သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူး မြန်မာပြည်ခရီး အကျိုးရလဒ် ရှိသလား


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ဟာ မြန်မာပြည်ခရီးစဉ်အတွင်း ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံခွင့် မရခဲ့တဲ့အတွက် အတော်စိတ်ပျက်မိကြောင်း ပြောဆိုခဲ့ပါတယ်။ တကယ်တော့ မစ္စတာဘန်ကီမွန်း မြန်မာပြည်သွားခဲ့တဲ့ အဓိကရည်ရွယ်ချက်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ သွားခဲ့တာ မဟုတ်ဘဲ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို သွားရောက်တွေ့ဆုံပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ဖြစ်နိုင်အောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင် ကြိုးပမ်းလုပ်ဆောင်ဖို့ သွားခြင်းဖြစ်ပါတယ်။

လုံခြုံရေးကောင်စီမှာ တင်ပြတဲ့အခါကြတော့ သူပြောခဲ့တဲ့ အချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က တုံ့ပြန်ပြောဆိုချက်တချို့မှာ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးဖို့ဆိုတာ ဘာမှ ရေရာမှု မရှိသေးတာမို့ မစ္စတာဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးစဉ်က မြန်မာပြည် ဒီမိုကရေစီ ထွန်းကားရေးအတွက် ဘာမှ အကျိုးမရှိဘူးလို့ ယတိပြတ် ပြောဆိုနိုင်ပါသလား။ ဆရာဦးဝင်းတင်ရဲ့ သုံးသပ်ချက်ကို ပထမဦးဆုံး ကြားချင်ပါတယ်။

ဦးဝင်းတင် - ကျနော်ကတော့ အမှန်တိုင်းပြောရရင် ဦးကျော်ဇံသာ ပြောတဲ့အတိုင်း ဒီမိုကရေစီအရေးနဲ့ ပတ်သက်ပြီး ယတိပြတ် ဘာမှ အဖြေမထွက်နိုင်တဲ့ အနေအထား ဖြစ်တယ်ဆိုတာကို ကျနော် သဘောတူတယ်၊ လက်ခံပါတယ်။ ဒါ့အပြင် ကျနော် အမှန်အတိုင်း ပြောရလို့ရှိရင် ဦးကျော်ဇံသာပြောတဲ့ သူ နဂိုသွားတဲ့ အချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်ကိစ္စ မဟုတ်ဘူးဆိုတာကို ကျနော် သိပ်သဘောမတူဘူးဗျ။ ကျနော်ကတော့ ဘယ်လိုထင်သလဲဆိုတော့ သူ မြန်မာပြည်ကို လာတာဟာ အမှန်အတိုင်း ပြောရရင် ဒေါ်အောင်ဆန်းစုကြည် ကိစ္စပဲ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကမ္ဘာကနေ တကမ္ဘာလုံး ဆူပွက်နေပြီ၊ မြန်မာပြည်ကိုသွားပါ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ပါ၊ ဒေါ်အောင်ဆန်းစုကြည် လွတ်အောင် ဆောင်ရွက်ပါဆိုတဲ့ ဒီလှိုင်းလုံးကြီး တွန်းသလို တွန်းခံရလို့ သူ လာရတယ်လို့ ကျနော်က ယူဆတယ်။

နောက်တခု ထူးဆန်းတာတခုက ဒေါ်အောင်ဆန်းစုကြည်ကိစ္စ လာတယ်ဆိုတဲ့နေရာမှာ သူလာတဲ့ကိစ္စ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ကိစ္စကို ဆွေးနွေးတယ်။ မစ္စတာဂမ်ဘာရီနဲ့ ဦးဉာဏ်ဝင်း တွေ့တဲ့အခါမှာ ဦးဉာဏ်ဝင်းတို့က အပြတ်ပြောလိုက်တယ်။ မစ္စတာဂမ်ဘာရီ (Gambari) မလာခင်ကတည်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မပေးနိုင်ဘူးဆိုတာ၊ အဲဒီကြားထဲကနေ မစ္စတာဘန်ကီမွန်း ထပ်လာတယ်။ အဲဒီလိုဆို ဦးကျော်ဇံသာတို့ တွက်သလို တခြားသော ဒီမိုကရေစီ အရေးကိစ္စတွေ ပါတယ်လို့ ပြောမယ်ဆိုလည်း ပြောလို့ရတာပေါ့။

ဦးကျော်ဇံသာ - ကိုအောင်ဒင် ဘယ်လိုမြင်ပါသလဲ။ မစ္စတာဘန်ကီမွန်းရဲ့ ဒီတခေါက် ခရီးစဉ်ဟာ အချည်းနှီးသက်သက်ပဲလား၊ ဘာမှမရခဲ့ဘူးလား။ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ရတဲ့အပြင် တခြား ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် စစ်အစိုးရကို တွန်းအားပေးတာတွေ ဘာတွေရော။

ဦးအောင်ဒင် - ခုန ဆရာဦးဝင်းတင် ပြောတာကို ကျနော် သဘောတူပါတယ်။ ဘန်ကီမွန်း မြန်မာပြည်လာတဲ့ကိစ္စမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဖို့တင်မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ဆိုတာကလည်း သူ့ရဲ့ အဓိက မျှော်လင့်ချက်တခုပါပဲ။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့တဲ့အခါမှာ ဒီ နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုနဲ့ တောင်းဆိုချက်တွေကို မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်း တင်ပြခွင့်ရခဲ့တယ်။ ဒါကတော့ ကောင်းတဲ့အချက်လို့ ကျနော်ယူဆပါတယ်။ တဖက်မှာတော့ သူမျှော်လင့်သလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတဲ့ အခါကြတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဆိုင်ရာ သဘောထားတွေကို နားလည်ခွင့် မရခဲ့ဘူးပေါ့ဗျာ။ အဲဒီလိုပဲ သူ့ရဲ့ စွမ်းဆောင်ချက်တွေကိုလည်း ဒေါ်အောင်ဆန်းစုကြည် နားလည်အောင် သူ ရှင်းပြခွင့် မရခဲ့ဘူး။ ဒါကတော့ အင်မတန်ကြီးမားတဲ့ ဆုံးရှုံးမှုတရပ်ပေါ့။

တခုပဲ ကျနော်တို့ တွက်တာကတော့ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် လာရောက်ဆွေးနွေးပြီးလို့ ရလဒ် တစုံတရာမထွက်တဲ့ နောက်မှာတော့ အထွေထွေ အတွင်းရေးမှူးချုပ်နဲ့ ကျန်တဲ့နိုင်ငံတွေအားလုံး လုံခြုံရေးကောင်စီက မြန်မာနိုင်ငံ ပြဿနာကို ရှောင်လွှဲလို့ မရတော့ဘူး၊ တာဝန်ယူရတော့မယ်ဆိုတဲ့ အနေအထား ရောက်လာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။

ဦးကျော်ဇံသာ - ဒါပေမယ့် လုံခြုံရေးကောင်စီရဲ့ ပြဋ္ဌာန်းချက် ပေါ်လာဖို့ဆိုတာကတော့ မြန်မာစစ်အစိုးရနဲ့ အင်မတန် ရင်းရင်းနှီးနှီး ဆက်ဆံနေတဲ့ နိုင်ငံကြီးတွေက ထော်လော်ကန့်လန့် လုပ်ပြီးတော့ ဗီတိုသုံးနေကြတယ်ဆိုတော့ ဒါဟာ ပိုပြီး မဖြစ်နိုင်ဘူးဆိုတာ ကြိုတင်ပြီး သိသာနိုင်တဲ့ကိစ္စ ဖြစ်နေပါတယ်။ ဆရာဦးဝင်းတင်ရော ဘယ်လောက် မျှော်လင့်ပါသလဲ၊ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍ ဘယ်လောက် ကျန်သေးတယ်လို့ ထင်ပါသလဲ၊ လုံခြုံရေးကောင်စီက ပြဋ္ဌာန်းချက် လုပ်လာနိုင်လိမ့်မယ်လို့ရော မျှော်လင့်ပါသလား။

ဦးဝင်းတင် - လုံခြုံရေးကောင်စီနဲ့ ပတ်သက်ပြီး ပြောရမယ်ဆိုရင် ဗမာ့အရေးဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးဆယ်အတွင်းမှာ တကြိမ်ပဲ လုံခြုံရေးကောင်စီကို ရောက်ခဲ့ဖူးတယ်၊ တရုတ်ဖြူ အရေးတုန်းက။ အဲဒီတုန်းကလည်း အတန်အသင့် ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ကျပါတယ်။ အခု ဒီတကြိမ်မှာလည်း လုံခြုံရေးကောင်စီကို တင်ပါ၊ အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အင်္ဂလိပ်တို့၊ အမေရိကန်တို့ဆီကတော့ အသံတွေထွက်တယ်လို့ ကျနော်တို့ ကြားတယ်၊ ကျနော် သိရသလောက်ပေါ့။

သို့သော် တဖက်ကလည်း အင်္ဂလိပ်၊ အမေရိကန်ရဲ့ အဆိုပြုချက်တွေ ရောက်မလာခင်မှာကို တရုတ်အစိုးရဘက်ကလည်း သူတို့ရဲ့ ဗီတိုကြီးကို လွှတ်မချဘူးဆိုတဲ့ စကားသံတွေကတော့ ထွက်လာပြီ၊ တခုခုဖြစ်လာရင် သူတို့ ဗီတိုနဲ့ ပယ်ဦးမှာပဲဆိုတဲ့ အနေအထားမျိုး ဖြစ်တဲ့အခါကြတော့ ဗမာပြည်ရဲ့ အနေအထား၊ ပြဿနာတွေက တနေ့တခြားသာ ကြီးလာတယ်၊ ပြီးတော့ ကုလသမဂ္ဂရဲ့ အခန်းကဏ္ဍကလည်း တော်တော့်ကို လျော့ကျသွားတဲ့ အနေအထားမှာ ဖြစ်နေတယ်။ အဲတော့ ဖြေရှင်းနိုင်မယ့် နေရာဟာ တကယ်တမ်းပြောရင်တော့ လုံခြုံရေးကောင်စီမှာ ဖြေရှင်းဖို့ တလမ်းပဲ ကျန်တော့တယ်။ အဲဒီလမ်းကလည်း အခုအတိုင်းဆိုရင်တော့ အားပြိုင်နေကြပြီလို့ ကျနော်တော့ ယူဆပါတယ်။

ဦးကျော်ဇံသာ - အဲဒီလို အားပြိုင်မှု ရှိနေတော့ လုံခြုံရေးကောင်စီက ဘာတတ်နိုင်မလဲ၊ တကယ်လို့ လုံခြုံရေးကောင်စီလည်း မတတ်နိုင်ဘူးဆိုရင် နိုင်ငံတကာ အသိုင်းအဝိုင်း တခုလုံး လုံခြုံရေးကောင်စီ မဟုတ်ဘဲ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ၊ သူတို့ရဲ့ လုပ်နိုင်ကိုင်နိုင်တဲ့ အတိုင်းအတာရော ဘယ်လောက်ကျန်သေးလဲ။ ကိုအောင်ဒင် သုံးသပ်ကြည့်ပါဦး။

ဦးအောင်ဒင် - လုံခြုံရေးကောင်စီမှာ အထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အခန်းကဏ္ဍက အင်မတန် အရေးကြီးပါတယ်။ အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်တိုင်က မြန်မာ့နိုင်ငံရေး ပြဿနာဟာ သူကိုယ်တိုင် ဝင်ရောက်ဖြေရှင်းလို့ ဘယ်လိုမှ အောင်မြင်မှု မရတော့ဘူး၊ သူ့ရဲ့အခန်းကဏ္ဍက ပြီးဆုံးသွားပြီ၊ သို့မဟုတ်လည်း သူ့ရဲ့ mandate က အားနည်းတယ်၊ ဒါကြောင့် သူ့ရဲ့ mandate ကို ပိုပြီးအားကောင်းလာအောင် လုံခြုံရေးကောင်စီက binding resolution မဖြစ်မနေ လိုက်နာရမယ့် ဆုံးဖြတ်ချက်မျိုးနဲ့ ပံ့ပိုးကူညီဖို့ တောင်းဆိုတာမျိုး လုပ်လာမယ်ဆိုရင် တရုတ်နဲ့ ရုရှားအနေနဲ့လည်း အကျပ်အတည်း ရှိနိုင်ပါတယ်။

သူတို့အနေနဲ့ အမေရိကန်နဲ့ အင်္ဂလန်ကိုသာ အနောက်အင်အားကြီး နိုင်ငံများရဲ့ ဝါဒဖြန့်ချိမှု တရပ်အနေနဲ့ သူက မြန်မာနိုင်ငံအရေးကိစ္စ တင်တာကို ကန့်ကွက်ပေမယ့် အထွေထွေ အတွင်းရေးမှူးချုပ် ကိုယ်၌ကိုက သူကိုယ်တိုင် မစွမ်းဆောင်နိုင်တော့လို့ သူ့ကို ထပ်ပြီး ပံ့ပိုးကူညီကြပါလို့ လုံခြုံရေးကောင်စီကို မေတ္တာရပ်ခံမယ်ဆိုရင် တရုတ်နဲ့ ရုရှားမှာ အင်မတန်မှ အကျပ်အတည်း ဖြစ်စရာအကြောင်း ရှိပါတယ်။

သို့သော်လည်း မစ္စတာဘန်ကီမွန်းအနေနဲ့ အထွေထွေ အတွင်းရေးမှူးချုပ်သက်တမ်း ၂ နှစ်ခွဲထဲ ရောက်လာပြီ၊ နောက်တကြိမ် ၅ နှစ်သက်တမ်းအတွက် ထပ်ပြီး တာဝန်ထမ်းဆောင်ချင်တဲ့ အခါကြတော့ အင်အားကြီးနိုင်ငံများကို မျက်နှာချိုသွေးနေရတဲ့ အပိုင်းမှာလည်း ရှိတာပေါ့ဗျာ။ တရုတ်စိတ်ဆိုး မခံနိုင်၊ ရုရှားစိတ်ဆိုး မခံနိုင်တဲ့ အနေအထားမှာလည်း ရှိနေတာပေါ့။

ဦးကျော်ဇံသာ - အဲတော့ နိုင်ငံတကာ အသိုင်းအဝိုင်း၊ လုံခြုံရေးကောင်စီက တနည်းနည်းနဲ့ ပြောလာနိုင်တယ်၊ Binding Resolution ဆိုပါတော့ Binding ဖြစ်တယ် မဖြစ်ဘူးဆိုတာထက် တခုခု ထုတ်ဖော်ပြီး ပြောလာတယ် ဆိုရင်တောင်မှ မြန်မာနိုင်ငံ စစ်အစိုးရဘက်ကရော အဲဒါကို တိမ်းညွတ် လက်ခံပါ့မလား။ ဒါလည်း စဉ်းစားစရာ ရှိနေပါတယ်။ အခု မြောက်ကိုရီးယားကို ဘယ်လောက်ပြောပြော သူတို့ တင်းခံနေတာတွေ ရှိပါတယ်။ အီရန် တင်းခံနေတယ်၊ အီရတ် တချိန်တုန်းက တင်းခံခဲ့တယ်။ အဲဒါမျိုး မြန်မာစစ်အစိုးရဘက်ကရော တင်းမခံနိုင်ဘူးလား ဆိုတာလည်း စဉ်းစားစရာ ရှိပါတယ်။

ဦးအောင်ဒင် - ကျနော်တို့ကတော့ အားလုံး ပျော်ရွှင်ကြစေသတည်းဆိုတဲ့ ဇာတ်သိမ်းမျိုးတော့ မမျှော်လင့်ပါဘူး၊ လက်ရှိ အနေအထားကို။ NLD ကိုယ်၌ကလည်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို အများလက်ခံနိုင်လောက်အောင် ပြန်လည်ပြင်ဆင်မယ်ဆိုရင်၊ ရွေးကောက်ပွဲကိုလည်း သမာသမတ်ကျအောင် လုပ်မယ်ဆိုရင် ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ သဘောထားမျိုးတောင် ရှိပါတယ်။ အရင်ကလိုမျိုး ၉၀ ရလဒ်ကို မလွဲမသွေ အကောင်အထည် ဖော်ရမယ်ဆိုတဲ့ သဘောထားမျိုးလည်း မရှိပါဘူး။ ဆိုတော့ ကျနော်တို့ မျှော်လင့်တာကလည်း နှစ်ဖက် ရှဉ့်လည်းလျှောက်သာ၊ ပျားလည်းစွဲသာ၊ ကြားမှာ ပြည်သူတွေ မနာရမယ့် နည်းလမ်းမျိုးကိုပဲ ကျနော်တို့ကလည်း မျှော်လင့်တာပါပဲ။

ဦးကျော်ဇံသာ - ဆရာဦးဝင်းတင်၊ ခုန ကိုအောင်ဒင် ပြောသွားတဲ့အထဲမှာ NLD ရဲ့ သဘောထား ပြောသွားပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့။ အများပါဝင်နိုင်မယ့် ရွေးကောက်ပွဲ၊ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးမယ်၊ ဖွဲ့စည်းပုံ ပြင်မယ်ဆိုရင် ၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ကိုတောင် စွဲကိုင်မထားတော့ဘဲ ပါဝင်ချင်တဲ့သဘော ရှိပါတယ်ဆိုတာ ဟုတ်ပါသလား။

ဦးဝင်းတင် - ကိုအောင်ဒင် ပြောသလောက်တော့လည်း မဟုတ်ဘူးလို့ ကျနော်ကတော့ ယူဆပါတယ်။ ဘာလဲဆိုတော့ နှစ်ပိုင်းပေါ့ဗျာ၊ တပိုင်းကတော့ ကျနော်တို့ရဲ့ ရွှေဂုံတိုင် ကြေညာစာတမ်းကို ပြန်ကြည့်ရင် ဒီစစ်အစိုးရကို မျက်နှာချို သွေးနေတာလည်း မဟုတ်ဘူး၊ ခြေသလုံး ဖက်နေတာလည်း မဟုတ်ဘူး။ ကျနော်တို့ စစ်အစိုးရကို ပြောနေတာ ပုံမှန်ပဲ။ ဥပမာ ၉၀ ရွေးကောက်ပွဲရလဒ်ကို ကျနော်တို့က ဘယ်လိုပြောသလဲဆိုတော့ ကျနော်တို့ မစွန့်ပစ်ဘူးဗျ။ ကျနော်တို့ အောက်ကို Drop လုပ်ပြီးတော့ ကြမ်းပေါ် ပစ်ချတာ မဟုတ်ဘူး၊ မြောင်းထဲ ပစ်ချလိုက်တာ မဟုတ်ဘူး။ ကျနော်တို့ပြောနေတာက ဒါကို တနည်းနည်းနဲ့ ဖြေရှင်းပေးပါ။ အဲဒါ ဒေါ်စုရဲ့ စကားလုံးဗျ။ တနည်းနည်းနဲ့ ဖြေရှင်းပါ။

အဲတော့ ၉၀ ရွေးကောက်ပွဲကို ကျနော်တို့ရဲ့ တောင်းဆိုချက်က ဘယ်လိုဖြစ်လဲဆိုရင် ၉၀ ရွေးကောက်ပွဲအရ လွှတ်တော်ကြီးခေါ်ပေး၊ အခြေခံဥပဒေ ငါတို့ ပြန်ဆွဲမယ်ကွဆိုတဲ့ တောင်းဆိုတဲ့ပုံစံမျိုး၊ တောင်းဆိုတဲ့ နိုင်ငံရေးပုံသဏ္ဌာန်အစား ၉၀ ရွေးကောက်ပွဲဟာ ပြည်သူက ပေးလိုက်တဲ့ mandate ဖြစ်တယ်၊ ပြည်သူကပေးလိုက်တဲ့ သဘောထားဆန္ဒ၊ အခွင့်အာဏာတွေ ဖြစ်တဲ့အတွက် ဒါကို တနည်းနည်းနဲ့၊ နိုင်ငံရေးသိက္ခာရှိရှိနဲ့ ဖြေရှင်းပါ၊ အဖြေထုတ်ပါလို့၊ အဲဒါ ဘယ်လိုဖော်ထုတ်မယ်ဆိုတဲ့ အသေးစိတ်တွေကတော့ ထားပါတော့ဗျာ၊ မပြောတော့ပါဘူး၊ ဒါကတခု။

နောက်တခုက ကျနော်တို့ ဒီဘက်က တောင်းဆိုတဲ့ နိုင်ငံရေးကနေ ကမ်းလှမ်းတဲ့ နိုင်ငံရေးဘက် ရွေ့လာတယ်။ တောင်းဆိုတဲ့ နိုင်ငံရေး၊ လွှတ်တော်ဖော်ပေးဆိုတဲ့ ဟာမျိုးကနေပြီးတော့ တွေ့ဆုံဆွေးနွေးကြမယ်ဆိုတဲ့ ကမ်းလှမ်းတဲ့ နိုင်ငံရေးကို ရောက်လာတယ်။ ကျနော်တို့ပြောနေတာ တခုပဲရှိတယ်၊ ခင်ဗျားတို့ ဒါတွေ ဒါတွေ လုပ်ပေးပါ၊ ဒီအခြေခံဥပဒေကို ပြင်ပေးပါ။ ဒါတွေလုပ်ပေးမယ်ဆိုရင် ကျနော်တို့ ရွေးကောက်ပွဲ ဝင်လိုတဲ့ သဘောထား ရှိတယ်ဆိုတာ အပျော့ပြောင်းဆုံး၊ အယဉ်ကျေးဆုံး၊ အလိုက်လျောဆုံး၊ အသိမ်မွေ့ဆုံးနဲ့ အကြည်သာဆုံး စကားကို ပြောလိုက်တာပဲဗျ။ နားဝင်ချိုအောင် ပြောလိုက်တာ၊ ဒါပါပဲ။ အဲဒါက NLD ရဲ့ အနေအထားပါပဲ။

ဦးကျော်ဇံသာ - ဟုတ်ကဲ့၊ အဲဒါက ဘေးထွက်မေးတာပါ။ အဓိက ဆွေးနွေးနေတဲ့ဟာနဲ့ ပတ်သက်ပြီး နောက်ဆုံး ဆရာ့သဘောထားတခု မေးစရာရှိတာက လုံခြုံရေးကောင်စီဟာ အားထားစရာအဖြစ် ကျန်သေးတယ်ဆိုတာ လုံခြုံရေးကောင်စီက တစုံတခု ပြောလာဦးတော့၊ မြန်မာနိုင်ငံ စစ်အစိုးရ အခု ပေါင်းသင်းနေတာက နိုင်ငံတကာ အဆုံးအဖြတ်ကို ဂရုမစိုက်တဲ့ မြောက်ကိုရီးယားတို့၊ အီရန်တို့လို နိုင်ငံမျိုးတွေ ဖြစ်နေတယ်။ ဆိုတော့ အဲဒီက ပေါက်သွားပြီး နိုင်ငံတကာက ဘာပဲပြောလာ ပြောလာ တောင့်ခံမယ်ဆိုတဲ့ သဘောထားမျိုးရော ဖြစ်မသွားနိုင်ဘူးလား။

ဦးဝင်းတင် - ဖြစ်တယ်၊ အဲဒါက အရေးကြီးဆုံးပဲဗျ။ နှစ်ခုရှိတယ်၊ နှစ်ပိုင်း ပိုင်းစဉ်းစားရမယ်။ ဘယ်လိုလဲဆိုတော့ လုံခြုံရေးကောင်စီမှာ ဗမာ့ပြဿနာ တက်လာမယ်ဆိုရင် ဗမာအစိုးရကို အခုလိုပဲ တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါ၊ ရွေးကောက်ပွဲ အများလက်ခံနိုင်တဲ့ ပုံစံမျိုး လုပ်ပါ၊ အကျဉ်းသားတွေကို လွှတ်ပေးပါ ဆိုတာမျိုး။ ဒီလိုပုံစံနဲ့တော့ မရဘူးဗျ။ စစ်အစိုးရရဲ့ ခေါင်းထဲမှာ ငါတို့မှာ အန္တရာယ်ရှိပါလားဆိုတဲ့ အသိ ဝင်သွားအောင်တော့ တင်းမာတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုမယ်၊
နောက်တခုက ကုလသမဂ္ဂအနေနဲ့ ပိတ်နိုင်တာ International Arms Embargoes လိုဟာမျိုး၊ နိုင်ငံတကာ လက်နက်ရောင်းဝယ်ရေး ပိတ်ဆို့နိုင်တဲ့ အနေအထားမျိုး လုပ်နိုင်တဲ့ အနေအထားရှိတယ်။ အဲဒီလို တင်းမာတဲ့ ဆုံးဖြတ်ချက်တွေ ချဖို့လိုမယ်လို့၊ ရိုးရိုးသာမန် ကြက်မွေးလေးနဲ့ သပ်နေတာမျိုး မဟုတ်ဘဲနဲ့ တံတောင်နဲ့ ထောင်းတဲ့ဟာလောက်တော့ ဖြစ်သင့်တယ်၊ ဆုံးဖြတ်ချက်မျိုး ဖြစ်သင့်တယ်လို့တော့ ပြောချင်တယ်။ ဒါက တချက်။

သို့သော် လုံခြုံရေးကောင်စီက ဒီလိုပြောမယ်ဆိုရင်ရော လိုက်နာပါ့မလား၊ ဘာဖြစ်လို့လဲဆိုတော့ ဗမာအစိုးရက လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးဆယ်ကတည်းက ဒီသဘာထားမျိုး စစ်တပ်က ကိုင်စွဲခဲ့တာ။ ဦးနေဝင်းဆိုရင် ဘယ်တော့မှ ကမ္ဘာကနေပြီး ဒီလို ဆုံးဖြတ်ချက်တွေ လာချတာတို့၊ ကမ္ဘာကဝင်ပြီး တောင်းပန်တာတို့၊ တောင်းဆိုတာတို့ဆိုတာမျိုး ဘယ်တော့မှ လက်မခံဘူးဗျ။ အဲတော့ ဦးနေဝင်းရဲ့ သွေးတွေကလည်း သူတို့ထဲမှာ စီးဝင်တုန်းပါပဲ။ တပ်ကလည်း ဒီတပ်ပါပဲ။ အဲဒါကြောင့် သူတို့ကတော့ ခေါင်းမာမှာပဲ။ ကျနော်ထင်တယ်၊ အဆုံးစွန်ပြောရရင် သူတို့ရဲ့စိတ်ကူး အိပ်မက်ထဲမှာ သူတို့ကိုယ်သူတို့က အီရန်ပုံစံမျိုးနဲ့ အိပ်မက် မက်ရင်လည်း မက်နေလိမ့်မယ်၊ မြောက်ကိုရီးယား ပုံသဏ္ဌာန်နဲ့ အိပ်မက် မက်ရင်လည်း မက်နေလိမ့်မယ်၊ အဲတော့ အဲဒီလိုလူမျိုးတွေကို လုပ်ဖို့ ကိုင်ဖို့ ဆိုတာကတော့ ကျနော်ထင်တယ်၊ နည်းနည်း အချိန်ကြာမယ်။

သို့သော် ဘာပဲပြောပြော ကမ္ဘာကြီးတခုလုံးက အီရန်ကိစ္စကို ပစ်မထားနိုင်ဘူး၊ အီရန်ကိစ္စကို အရေးတယူ ဆောင်ရွက် လုပ်ကိုင်ရတော့မယ်၊ အဲဒီကနေ ကျနော်တို့ နည်းလမ်းတွေရမယ်။ နောက်တခါ မြောက်ကိုရီးယားကိုလည်း ဘာပဲပြောပြော ကိုင်တွယ်ရတော့မယ်၊ တင်းကျပ်ရတော့မယ်၊ ဖိဖိစီးစီး လုပ်ရတော့မယ်။ အဲဒီလုပ်ရပ်တွေ လုပ်နည်းလုပ်ဟန်တွေဟာလည်း ကျနော်တို့ ဗမာပြည်ပြဿနာကို ဖြေရှင်းတဲ့နေရာမှာ နည်းလမ်းတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် ယူဆပါတယ်။ ကျနော်တို့ကတော့ အနှစ် ၂၀ ခံပြီးပြီ၊ ဗမာပြည်သူလူထုအနေနဲ့။ နောက်ထပ် အနှစ် ၂၀ ထပ်ခံဖို့လည်း ဝန်မလေးဘူး။ စိတ်ဓာတ်ကတော့ရှိတယ်၊ အဲဒါကိုလည်း ကမ္ဘာကို သိစေချင်ပါတယ်လို့ ပြောချင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG