သုံးရလွယ်ကူစေသည့် Link များ

ကုလအတွင်းရေးမှူးချုပ်နဲ့ အချိန်တို တွေ့ဆုံရတဲ့အပေါ် NLD ဘ၀င်မကျ


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင်တွေ တွေ့ဆုံကြတဲ့အချိန်မှာ အတွင်းရေးမှူးချုပ်က ရွေးကောက်ပွဲ ကိစ္စကိုပဲ အဓိကထားပြီးတော့ ပြောကြားခဲ့တယ်လို့ NLD က ပြောပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင် လုပ်ရမယ့်ကိစ္စတွေနဲ့ ပတ်သက်ပြီး အချိန် လုံလုံလောက်လောက် အပြည့်အ၀ ဆွေးနွေးခွင့် မရခဲ့တဲ့အတွက် တွေ့ဆုံပွဲအပေါ် အားရကျေနပ်မှု မရှိဘူးလို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်ရောက် ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ဖို့ကိစ္စ၊ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်မြောက်ဖို့ကိစ္စ၊ ရွေးကောက်ပွဲမတိုင်ခင် အခြေအနေကောင်းတွေ ဖန်တီးဖို့ကိစ္စတွေကို မြန်မာနိုင်ငံခရီးစဉ်ရဲ့ အဓိက အကြောင်းရပ်တွေ အဖြစ် သတ်မှတ်ထားတယ်လို့ မသွားခင်ကတည်းကိုက ကြေညာထားခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံရေးပါတီတွေနဲ့ တကယ်တမ်း တွေ့ဆုံတဲ့အခါမှာတော့ အဲဒီကိစ္စတွေကို ရေရေလည်လည် ဆွေးနွေးတာမရှိဘဲ ရွေးကောက်ပွဲကိစ္စကိုပဲ အဓိကတင်ပြီး ပြောသွားတာကို NLD ပါတီဘက်က ဘ၀င်မကျ ဖြစ်ကြရတာပါ။

“အဓိက ကျနော်တို့ တင်ပြထားတာ အချက် ၄ ချက်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးဖို့၊ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ ဖြေရှင်း ပေးဖို့၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြန်လည်ပြင်ဆင်ဖို့ အချက်တွေဆိုတော့၊ ဒီအချက်တွေနဲ့ ပတ်သက်ပြီး ကျနော်တို့က ဆွေးနွေးဖို့ အချိန်မရဘူး။ ပြောရရင် ခေါင်းစဉ်လောက်ပဲ ပြောရတဲ့ သဘောလောက်ပဲရှိတယ်။ အဓိကက ဒါတွေပြောရမှာ။ ဒါတွေပြောပြီး ဒီအချက်တွေ ပြေလည်မှသာ ခုနပြောတဲ့ တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ကျနော်တို့က စဉ်းစားမှာ။ ဒါ ကျနော်တို့ ရွှေဂုံတိုင် ကြေညာစာတမ်းမှာလည်း ပြောထားပြီးသား။ ဒီကိစ္စနဲ့ ပတ်သက်လို့ အဖွဲ့ချုပ် အနေနဲ့ ကတော့ ဆွေးနွေးရတဲ့အပေါ်မှာ သိပ်ပြီး အားရကျေနပ်ခြင်းတော့ မရှိဘူးပေါ့ဗျာ။”

သန်လျင်မြို့နယ်ကနေ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ အရွေးချယ်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ NLD သတင်းနဲ့ ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

မစ္စတာဘန်ကီမွန်း ကိုယ်တိုင်က အခုလို ရွေးကောက်ပွဲကိစ္စ အဓိကပြောသွားတဲ့အပေါ် NLD ပါတီအနေနဲ့ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတာမျိုး မဟုတ်ဘဲ ဖြစ်ပျက်ခဲ့တဲ့ အခြေအနေကို ဖော်ပြထားတဲ့ ကြေညာချက်တစောင်ကို ဒီကနေ့ ထုတ်ပြန် ခဲ့ပါတယ်။ ကြီးမားကျယ်ပြန့်လှတဲ့ မြန်မာ့နိုင်ငံရေးကိစ္စတွေကို ၁၀ မိနစ်အချိန်အတွင်း အဖွဲ့ချုပ်ကိုယ်စားလှယ်တွေ အနေနဲ့ အသေးစိတ် အပြန်အလှန် ဆွေးနွေးခွင့် မရခဲ့သလို အဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဘန်ကီမွန်း တွေ့ဆုံခွင့် မရခဲ့တာကို ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။ ပါတီအနေနဲ့ မစ္စတာဘန်ကီမွန်းကို ဝေဖန်တိုက်ခိုက် တာမျိုး ကြေညာချက်ထဲမှာ တရားဝင် ဖော်ပြမထားပေမဲ့ ပါတီဝင်တွေ ကြားထဲမှာတော့ မစ္စတာဘန်ကီမွန်း အခုလို ပြောဆို တာတွေကို မကျေနပ်ကြဘူးလို့ ဗွီအိုအေက စုံစမ်းသိရှိရပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းမှာ အားလုံး ပူးပေါင်းဆောင်ရွက် စေချင်တယ်၊ နိုင်ငံရေးပါတီတွေဟာ သဘောထား အယူအဆ မတူကြပေမဲ့ ပါတီအားလုံး တသံထဲဖြစ်ဖို့ လိုတယ်လို့ မစ္စတာဘန်ကီမွန်း ပြောခဲ့တာတွေက ရွေးကောက်ပွဲကို ၀င်စေချင်တဲ့ လေသံတွေ ဖြစ်နေတယ်လို့လည်း ဒေါက်တာဝင်းနိုင်က ထောက်ပြပါတယ်။

အားလုံး ပူးပေါင်းဆောင်ရွက်ဖို့တို့၊ တသံထဲဖြစ်ဖို့တို့ဆိုတာ ဒီမိုကရေစီလိုလားတဲ့ ပါတီတွေကြားမှာ ပြဿနာမရှိပေမယ့် ရွေးကောက်ပွဲ မကျင်းပခင်မှာကို လုပ်စရာရှိတာတွေ လုပ်ပေးဖို့ နေရာမှာတော့ ပါတီတွေကြား သဘောမတူတာတွေ ရှိနိုင်တယ်လို့ ဒေါက်တာဝင်းနိုင်က ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အကျဉ်းသားတွေ လွှတ်ပေးဖို့တို့၊ တွေ့ဆုံဆွေးနွေးဖို့တို့၊ ၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို တနည်းနည်းနဲ့ ဖြေရှင်းပေးဖို့တို့၊ နောက်ဆုံး ကုန်ကုန်ပြောရမယ်ဆိုရင် ရွေးကောက်ပွဲပြီးတဲ့အခါမှာ စခန်း သွားမယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြင်ဆင်ဖို့အချက်တွေ ရှိတယ်ဆိုတာ ကျနော်တို့က တင်ပြထားပြီးပြီဆိုတော့ ဒီနေရာတွေမှာတော့ အယူအဆတွေ ကွဲကောင်း ကွဲနိုင်တာပေါ့ဗျာ၊ နိုင်ငံရေးပါတီတွေက။ တချို့အနေနဲ့လည်း ရွေးကောက်ပွဲ ၀င်ဖို့ စိုင်းပြင်းချင် စိုင်းပြင်းနေကြမှာပေါ့။ ကျနော်တို့ကတော့ လွတ်လပ် သန့်ရှင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ အခုန အခင်းအကျင်းတွေ မရှိဘဲနဲ့ မဖြစ်နိုင်ဘူးလို့ ယုံကြည်တယ်။”

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုယ်တိုင်က ရွေးကောက်ပွဲ ၀င်စေချင်တဲ့ လေသံမျိုး ပြောလာပြီးတဲ့နောက်ပိုင်း ကုလသမဂ္ဂ ရဲ့ မြန်မာ့အရေး ဆက်ပြီး ဆောင်ရွက်မှုတွေ အပေါ်မှာ NLD ဘက်က ဘယ်လောက်များ ယုံကြည်ကိုးစားမှု ရှိနိုင်ပါ တော့မလဲ။

“အဓိကကတော့ ကုလသမဂ္ဂက တာဝန်အရ အကြီးဆုံးပုဂ္ဂိုလ်တယောက်က လာပြီးတော့ ဗမာ့နိုင်ငံရေးကို ဆောင်ရွက်တာ နဲ့ ပတ်သက်ပြီး သူ့ရဲ့ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အားမလိုအားမရ ဖြစ်သော်လည်း ကျနော်တို့အနေနဲ့ကတော့ သူဆောင်ရွက်သွားတာတွေနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာတော့ ဒါနဲ့ပတ်သက်ပြီး မဝေဖန်လိုဘူးဗျာ။ သို့သော်လည်း ကုလသမဂ္ဂက ဘာကိုဦးတည်ပြီး ဆက်လက်ဆောင်ရွက်မလဲဆိုတာ စောင့်ကြည့်ပြီးတော့မှ ကျနော်တို့ လုပ်စရာရှိတာတွေ ဆက်လုပ်သွားမှာပါ။”

NLD သတင်းနဲ့ပြန်ကြားရေးအဖွဲ့ဝင်၊ သန်လျင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝင်းနိုင် ပြောပြသွား တာပါ။

မစ္စတာဘန်ကီမွန်းရဲ့ ခရီးစဉ်မှာ သိသာထင်ရှားတဲ့ ရလဒ်တခုခု မထွက်ခဲ့တာ၊ မြန်မာစစ်အစိုးရဘက်က အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့တာ စတာတွေကြောင့် အခုဆိုရင် မြန်မာနိုင်ငံကို ဒဏ်ခတ်အရေးယူမှုတွေ ပိုပြီးချမှတ်ဖို့ ပြောဆိုသံတွေ ထွက်ပေါ်လာသလို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြီး ဆွေးနွေးကြဖို့ တောင်းဆိုသံတွေကလည်း တကျော့ပြန် ထွက်ပေါ်လာနေပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG