သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်နှင့် ဆွေးနွေးရေးအလားအလာ အမေရိကန် အမြဲဖွင့်ထားမည် မဟုတ်


အမေရိကန်ပြည်ထောင်စုအနေနဲ့ အီရန်နိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင့်သင့်ရှိနေတယ်၊ ဒါပေမဲ့ ဒီအခွင့်အလမ်းကို အချိန်အတိုင်းအဆမရှိ ဖွင့်ထားမှာ မဟုတ်ဘူးလို့တော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရင် ကလင်တန်က ပြောသွားပါတယ်။

ဝါရှင်တန်ဒီစီက နိုင်ငံခြားဆက်ဆံရေးကောင်စီမှာ ပြောသွားတဲ့ အမေရိကန် နိုင်ငံခြားရေး မူဝါဒဆိုင်ရာမိန့်ခွန်းမှာ ပြောသွားတာဖြစ်ပြီး၊ အီရန်အနေနဲ့ လုပ်ဆောင်စရာ လုပ်ရမယ့်အချိန်ဟာ အခု ကျရောက်နေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အီရန်ရွေးကောက်ပွဲကို အမေရိကန်ပြည်ထောင်စုအနေနဲ့ အတော့်ကို တလေးတစား စောင့်ကြည့်နေခဲ့တယ်၊ ဒါပေမဲ့ ရွေးကောက်ပွဲ ရလဒ်အပေါ် မကျေနပ်တဲ့ ဆန္ဒပြမှုအပေါ် အီရန်အစိုးရက အကြမ်းဖက် နှိမ်နင်းတာကြောင့် စိတ်ပျက် တုန်လှုပ်ရတယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။ အီရန်အစိုးရဟာ နိုင်ငံခြားသားတွေကို ဖမ်းဆီးတာတွေ သတင်းထောက်တွေကို နှင်ထုတ်တာတွေနဲ့ နည်းပညာအသုံးပြုမှု ဖြတ်တောက်တာတွေ လုပ်ခဲ့တာကို ဖုံးကွယ်ဖို့လည်း ကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။ ဒီအပြုအမှုတွေဟာ ဆိုးဝါးပြီး လက်ခံနိုင်စရာ မရှိဘူးလို့လည်း ပြောပါတယ်။ ဒီလုပ်ရပ်တွေကြောင့် နိုင်ငံတကာက အီရန်အပေါ် ထားတဲ့ အမြင်တွေလည်း ပြောင်းသွားတယ်လို့ ဆိုပါတယ်။

အရင်ကာလတုန်းက အီရန်နဲ့ စကားပြောဖို့ အမေရိကန်ဖက်က ငြင်းပယ်ခဲ့တာကိုလည်း ဝေဖန်သွားပါတယ်။ အီရန် နျူကလီးယား လက်နက်အစီအစဉ် တားဆီးရေး၊ အကြမ်းဖက်အုပ်စုတွေကို ထောက်ပံ့နေတာတွေ တားဆီးရေးနဲ့ အီရန် ပြည်သူတွေအပေါ် အစိုးရရဲ့ ဆက်ဆံမှု ကောင်းမွန်လာဖို့အတွက် အမေရိကန်ကြိုးပမ်းချက်တွေဟာ ဒီနည်းဟောင်းကြောင့် မအောင်မြင်ခဲ့ဘူးလို့ နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က သုံးသပ်ပါတယ်။ အီရန်အနေနဲ့ သူ့အိမ်နီးချင်းနိုင်ငံတွေကို ခြိမ်းခြောက်နေတာနဲ့ အကြမ်းဖက်မှုကို ထောက်ပံ့ကူညီနေတာတွေ ရပ်မယ်ဆိုရင် အီရန်ဟာ ဒေသတွင်း အပြုသဘော ဆောင်တဲ့ နိုင်ငံတခု ဖြစ်လာနိုင်ပါတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးကလင်တန်က ပြောသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG