သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယုံကြည်ချက်ကြောင့် အကျဉ်းကျသူများ ရွေးလွှတ်ဖို့ ကင်တားနား တောင်းဆို


ကုလသမဂ္ဂနဲ့ နိုင်ငံတကာ ကနေ မြန်မာစစ်အစိုးရကို တောင်းဆိုနေတာဟာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ပဲ ဖြစ်ပြီး သာမန် ရာဇဝတ်အကျဉ်းသား ကိစ္စ ပြောဆိုနေတာ မဟုတ်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တာနား က ပြောလိုက်ပါတယ်။ မစ္စတာကင်တာနားကို ဆက်သွယ် မေးမြန်း ထားတဲ့ ကိုသားညွန့်ဦးက အကြောင်းစုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့၊ မိမိရဲ့အခြေခံရပိုင်ခွင့်ကို ကျင့်သုံးမိလို့ အကျဉ်းကျတဲ့ အကျဉ်းသား မျိုးတွေနဲ့ ရာဇဝတ်ပြစ်မှုနဲ့ ကျတဲ့ သာမန် အကျဉ်းသားမျိုးတွေကို ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တာနား က အသေအချာ ခွဲခွဲခြားခြား ပြခဲ့ပါတယ်။ မြန်မာအစိုးရဟာ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေကို လိုက်လျောပြတဲ့သဘော အကျဉ်းသားတွေ လွတ်ခဲ့ဖူးတာရှိပေမယ့် .. တကယ်တမ်းတော့ ရာဇဝတ် မှုနဲ့ အကျဉ်းသားတွေက အများစုဖြစ်ပြီး၊ အခုနပြောတဲ့ နိုင်ငံရေးလုပ်လို့ကျတဲ့ အကျဉ်းသားတွေက မဖြစ်စလောက်ပဲ ပါဝင်တယ်လို့ မစ္စတာ ကင်တာနားက သူအတွေ့အကြုံနဲ့ယှဉ်ပြီး ဗွီွအိုအေကို ပြောပြပါတယ်။

“ဖေဖော်ဝါရီလ အတွင်း ကျနော် မြန်မာနိုင်ငံသွားအပြီး ပြန်အလာမှာ အစိုးရက အကျဉ်းသား ၉,၀၀၀ လွှတ်ပေးခဲ့ပါတယ်။ ဒါပေမယ့် အဲဒီအထဲမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၃၉ ဦးပဲ ပါဝင်ပါတယ်။ ကျနော် အစိုးရကို အသေအချာ ရှင်းရှင်းလင်းလင်း ပြောဆိုထားတာက ကိုယ့်နိုင်ငံရေး ယုံကြည်ချက် ခံယူချက်ကြောင့် လှုပ်ရှားရင်း အဖမ်းဆီးခံရတဲ့ သူတွေကို ပြန်လွှတ်ပေးပါ.. ဆိုတာပါပဲ။ သာမန် ရာဇဝတ် အကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းနေတာ မဟုတ်ပါဘူး။ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကျင့်သုံးတာကြောင့် ဖမ်းဆီးထိန်းသိမ်း ခံရသူတွေကို လွှတ်ပေးဖို့ တောင်းနေတာပါ။”

မြန်မာအစိုးရဟာ အဲဒီတုန်းကလည်း နိုင်ငံတော်သစ် တည်ဆောက်ရေးနဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာ ပါဝင်နိုင်ဖို့ ဆိုပြီး ရာဇဝတ်အကျဉ်းသားတွေကို အများအပြား လွှတ်ပေးခဲ့တာပါ။ ဒါကြောင့်လည်း အခု မြန်မာနိုင်ငံမှာ လာမယ့် ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ စီစဉ်နေတယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာကိုယ်စားလှယ်က လုံခြုံရေးကောင်စီမှာ ပြောကြားတဲ့အပေါ် - ဘယ်လို လူမျိုးတွေကို လွှတ်ပေးမှာလဲ၊ သာမန် ရာဇဝတ်သားတွေကိုပဲ ထပ်လွှတ်ပေးမှာလား ဆိုတာ မစ္စတာကင်တာနား နည်းတူ မြန်မာ့အရေး လေ့လာသူတွေရော မြန်မာ့အရေး လှုပ်ရှားသူတွေပါ သံသယ ရှိနေကြပါတယ်။ မစ္စတာ ကင်တာနားကတော့ မြန်မာကိုယ်စားလှယ်ရဲ့ ပြောဆိုချက်ဟာ အပြုသဘော တုံ့ပြန်တာလို့ ယူဆစရာ ရှိပေမဲ့ တကယ့် ရည်ရွယ်ရင်းကိုတော့ ကြည့်ရလိမ့်မယ်လို့ ပြောပါတယ်။

“အစိုးရဖက်က အပြုသဘော တုံ့ပြန်ချက်လို့ ယူဆပါတယ်။ ဒါပေမဲ့လို့ သူတို့ ဘာကို ရည်ရွယ် ဆိုလိုပြောချင်တာလဲ ဆိုတာတော့ ကြည့်ရပါမယ်။ သူတို့ ဘယ်သူတွေကို လွှတ်မယ်ပြောတာလဲ၊ ဘယ်တော့ လွှတ်မှာလဲ၊ တကယ်တော့ ကျနော်တို့ ဘာမှ မသိရပါဘူး။ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်တဦး အနေနဲ့ ကျနော်တို့ဘက်က လွှတ်စေချင်တဲ့ ယုံကြည်မှုကြောင့် အကျဉ်းကျသူများ စာရင်းကို အစိုးရကို ပေးထားပြီးသားပါ။ ဒါကြောင့် အတွင်းရေးမှုးချုပ် အနေနဲ့ရော ကျနော့်အနေနဲ့ပါ တောင်းဆိုထားချက်တွေကို စစ်အစိုးရဘက်က ဘယ်လောက် လိုလိုလားလား ရှိသလဲ ဆိုတာတော့ ကျနော်တို့ စောင့်ကြည်ဖို့ လိုပါတယ်။”

လက်ရှိအားဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်နဲ့ နိုင်ငံရေး လှုပ်ရှားမှုကြောင့် အကျဉ်းကျနေသူ ၂,၁၀၀ ကျော် ရှိနေ ပြီး ဒီ စာရင်း အတိအကျ ကိုလည်း လူ့အခွင့်အရေး အဖွဲ့တွေရော ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကပါ ပြုစု ထားရှိပါ တယ်။ မြန်မာအစိုးရဖက်ကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား မရှိဘူး ဆိုတာကိုပဲ အထပ်ထပ် ငြင်းဆန်နေဆဲပါ။ ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ်အနေနဲ့ လာမယ့် အောက်တိုဘာ အထွေထွေ ညီလာခံ မတိုင်ခင် မြန်မာနိုင်ငံကို သွားရောက်နိုင်ဖို့ ကြိုးစားနေပေမဲ့လည်း အခုအချိန်အထိတော့ မြန်မာအစိုးရဘက်က လာရောက်နိုင်မယ့်အချိန် တရားဝင် အကြောင်းပြန်တာမျိုး မလုပ်သေးပါဘူး။

နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ အပါအဝင် မစ္စတာ ကင်တာနား အနေနဲ့ မြန်မာအစိုးရကို အကြံပြု တောင်းဆို ထားတဲ့ အချက်တွေကို မြန်မာအစိုးရအနေနဲ့ ဘယ်လောက် လိုက်လျောဆောင်ရွက်နိုင်ပြီလဲ ဆိုတာကို သူ့အနေနဲ့ သုံးသပ် အကဲဖြတ်ပြီး လာမယ့် ကုလသမဂ္ဂ အထွေထွေ ညီလာခံကို အစီရင်ခံစာ တင်သွင်းသွားဖို့လည်း ရှိတယ်လို့ မစ္စတာ ကင်တာနား က ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG