်ဆောင်စရာရှိတာတွေကို နိုင်ငံတကာက မြန်မာနိုင်ငံရေး လုပ်နေတဲ့အဖွဲ့အစည်းတွေအားလုံး နဲ့ movement က အဖွဲ့အစည်းတွေအားလုံး တညီတညွှတ်တည်း တွန်းဖို့လိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG