သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟန်တရုတ်-ဝီဂါ အဓိကရုဏ်း နှိမ်နင်းမှု အမေရိကန် ရှုတ်ချဖို့ လွှတ်တော်မှာ တိုက်တွန်း


တရုတ်နိုင်ငံ ရှင်ဂျန်းဒေသ အူရုမ်ရှီ (Urumqi) မြို့မှာ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ရတဲ့ အဓိကရုဏ်းအပေါ် တရုတ် အစိုးရရဲ့ ကိုင်တွယ်မှုနဲ့ပတ်သက်လို့ သမ္မတ အိုဘားမားအစိုးရ အနေနဲ့ ပြင်းပြင်းထန်ထန် ပြစ်တင် ရှုတ်ချဖို့ အမေရိကန် လွှတ်တော်အမတ် နှစ်ယောက်က တောင်းဆိုလိုက်ပါတယ်။ ဒီအကြမ်းဖက် ဆူပူမှုတွေကို သူမအနေနဲ့ အားပေး အားမြောက် လုပ်ခဲ့တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ စွပ်စွဲ ပြောဆိုမှု အပေါ် ဝီဂါအရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးတဦးက ကွန်ဂရက် လွှတ်တော်မှာ ပြန်လည် ဖြေကြားခဲ့တဲ့အကြောင်း ဗွီအိုအေသတင်းထောက် Dan Robinson က သတင်းပေးပို့ထားပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ရှင်ဂျန်းမှာ အဓိကရုဏ်းဖြစ်အောင် သွေးထိုးလှုံ့ဆော်ခဲ့တယ်လို့ တရုတ်အာဏာပိုင်တွေရဲ့ စွပ်စွဲတာကို ခံနေရတဲ့ Rabiya Kadeer (ရာဘီယာ ခါဒီး) ဟာ ရှင်ဂျန်းဒေသအပေါ် အာရုံစိုက်မှုရနိုင်အောင် ကြိုးစားလုပ်ဆောင်နေတဲ့ လွှတ်တော်အမတ် နှစ်ယောက်နဲ့အတူ မနေ့က သတင်းစာရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

အောက်လွှတ်တော် လူ့အခွင့်အရေးကော်မတီက ဒီမိုကရက်တစ်လွှတ်တော်အမတ် William Delahunt က ဝီဂါလူမျိုးစုတွေနဲ့ ဆိုင်တဲ့ ကြားနာပွဲတွေ ဆက်တိုက် ကျင်းပခဲ့ပါတယ်။

ရှင်ဂျန်းဆူပူမှုကို Kadeer က သွေးထိုး လှုံ့ဆော်ခဲ့တယ်ဆိုတဲ့ တရုတ်အစိုးရရဲ့ စွပ်စွဲ ပြောဆိုချက်ကို သူက ပယ်ချလိုက်ပြီး ဒါဟာ - ဝီဂါလူမျိုးစုတွေဟာ အကြမ်းဖက်သမားတွေ ဖြစ်တယ်လို့ တရုတ်အစိုးရက မှားယွင်း ပုံဖော်ဖို့ ကြိုးစား လုပ်ဆောင် ချက်ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“Guantanamo အကျဉ်းစခန်းမှာ အကြမ်းဖက်သမားတွေဆိုပြီး မှားယွင်းစွာ ဖမ်းဆီးခံခဲ့ကြရတဲ့ ဝီဂါ အမျိုးသားတွေအပေါ် တရုတ်အစိုးရက စွပ်စွဲ ပြောဆိုခဲ့သလိုပဲ Kadeer ဟာ တရုတ်ပြည်မှာ ဆူပူ အကြမ်းဖက်မှုတွေကို လုပ်ဆောင်နေတဲ့သူလို့ တရုတ်အစိုးရက စွပ်စွဲ ပြောဆိုနေတာသာ ဖြစ်ပါတယ်။”

Kadeer ကတော့ သူမအနေနဲ့ ဒီ အဓိကရုဏ်းကို သွေးထိုး လှုံ့ဆော်ပေးခဲ့ခြင်းမရှိသလို အကြမ်းဖက်မှုကိုလည်း ဆန့်ကျင်တဲ့ အကြောင်း ဘာသာပြန်ကတဆင့် ပြောကြားခဲ့ပါတယ်။ ဆန္ဒပြမှုတွေကို ဦးဆောင်ခဲ့သူတွေကို ဖမ်းဆီး သေဒဏ်ပေးတာတွေ အပါအဝင် ဝီဂါ လူမျိုးစုတွေအပေါ် တရုတ်အာဏာပိုင်တွေက ဖိနှိပ် ညှဉ်းပန်းနေတုန်း ဖြစ်တယ်လို့ Kadeer က ပြောပါ တယ်။

သူပြောသွားတဲ့အထဲ - “ဖမ်းဆီး နှိပ်စက်မှုတွေ ဆက်လုပ်နေတုန်းပဲတဲ့။ တရုတ်လူမျိုးတွေက အပြစ်မဲ့ ဝီဂါးတွေကို လိုက်လံ နှိပ်စက်နေပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ထုတ်ပြန်တဲ့ စာရင်းဇယားတွေကို သူတို့အနေနဲ့ မယုံကြည်ပါ ဘူးတဲ့။ သေဆုံးသူ အရေအတွက် အတိအကျဟာ ဒီထက် ပိုများပါတယ်၊” - လို့ ဝီဂါ ဘာသာစကားနဲ့ ပြောသွားပါတယ်။

တရုတ်အစိုးရကတော့ ဒီအဓိကရုဏ်း းကြောင့် ဒါမှာမဟုတ်လည်း အဓိကရုဏ်းကို အာဏာပိုင်တွေက ဖြိုခွင်းခဲ့တဲ့ ရလဒ်အဖြစ်နဲ့ အနည်းဆုံး လူ ၁၅၆ ယောက်လောက် သေဆုံးခဲ့ပြီး ၁,၀၀၀ ကျော် ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လူဦးရေ သန်း ၂၀ လောက်ရှိတဲ့ ဝီဂါ လူမျိုးစုတွေကို တရုတ်အစိုးရက ဖိနှိပ် အုပ်ချုပ်နေတယ်လို့ ဝီဂါ တွေဘက်က စွပ်စွဲ ပြောနေသလို တရုတ်အစိုးရကလည်း ဝီဂါ တွေဟာ သူတို့ဒေသ လွှတ်လပ်ရေးရဖို့အတွက် ကြမ်းတဲ့နည်းလမ်းတွေကို အသုံးပြုနေတယ်လို့ ပြန်လည် စွပ်စွဲထားပါတယ်။

ငြိမ်းချမ်းစွာ ဆန္ဒပြကြသူတွေကို တရုတ်အစိုးရက အကြမ်းဖက် ဖြိုခွင်းခဲ့တယ်လို့ အမည်တပ်ထားတဲ့ ဥပဒေမူကြမ်းတခုကို အောက်လွှတ်တော်အမတ် William Delahunt က ကွန်ဂရက်လွှတ်တော်မှာ အဆိုပြု တင်သွင်းထားပါတယ်။

လုံထုံးလုပ်နည်းအရ တင်သွင်းခဲ့တဲ့ အဲဒီ ဥပဒေမူကြမ်းထဲမှာ - တရုတ်အစိုးအနေနဲ့ ဆန္ဒပြမှုဖြစ်ပွားခဲ့တဲ့ နေရာတွေကို လေ့လာသူတွေနဲ့ သတင်းထောက်တွေ ဝင်ရောက်ခွင့်ပြုဖို့နဲ့ အဓိကရုဏ်းမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းခံထားရသူ တွေရဲ့ အမှုကြားနာမှုတွေကိုလည်း လေ့လာခွင့်ပြုဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် အပြစ်မရှိသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို တရုတ်အစိုးရအနေနဲ့ သေဒဏ်အပြစ်ပေးခြင်း မလုပ်ဖို့တို့လည်း အဲဒီ ဥပဒေမူကြမ်းထဲမှာ တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG