သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ အတွင်းရေးမှူးချုပ် မြန်မာခရီးစဉ် လုံခြုံရေးကောင်စီကို အစီရင်ခံမည်


ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က မကြာသေးခင်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဒီကနေ့ အစီရင်ခံဖို့ ရှိနေတဲ့နေရာမှာ မြန်မာ့အရေးကို လုံခြုံရေးကောင်စီ အပါအဝင် ကုလသမဂ္ဂက ဒီထက်ပို ထိထိရောက်ရောက် ကိုင်တွယ်ဖို့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက တိုက်တွန်းလိုက်ပါတယ်။ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်အတွင်း တွေ့ဆုံခဲ့တဲ့ အဓိက အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေး အင်အားစုတွေက အခုလို တိုက်တွန်းလိုက်ကြတာပါ။ အကြောင်းစုံကို ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မကြာသေးခင်က သူ့ရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်နဲ့ ပတ်သက်လို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြန်ပြီး ရှင်းပြဖို့ရှိတဲ့ နေရာမှာ မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေတွေ တိုးတက်အောင် လုံခြုံရေးကောင်စီရဲ့ ပံ့ပိုးမှုနဲ့ ဒီထက်ပိုလုပ်ဖို့ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေက လိုလားနေကြတာပါ။ အထူးသဖြင့်ကတော့ ဖမ်းဆီးထားပြီး တရားစွဲဆိုတာ ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အတွင်းရေးမှူးချုပ်က သူ့ရဲ့ခရီးစဉ်မှာ မတွေ့နိုင်ခဲ့တာမျိုးလို သူရည်မှန်းထားသလို ထင်တိုင်းမပေါက်လို့ စိတ်ပျက်ရတဲ့အကြောင်း အတွင်းရေးမှူးချုပ် ကိုယ်တိုင်က ပြောထားတာမို့ ဒီလိုအခြေအနေမှာ လုံခြုံရေးကောင်စီရဲ့ ကျောထောက်နောက်ခံနဲ့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေကို အားဖြည့်ပေးဖို့ လိုနေပြီဆိုပြီး တိုက်တွန်းလိုက်ကြတာပါ။ အန်န်အယ်လ်ဒီပါတီရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင်က သူ့အမြင်ကို အခုလို ဆိုပါတယ်။

“အန်န်အယ်လ်ဒီမှာလည်း ကျနော် ပြောထားတာရှိပြီ၊ နောင်ကို အန်န်အယ်လ်ဒီမှာ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြီးတော့ အန်န်အယ်လ်ဒီက ဘယ်လိုကိုင်တွယ်ရမလဲဆိုတာ စဉ်းစားမှာပဲ။ ဒါပေမယ့် ကျနော် မသိဘူး။ ကျနော့်ရဲ့သဘောထား ကျနော်ပြောမယ်၊ ဒီကိစ္စဟာ ဘန်ကီမွန်းက အများဆုံးလုပ်နိုင်မှ အစီရင်ခံမှာပဲ၊ လုံခြုံရေးကောင်စီကို သူ့ခရီးနဲ့ ပတ်သက်လို့ အစီရင်ခံမှာပဲ။ အဲဒီအချိန်မှာလည်း ဘာမှ သူပြောစရာအကြောင်း ရှိမှာမဟုတ်ဘူး။ ဗမာအစိုးရအနေနဲ့ အခွင့်အရေးတွေ လွတ်သွားတယ် ဆိုတာလောက်နဲ့ ဒေါ်စုနဲ့ မတွေ့ရဘူး၊ ဒါလောက်ပဲရှိမှာပဲ။ ဒါလည်း သိပ်ပြီးတော့ အကြောင်းထူးစရာ မရှိဘူး။ ကျနော်တို့ မစ္စတာဘန်ကီမွန်းကို ပြောဖို့ကတော့ ဗမာပြည်အရေးဟာ အလွန်ရေးကြီးပါတယ်၊ အဲတော့ ဗမာပြည်အရေးကို လုံခြုံရေးကောင်စီအဆင့်နဲ့ ဆွေးနွေးဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို မစ္စတာဘန်ကီမွန်းအနေနဲ့ အလေးအနက် ပြောသင့်တယ်၊ တိုက်တွန်းသင့်တယ်၊ အကြံပေးသင့်တယ်လို့ ကျနော်က ယူဆတယ်။”

ဒီလိုပဲ မကြာသေးခင်ကပဲ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးသုံးသပ်မှုတွေ လုပ်ခဲ့ကြတဲ့ မြန်မာနိုင်ငံက နိုင်ငံရေးအင်အားစု တခုဖြစ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) က ဦးအေးသာအောင်ကလည်း မြန်မာ့အရေးမှာ အပြောင်းအလဲတွေ ဖြစ်စေဖို့အတွက် လုံခြုံရေးကောင်စီရဲ့ ပံ့ပိုးမှုတွေ လိုနေပြီလို့ ဆိုပါတယ်။ ဒါပေမယ့်လို့ ကုလသမဂ္ဂလို နိုင်ငံတကာရဲ့ ပံ့ပိုးမှုနဲ့အတူ အပြောင်းအလဲတွေ ဖြစ်ဖို့ကတော့ နိုင်ငံရေးအင်အားစုတွေနဲ့ အပြောင်းအလဲကို လိုလားသူတွေရဲ့ တာဝန်ဖြစ်လိမ့်မယ်လို့ သူ့အမြင်ကို ပြောပါတယ်။

“တကယ်တော့ ကုလသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် လာတယ်၊ တစုံတရာ တိုးတက်မှု မရှိဘူး။ တိုးတက်မယ့် အရိပ်လက္ခဏာတောင် မမြင်ရဘူး။ ဒီတော့ ကုလသမဂ္ဂ နောက်ဆုံးလုပ်ဖို့ကတော့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်နဲ့ မဖြစ်မနေ ဆောင်ရွက်အောင် ဆုံးဖြတ်ချက်မျိုး ဖြည့်ဖို့ မြန်မာနိုင်ငံက ပြည်သူတွေကရော၊ နိုင်ငံရေးပါတီတွေကရော မျှော်လင့်တာပေါ့။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက ဝိုင်းဝန်းပြီး တွန်းအားပေးမယ်ဆိုရင်တော့ အမြန်ဆုံး တွေ့ဆုံဆွေးနွေးတာမျိုး၊ နအဖဘက်က ပြုပြင်ပြောင်းလဲတာမျိုးတွေကို ပြင်းထန်တဲ့ တွန်းအားတွေနဲ့ တွန်းရင်တော့ အတိုင်းအတာ တခုအထိ ရနိုင်မလားလို့ ပြည်သူတွေကတော့ မျှော်လင့်ထားကြတာပေါ့။ ဒါပေမယ့် အဓိကကတော့ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူတွေကပဲ တစုံတရာ ပြောင်းလဲလာအောင် ကြိုးပမ်းဆောင်ရွက်ဖို့ လိုမယ်လို့လည်းပဲ ကျနော်တို့အနေနဲ့ သုံးသပ်ပါတယ်။”

တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင် ပြောပြသွားတာ ဖြစ်ပါတယ်။

ဒီလို အတိုက်အခံ နိုင်ငံရေး အင်အားစုတွေက ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာ့အရေး ကိုင်တွယ်ဆောင်ရွက်ဖို့ တိုက်တွန်းမှုတွေ ရှိနေပေမယ့်လည်း မြန်မာနိုင်ငံ ပြဿနာဟာ ဒေသတွင်း ခြိမ်းခြောက်မှုတရပ် မဟုတ်ဘူး၊ ပြည်တွင်းရေးရာ ပြဿနာတခုသာ ဖြစ်တယ်ဆိုပြီး လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ကို အရင့်အရင်တုန်းက လက်မခံဘဲ နေခဲ့တာပါ။ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေကတော့ မြန်မာနိုင်ငံကိစ္စကို သာမန်အရေးကိစ္စတခုအဖြစ် မရှုမြင်သင့်ဘူးလို့ ယူဆနေကြပါတယ်။ အန်န်အယ်လ်ဒီ အတွင်းရေးမှူး ဦးဝင်းတင်ကတော့ …

“ဒေသဆိုင်ရာ ပြဿနာ မဟုတ်ဘူးဆိုတာ မမှန်ဘူးခင်ဗျ။ ဗမာ Issue က ရင့်မှည့်နေပါပြီလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ G 8 မှာ ဆုံးဖြတ်လိုက်တာ အကောင်းဆုံးဟာပဲဗျ။ တော်ရုံတန်ရုံကိစ္စဟာ G 8 ကို ရောက်စရာအကြောင်း မရှိဘူး၊ မရောက်နိုင်ဘူး။ အီရန်လို အရေးကြီးနေတဲ့ ကိစ္စမျိုးအနေနဲ့သာ ရောက်လာတဲ့ဟာ ဖြစ်ပါတယ်။ အဲတော့ ဗမာကိစ္စဟာ အာဆီယံလို ဒေသတွင်းမှာသော်လည်းကောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သော်လည်းကောင်း မဆွေးနွေးနိုင်စရာ မရှိတဲ့ အခြေအနေမျိုး ရောက်ပြီလို့ ပြောချင်ပါတယ်။”

အန်န်အယ်လ်ဒီပါတီ အတွင်းရေးမှူးအဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးဝင်းတင် ပြောပြသွားတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကတော့ သူ့ခရီးစဉ်အတွင်း ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့၊ အတိုက်အခံနဲ့ စစ်အစိုးရကြား ဆွေးနွေးပြောဆိုမှုတွေ ဖြစ်ဖို့နဲ့ စစ်အစိုးရက ကျင်းပဖို့ စီစဉ်နေတဲ့ ရှေ့နှစ် ရွေးကောက်ပွဲတွေဟာ အများက လက်ခံယုံကြည်နိုင်တဲ့ အခြေအနေတွေရှိဖို့ စတာတွေကို သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ပြီး ဆွေးနွေးဖို့ ရည်ရွယ်ခဲ့တာပါ။ ဒါပေမယ့်လို့ ရည်ရွယ်ချက် အထမမြောက်တာတွေ ရှိခဲ့တဲ့နောက် စိတ်ပျက်ရတဲ့အကြောင်း အတွင်းရေးမှူးချုပ်က ခရီးစဉ်အဆုံး မှတ်ချက်ပေး ပြောဆိုခဲ့ပေမယ့် သူ့ခရီးစဉ်တခုလုံးအပေါ် မအောင်မမြင် ဖြစ်ရတယ်လို့တော့ မမှတ်ယူစေချင်တဲ့ အကြောင်းလည်း ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG