သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာ ဝက်တုပ်ကွေး ၄ ယောက်မြောက် တွေ့ရှိ


မြန်မာနိုင်ငံမှာ A-H1N1 ဗိုင်းရပ်စ် အမျိုးအစား ဝက်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ နောက်တဦး ထပ်မံ တွေ့ရှိရကြောင်း မြန်မာစစ်အစိုးရက ဒီကနေ့ အတည်ပြု ကြေညာခဲ့ပါတယ်။ ဒါဟာဆိုရင် မြန်မာနိုင်ငံမှာ လေးယောက်မြောက် ဝက်တုပ်ကွေး ရောဂါကူးစက်ခံရမှု ဖြစ်ပါတယ်။ စုံစမ်းထားတဲ့ မခင်ဖြူထွေးက အပြည့်အစုံ တင်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ A-H1N1 ဗိုင်းရပ်စ် အမျိုးအစား ဝက်တုပ်ကွေး ရောဂါ ကူးစက်ခံရသူ နောက်ထပ်တဦး တွေ့ရတဲ့အကြောင်း မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကလည်း အခုလို အတည်ပြုပြောခဲ့ပါတယ်။

“လေးယောက်မြောက်ပါ တွေ့တာ။ အကုန်လုံး ကျန်းမာပါတယ်။ ကျနော်တို့က သတ်မှတ်ထားတဲ့ရက် သူ့ကို စောင့်ကြည့် ရက်က မပြည့်သေးလို့ ပေးမဆင်းတာပဲ ရှိပါတယ်။ အခု ဝေဘာဂီ ဆေးရုံမှာ ထားပါတယ်။ သူနဲ့ပတ်သက်တဲ့ မိသားစု တွေမှာလည်း ထူးထူးထွေထွေ မရှိပါဘူး။”

ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းတဦး ပြောကြားခဲ့တာပါ။

အခုရောဂါ ကူးစက်ခံရသူဟာ အသက် ၂၂ နှစ်အရွယ် အမျိုးသမီး တဦးဖြစ်ပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ပြန်လာသူ လို့ ဆိုပါတယ်။ သူဟာ တတိယမြောက် ရောဂါ ကူးစက်ခံရသူနဲ့ လေယာဉ်တစီးထဲမှာ လိုက်ပါခဲ့သူလည်း ဖြစ်ပါတယ်။ ဇူလိုင်လ ၁၂ ရက်နေ့က ထိုင်းလေကြောင်းလိုင်း TG-305 နဲ့ မြန်မာနိုင်ငံကို ပြန်လာသူ အမျိုးသားတဦးမှာ A-H1N1 ဗိုင်းရပ်စ်အမျိုးအစား ဝက်တုပ်ကွေးရောဂါ တွေ့ရှိခဲ့ရသလို ထိုင်းလေကြောင်းလိုင်းနဲ့ ပြန်လာသူတွေကို လိုက်လံစစ်ဆေးမှု တွေ လုပ်တုန်း အခုလို ဒီအမျိုးသမီးမှာ A-H1N1 ရောဂါပိုး ကူးစက်ခံနေရတာကို တွေ့ခဲ့ရတဲ့အကြောင်း မြန်မာစစ်အစိုးရပိုင် မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။ တတိယမြောက် ဝက်တုပ်ကွေးရောဂါ ကူးစက်ခံရသူကတော့ အသက် ၅၂ နှစ်အရွယ် အမျိုးသားတယောက် ဖြစ်ပါတယ်။ သူလည်း အခု ဝေဘာဂီ ဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေတဲ့အကြောင်း နဲ့ မိသားစုဝင်တွေကိုတော့ အိမ်အပြင်ပေးမထွက်ဘဲ ကြည့်ရှုစောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ ရောဂါကူးစက်ခံရသူ နေထိုင်ရာ သင်္ကန်းကျွန်းမြို့နယ်က ရပ်ကွက်အာဏာပိုင်တဦးက ဗွီအိုအေက ပြောပြခဲ့ပါတယ်။

“ဝေဘာဂီ ဆေးရုံ ပို့ထားတယ်။ အဲဒီ မိသားစုအားလုံး ၉ ယောက်ကိုတော့ အိမ်ထဲမှာ ကျနော်တို့ ရယက အဖွဲ့အစည်းတွေနဲ့ ဆိုင်ရာ အဖွဲ့အစည်းတွေက စောင့်ရှောက်ပေးထားပါတယ်။ မိသားစုအားလုံးကို အိမ်ထဲကအိမ်ပြင် အထွက်မခံဘူးပေါ့လေ။ သူတို့လိုအပ်တဲ့ ဝန်ဆောင်ကိစ္စအားလုံးကို ကျနော်တို့ အဖွဲ့အစည်းတွေက တာဝန်ယူထားပါတယ်။”

အခု ရောဂါ ဖြစ်ပွားသူနဲ့ပါဆိုရင် မြန်မာနိုင်ငံမှာ ဝက်တုပ်ကွေးရောဂါ ကူးစက်ခံရသူ လေး ဦး ရှိသွားပါပြီ။ ပထမဆုံး ဖြစ်ပွားမှုကိုတော့ ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့က စင်ကာပူနိုင်ငံက ပြန်လာတဲ့ ၁၃ နှစ်အရွယ် မိန်းခလေးတယောက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အခု ရောဂါ ကူးစက်ခံရသူ ရဲ့ မိသားစုဝင်တွေကို အနီးကပ် စောင့်ကြည့်မှုတွေ ရှိသလို လောလောဆယ်တော့ တစုံတရာ ထူးခြားတဲ့အခြေအနေ မရှိဘူးလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ဝန်ထမ်းက ပြောပြခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလက မက္ကဆီကိုနိုင်ငံမှာ ပထမဆုံး အကြိမ် တွေ့ရှိခဲ့ရတဲ့ ဒီ ရောဂါဟာ အခုအခါမှာ ကမ္ဘာ့ ကပ်ရောဂါအဆင့်ကို ရောက်လာခဲ့တာပါ။ ဒီရောဂါနဲ့ပတ်သက်လို့ အရေးကြီးတာကတော့ ဒီ ရောဂါပိုးကို ရှာဖွေနေရုံတင် မပြီးဘဲနဲ့ တွေ့ထားတဲ့ ရောဂါပိုးတွေကို မပြတ် ထောက်လှမ်းပြီး အသွင်ကူးပြောင်းမှု ရှိမရှိ၊ ဆေးနဲ့ ယဉ်ပါးလာမှု ရှိမရှိ စောင့်ကြည့်သွားဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု တင်နက်ဆီ ပြည်နယ် လူထုကျန်းမာရေးဌာနက ဒေါက်တာမင်းမင်းစိုးက ပြောပါတယ်။

“ပထမဆုံး အဆင့်အနေနဲ့ Monitoring Surveillance ကို သေသေချာချာလုပ်ဖို့ လိုတယ်လေ။ သာမန် အပူချိန် တိုင်းနေရုံ လောက်နဲ့တော့ မပြီးဘူး။ နိုင်ငံ ဒေသအလိုက် ဗိုင်းရပ်စ်တခုရဲ့ ပြောင်းလဲမှုတွေက တူချင်မှတူတာဆိုတော့ သက်ဆိုင်ရာ နိုင်ငံတွေမှာလည်း ဗိုင်းရပ်စ်ပိုးတွေ ဘယ်လောက် Mutate ဖြစ်နေလဲ၊ Drug Persistance ဘယ်လောက်ဖြစ်နေလဲ၊ ဆေးတွေကို ဘယ်လောက်ယဉ်ပါးနေလဲ၊ ဒါတွေကို အမြဲ Monitor လုပ်ဖို့ လိုပါတယ်။

“ဘယ်လိုလူတွေမှာ ရောဂါ ပိုပြီး ဆိုးဆိုးရွားရွား ပိုဖြစ်လာလဲ၊ ဒါတွေလည်း စောင့်ကြည့်ဖို့လိုတယ်။ အဲဒါတွေ စောင့်ကြည့်ပြီး တော့မှ Information Facts ကို အခြေခံပြီးမှ ပြည်သူကို တိတိကျကျ ထုတ်ပြန်ဖို့ လိုတယ်။ အကယ်၍ သတင်းက မှန်မှန် မထုတ်နိုင်ဘူး၊ သေသေချာချာ ပြည့်ပြည့်စုံစုံ မထုတ်နိုင်ဘူးဆိုရင် ပြည်သူက သို့လော သို့လော ဖြစ်ပြီးတော့ မကြောက်တဲ့ လူရော၊ အကြောက်လွန်တာရော အကုန်ရှုပ်ကုန်မှာပေါ့။”

ဒေါက်တာမင်းမင်းစိုးက ပြော့ပြခဲ့တာပါ။

မြန်မာနိုင်ငံမှာ A-H1N1 ဗိုင်းရပ်စ် အမျိုးအစား ဝက်တုပ်ကွေး ရောဂါ ဖြစ်ပွားသူ နောက်တဦး ထပ်မံ တွေ့ရှိရကြောင်း မြန်မာ စစ်အစိုးရက ဒီကနေ့ အတည်ပြု ကြေညာခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG