သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း မြန်မာ့အရေး တိုးမြှင့်လုပ်ဆောင်ဖု့ိ ဒီမိုကရေစီအင်အားစု တိုက်တွန်း


မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကို ဖြေရှင်းရအောင် ဆွေးနွေးပြောဆိုဖို့ မကြာသေးခင်တုန်းက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ခရီးစဉ်အပေါ်မှာ အားမလိုအားမရ ဖြစ်တာတွေ၊ မပြီးပြတ်သေးတဲ့ နိုင်ငံရေး ကိစ္စတွေ အတွက် အတိုက်အခံ နိုင်ငံရေး အသိုင်းအဝိုင်းက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီကို စာတွေ ရေးသားပေးပို့ခဲ့ကြပါတယ်။ မြန်မာနိုင်ငံထဲက အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီနဲ့ ပြည်တွင်း ပြည်ပက နိုင်ငံရေး အဖွဲ့အစည်းအသီးသီးက တိုက်တွန်းစာတွေ ရေးသား ပေးပို့ခဲ့ကြတာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ရဲ့ ခရီးစဉ်အတွင်း အကျေအလည် ဆွေးနွေးမှုတွေ မလုပ်နိုင်ခဲ့တာ၊ နောက် သူ ရည်ရွယ်ထားသလို တွေ့ဆုံလိုသူတွေနဲ့ မတွေ့နိုင်တဲ့ အခြေအနေတွေနဲ့ ကြုံခဲ့ရတာမို့ မြန်မာ့အရေး ဒီထက်ပို လုပ်ဖို့ လိုနေပြီ ဆိုပြီး အတိုက်အခံ နိုင်ငံရေး အသိုင်းအဝန်းက စာတွေ ရေးသား ပေးပို့ခဲ့ကြတာပါ။ အတွင်းရေးမှူးချုပ်ရဲ့ ၂ ရက်ကြာ ခရီးစဉ် အဖြစ် ဒီလဆန်းပိုင်း သွားရောက်တဲ့အချိန်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့၊ အစိုးရနဲ့ အတိုက်အခံကြား ဆွေးနွေးမှုတွေ လုပ်ဖို့နဲ့၊ ရှေ့နှစ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲ တွေဟာ နိုင်ငံတကာက ယုံကြည်လက်ခံနိုင်တဲ့ အခြေအနေတွေဖြစ်ဖို့ စတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ဆွေးနွေးဖို့ ရည်ရွယ် ထားခဲ့တာပါ။ ဒါပေမယ့်လို့ အဓိက အတိုက်အခံ နိုင်ငံရေးပါတီကြီး တခုဖြစ်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်လ်ဒီ) အပါအဝင် နိုင်ငံရေးပါတီတချို့ တိုင်းရင်းသား အဖွဲ့အစည်းတချို့နဲ့ တွေ့ဆုံတာတွေ ရှိခဲ့တဲ့ နေရာမှာ မိနစ် ပိုင်းလောက်သာ တွေ့ဆုံခွင့်ရခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီလို တိုတောင်းတဲ့ အချိန်အတွင်း နိုင်ငံရေး ပြဿနာတွေကို အကြေအလည် မဆွေးနွေးနိုင်တာမို့ အန်အယ်လ်ဒီ ပါတီကလည်း အတွင်းရေးမှူးချုပ်ဆီကို စာရေး ပြောဆိုရတာလို့ ပါတီအတွင်းရေးမှူး အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးဝင်းတင် က ပြောပါတယ်။

“အန်အယ်လ်ဒီက ရေးတာကတော့ အထွေထွေ အခြေအနေတွေပဲဗျ။ အထွေထွေ အခြေအနေဆိုတာက အခြေခံဥပဒေ ပြန်လည် ပြင်ဆင်ရေးကိစ္စတို့ပဲ။ ရေးဖို့ဆိုတာကို ကျွန်တော် သဘောတူလိုက်တယ်။ ကျွန်တော် မပြောလိုက်ရဘူး။ ဘန်ကီမွန်းတို့ ကိုယ်တိုင်ကလည်း တိုက်တွန်းသွားတာကိုး။ တိုက်တွန်းသွားတာက စာနဲ့ရေးပြီး ပေးနိုင်ပါတယ်ဆိုတဲ့အတွက် စာရေးတာပဲဗျ။ ရေးတာဆိုတာကို ရေးဖို့ သဘောတူတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အထွေထွေ နိုင်ငံရေး အခြေအနေတွေ ကို အခြေခံရေးမယ်။ အဲဒါပဲဗျ။ ”

ဒီလိုပဲ အတွင်းရေးမှူးချုပ်ဆီကို တိုက်တွန်းစာရေးသား ပေးပို့ပြီး နိုင်ငံရေး အမြင်သဘောထားတွေကို ပြောဆိုဖို့ ရှိနေတာ ကတော့ မြန်မာနိုင်ငံက နိုင်ငံရေး အင်အားစုတခုဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPP) ပါ။ စစ်အစိုးရက ကမကထလုပ် ကျင်းပဖို့ ရှိနေတဲ့ ရှေ့နှစ် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲတွေကို အာရုံစိုက် ပြောဆိုနေတာဟာ အခြေခံနိုင်ငံရေး ပြဿနာတွေကို ပြေလည်စေရေး ဦးမတည်နိုင်တဲ့အကြောင်း အတွင်းရေးမှူးချုပ်ကို ပြောဆိုဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။ CRPP အဖွဲ့ဝင် တဦးဖြစ်တဲ့ ဦးအေးသာအောင် ကတော့

“အခုလို နိုင်ငံရေး အကျပ်အတည်း ဖြစ်နေတဲ့ ကိစ္စကို ဖြေရှင်းဖို့ ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲ ကိစ္စကို ဇောင်းပေးပြီး ပြောနေမယ့်အစား ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို အန်ကယ်တို့က အဓိကထားပြီး ပြောနေမယ်။ အခု ဖြစ်နေတာက ၂၀၁၀ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ အလေးပေး ပြောနေတဲ့အပေါ် ပြည်တွင်းမှာ ရှိတဲ့ ပြည်သူတွေ အပါအင် တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ တိုင်းရင်းသား နိုင်ငံရေး ပါတီကို အဓိက ပြောချင်တာက ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဖို့။ ဘာကြောင့်လဲဆိုရင် ဒါကိုမပြင်ဘဲ ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ အထူးသဖြင့် ၂၀၁၀ရွေးကောက်ပွဲ တခုတည်းနဲ့ မြန်မာနိုင်ငံရေး ပြဿနာ ကို ဖြေရှင်းဖို့ အဖြေမဟုတ်ဘူးဆိုတာကို အဓိကထား ပြောချင်တာပါ။”

တိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင် တဦးဖြစ်တဲ့ ဦးအေးသာအောင် ဖြစ်ပါတယ်။ အလားတူ ပြည်ပမှာ အခြေစိုက်ထားတဲ့ အဝေးရောက် ညွန့်ပေါင်းအစိုးရ (NCGUB)၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီ (NCUB)၊ တိုင်းရင်းသား လူမျိုး များကောင်စီ (ENC)၊ အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) စတာတွေ အပါအဝင် နိုင်ငံရေးအဖွဲ့အစည်း (၇) ဖွဲ့ကလည်း ပူးပေါင်းပြီး အိတ်ဖွင့်ပေးစာတစောင် ဒီကနေ့ပဲ အတွင်းရေးမှူးချုပ်ဆီကို ရေးသား ပေးပို့လိုက်ကြတာပါ။ နိုင်ငံရေး ပြဿနာ တွေ ကြီးထွားမလာအောင် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာအသိုင်းအဝန်းက ဒီထက်ပို ဆောင်ရွက်ဖို့ တိုက်တွန်းတဲ့ အနေနဲ့ အခုလို စာရေးသား ပေးပို့လိုက်ရတာလို့ NCUB နိုင်ငံခြားရေးရာ တာဝန်ခံဖြစ်တဲ့ ဦးညိုအုန်းမြင့် က ဆိုပါတယ်။

“ဘန်ကီမွန်းရဲ့ ခရီးစဉ်မှာ ဖြစ်ခဲ့ရတဲ့ ပြဿနာတွေ၊ ဘန်ကီမွန်း ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခဲ့ရတဲ့အပြင် အနာဂတ်ရဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အပြည်ပြည်ဆိုင်ရာရော၊ မြန်မာပြည်တွင်းမှာရှိတဲ့ ပြည်သူတွေရော ကျွန်တော်တို့ အသိပေးခြင်းဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ ခရီးစဉ်ကို ထောက်ခံပါတယ်။ ကျွန်တော်တို့ ဗမာပြည်ရဲ့ ပြဿနာကို တရားတဲ့ နည်းလမ်းနဲ့ အနည်းဆုံး ဖြေရှင်းရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီအပေါ်မှာ နအဖအနေနဲ့ အခွင့်ကောင်းယူလာမှာကို စိုးရိမ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ မဖြစ်ချင်တဲ့အတွက် အတက်နိုင်ဆုံး ကုလသမဂ္ဂအနေနဲ့ ထိထိရောက်ရောက် ဆောင်ရွက်ပေးနိုင်ဖို့အတွက်၊ အပြည်ပြည်ဆိုင်ရာမှာ ကျွန်တော်တို့နဲ့ ထောက်ခံထားတဲ့သူတွေရော၊ နအဖကို ထောက်ခံထားတဲ့သူတွေအပေါ်မှာ ကျွန်တော်တို့ အသိပေးခြင်းဖြစ်ပါတယ်။”

အတွင်းရေးမှူးချုပ်ကတော့ တနင်္လာနေ့တုန်းကပဲ သူ့ခရီးစဉ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အစီရင်ခံ ပြောဆိုခဲ့တာပါ။ လုံခြုံရေးကောင်စီမှာ အစီရင်ခံအပြီး သတင်းထောက်တွေကို ပြောတဲ့နေရာမှာလည်း မစ္စတာဘန်ကီမွန်း က သူ့ရဲ့ ခရီးစဉ်အတွင်း ဆွေးနွေးထားသလို တခြားကိစ္စရပ်တွေကိုလည်း အကောင်အထည်ဖော်တာကို မြင်တွေ့လိုတဲ့ အကြောင်း ပြောခဲ့တာပါ။ ဒါ့အပြင် လက်ရှိ အခြေအနေတွေမှာ၊ မြန်မာပြည်သူတွေ မျှော်လင့်နေတာတွေ လိုအပ်နေတာ တွေနဲ့ နိုင်ငံတကာက စိုးရိမ်ပူပန်မှုတွေနဲ့ ပတ်သက်လို့ လျစ်လျူရှုမလား၊ တိုင်းပြည်အကျိုး ရှေ့ရှုပြီး မြန်မာစစ်အစိုးရအနေနဲ့ အကောင်းဆုံး တုံ့ပြန်ဆောင်ရွက် သွားမလား ဆိုတာတွေကိုတော့ ကမ္ဘာက စောင့်ကြည့်နေပါတယ်ဆိုပြီးတော့လည်း စစ်အစိုးရအပေါ် အတွင်းရေးမှူးချုပ်က သတိပေး ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။



XS
SM
MD
LG