သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်ဒိုနီးရှား သမ္မတ ရွေးကောက်ပွဲ စတင်                                  


အာဏာရှင် ဆူဟာတို ကျဆုံးပြီးနောက်ပိုင်း ဒုတိယမြောက်အကြိမ်အဖြစ် အင်ဒိုနီးရှားနိုင်ငံမှာ ပြည်သူလူထုက သမ္မတကို တိုက်ရိုက်ရွေးချယ်တဲ့ ရွေးကောက်ပွဲအတွက် ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ စတင် မဲပေးနေကြပြီဖြစ်ပါတယ်။ နိုင်ငံရဲ့ အရှေ့ဘက် အကျဆုံး ပြည်နယ်ဖြစ်တဲ့ ပါပူအာ ပြည်နယ်မှာ နိုင်ငံရဲ့ တခြားဒေသတွေထက်စောပြီး မဲရုံတွေ စတင် ဖွင့်လှစ်နေပြီလို့ ရွေးကောက်ပွဲ အရာရှိတွေက ပြောပါတယ်။

သမ္မတ ဆူစီလို ဘန်ဘန်း ယူဒိုယိုနို Susilo Bambang Yudhoyono ဟာ သူ့ရဲ့ ဒု-သမ္မတ ယူစွတ်ကယ်လာ (Jusuf Kalla) ၊ သမ္မတဟောင်း မဂါဝါတီ ဆူကာနိုပူထရီ (Megawati Sukanoputri) တို့ နှစ်ဦးနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ကြိုတင် စစ်တမ်း ကောက်ယူချက် အရ သမ္မတ ယူဒိုယူနိုဟာ နောက်တကျော့ ရွေးကောက်ပွဲ ထပ်လုပ်စရာမလိုဘဲ မဲစုစုပေါင်းရဲ့ ထက်ဝက် ကျော် ရရှိနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့စီးပွားရေးကျဆင်းမှုကို သမ္မတ ကိုင်တွယ်ပုံ၊ နိုင်ငံကို စီးပွားရေး ပြုပြင်ပြောင်းလဲဖို့ ကြိုးပမ်းမှုတွေနဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး လုပ်ဆောင်ချက်တွေကို ပြည်သူတွေက သဘောကျလို့ လူအများက သူ့ကို သမ္မတ ဒုတိယ သက်တမ်း ဆက်ပြီး တာဝန်ယူဖို့ ရွေးချယ်ကြလိမ့်မယ်လို့ အကဲခတ် အများအပြားက ခန့်မှန်းခဲ့ကြပါတယ်။

ကျွန်းပေါင်း ၁၇,၀၀၀ ကျော်မှာ နေထိုင်နေတဲ့ မဲထည့်ဝင်သူပေါင်း ၁၇၆ သန်းဆီက မဲပေးမှာမို့ တရားဝင် ရွေးကောက်ပွဲ ရလဒ်ကတော့ ရက်အတော်ကြာတဲ့ အထိ ထုတ်ပြန်နိုင်မှာ မဟုတ်ပါဘူး။

XS
SM
MD
LG