သုံးရလွယ်ကူစေသည့် Link များ

ဖားကန့် မြေပြိုမှု လူအနည်းဆုံး ၃၀ သေဆုံး


မြန်မာနိုင်ငံရဲ့ ကျောက်စိမ်းထုတ်လုပ်ရာ ကချင်ပြည်နယ် ဖားကန့်မြို့မှာ မိုးကြီးပြီး မြေပြိုတာနဲ့ ဥရုချောင်း ရေလျံတာကြောင့် အနည်းဆုံး လူ၃၀ကျော်လောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီလိုဖြစ်ရတာဟာ ကျောက်စိမ်းတွေကို အကြီးစား စက်ယန္တားတွေနဲ့ တူးဖော် ထုတ်လုပ်နေတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးပြီး လူတွေ ထိခိုက်ရတာဖြစ်တယ်လို့ ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင်အရေး လေ့လာနေသူက သုံးသပ်ပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက်ကိုမိုးဇော်က တင်ပြတာဖြစ်ပါတယ်။

ဖားကန့်မြို့မှာ ဒီလ ၃ရက်နေ့က စတင်ပြီး မိုး အဆက်မပြတ် ရွာသွန်းခဲ့ပါတယ်။ ဒီလ ၄ရက်နေ့ စနေနေ့ကတော့ ကျောက်တွင်းက ထွက်တဲ့ မြေစာတွေ ပြိုကျတာနဲ့ ဥရုချောင်း ရေကြီးတာကြောင့် နေအိမ်တချို့ ရေထဲမျောပါပြီး လူတွေ သေဆုံးရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်မြို့သားတယောက်က သေဆုံးသူဦးရေဟာ အနည်းဆုံး ၃၀ကျော်နိုင်တယ်လို့ အခုလို ခန့်မှန်းပြောဆိုပါတယ်။

“အသေအပျောက်ကတော့ များတာတော့ များပါတယ်။ ၃၀တော့မကလောက်ဘူး။ ၃၀ကျော်ဆိုတာ မြို့ပိုင်းလေးတင်ကိုး။ မှော်ဝမ်းရပ်ကွက်တို့ ရေအေးချောင်တို့ ဘက်လောက်ပဲ ရှိသေးတာ။ ဟိုဘက် မှော်ထဲမှာ သေတာတွေ ဘာတွေမပါသေးဘူး။”

ဖားကန့်မြို့ ရေလွှမ်းမိုးတာဟာ ကျောက်တူးဖော်လို့ ထွက်လာတဲ့ မြေစာတွေကြောင့် ဥရုချောင်းရေ မစီးနိုင်လို့ ဖြစ်တယ်။ အခုအခါ ဖားကန့် တမြို့လုံး ရေလွှမ်းမိုးနေပြီး သွားလာရေး ခက်ခဲတာကြောင့် စာသင်ကျောင်းတွေပါ ပိတ်ထားရတယ်လို့ ပြောပါတယ်။

“တမြို့လုံးလိုပဲ ရေလွှမ်းမိုးတာကတော့။ ကျွန်တော်တို့ ချောင်းတွေက ပိတ်ဆို့နေတယ်။ ပိတ်ဆိုတာဆိုတော့ ကျင်းတွေကကွာ ချောင်းဟိုဘက်ဖို့လိုက် ဒီဘက်ဖို့လိုက် ဟိုးအောက်ဘက်မှာ ရေက မစီးနိုင်တော့ဘူး။ ရေစီးလမ်းကြောင်း မဖြောင့်တဲ့အခါကျတော့။ ရေစီးက အိုင်လိုဖြစ်နေတာ။ မိုးရွာရင် ချက်ချင်းပဲ ရေတက်တာပေါ့။”

လွန်ခဲ့တဲ့ ၅ရက်နေ့က တနင်္ဂနွေနေ့က ကချင်ပြည်နယ် မိုးကောင်းနဲ့ မြစ်ကြီးနားမြို့တွေမှာ မိုးရေချိန် ၅လက်မနဲ့ ၄လက်မကျော်လောက်သာ ရှိနေချိန်မှာ ဖားကန့်မြို့မှာတော့ ၁၄ဒသမ၆၄လက်မအထိ ရွာသွန်းခဲ့ပါတယ်။

အခြားဒေသခံတွေကတော့ သေဆုံးမှုဟာ အနည်းဆုံး ၆၀လောက်အထိ ရှိနိုင်တယ်။ မြေပိသေဆုံးသူတွေကိုတော့ မြို့အာဏာပိုင်အဖွဲ့တွေ၊ မီးသတ်၊ စစ်တပ်နဲ့ ပြည်သူတွေက ရှာဖွေနေဆဲဖြစ်တယ်လို့ ပြောပါတယ်။

ကချင် သဘာဝပတ်ဝန်းကျင်အဖွဲ့က ကိုယောနက ဖားကန့်ဒေသမှာ အရင်ကတော့ လူအားနဲ့ တပိုင်တနိုင် ကျောက်စိမ်းတူးဖော်နေရာမှာ အခုနောက်ပိုင်း စက်ယန္တယားတွေသုံးပြီး ကျောက်တူးဖော်လာတာကြောင့် သဘာဝပတ်ဝန်းကျင် ပျက်ဆီးပြီးအခုလို လူအများအပြား သေရတာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်။

“သူတို့က တောတွေကို ခုတ်တယ်။ တောင်တွေကို ဖြိုတယ်။ ကြီးတဲ့ စက်ကိရိယာတွေသုံးပြီး တူးဖော်တဲ့အခါ တောင်တွေက ပြိုကုန်တယ်။ အရင် ၁၀နှစ်လောက်တုန်းက ဥရုချောင်း ရွာတွေကို တိုက်စားပြီး လူသေတယ်ဆိုတာ မရှိဘူး။ အခုနောက်ပိုင်းမှာက အဲဒီဟာတွေ ခဏခဏကြားနေရတယ်။ အဓိကတော့ ဧရာမကြီးမားတဲ့ စက်ကိရိယာ အသုံးပြုတာကြောင့်ဖြစ်တယ်လို့ ကျွန်တော် မြင်တယ်။”

ဒီလို စက်တန္တယားတွေနဲ့ တူးဖော်နေတဲ့ ကုမဏီတွေကတော့ မြန်မာစစ်အစိုးရနဲ့ နီးစပ်တဲ့ကုမဏီကြီးတွေဖြစ်တာကြောင့် မြေစာတွေကို ချောင်းထဲစွန့်ပစ်တာကို ဘယ်သူမှ အရေးယူ ဟန့်တားမှုမရှိဘူးလို့ ကချင်ပြည်နယ်က သဘာဝပတ်ဝန်းကျင် လေ့လာသူ တယောက်က ထောက်ပြပါတယ်။

လွန်ခဲ့တဲ့နှစ် ဇူလိုင်လကုန်ပိုင်းကလည်း ဖားကန့်မြို့မှာ မိုးကြီးပြီးမြေပြိုတာကြောင့် အနည်းဆုံးလူ ၁၄ယောက်သေဆုံးခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG