သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမှုအတွက်ပြင်ဆင်ဖို့ ဒေါ်စုနဲ့ အကျိုးဆောင်ရှေ့နေတွေ တွေ့ခွင့်ရ


ရန်ကုန်အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး တားဆီးမိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆို ခံနေရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရဲ့ အကျိုးဆောင်ရှေ့နေတွေဟာ ဒီကနေ့ နေ့လယ်ပိုင်းက အင်းစိန်ထောင်တွင်း ဧည့်ရိပ်သာဆောင်တခုမှာ ၂ နာရီကြာ တွေ့ခွင့်ရခဲ့ပါတယ်။ အဲဒီလို တွေ့ခွင့်ရတဲ့ အချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေး တိုင်ပင်ညှိနှိုင်းခဲ့တာတွေနဲ့ ပတ်သက်လို့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်း က ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“အဓိကအားဖြင့်တော့ ကျနော်တို့ final argument ပါပဲ။ final argument ရဲ့ second draft ကို ကျနော်တို့ ဝိုင်းပြီးတော့ ဆွေးနွေးပြီးတော့ ပြင်ကြတာပါ။ ဒီလိုပြောရင်းနဲ့ ကျနော်တို့ သတင်းစာရှင်းလင်းပွဲ လုပ်သွားတဲ့ကိစ္စတွေကိုလည်း သူ ပြောပါ တယ်။ သတင်းစာရှင်းလင်းပွဲ လုပ်သွားတဲ့ဆီမှာ သူက သူ့အနေနဲ့ ပူးပေါင်းကူညီမှု မရှိဘူးလို့ ပြောထားတာ လုံး၀ မတရား ဘူး။ ဘာကြောင့်လဲဆိုတော့ ဘယ်တုန်းကမှ ပူးပေါင်းကူညီဖို့လည်း မပြောဘူး။ သတင်းလည်း မမေးဘူး။ ဘာတခုမှ မမေးဘဲ ဒီလိုပြောတာက မတရားဘူး။ နောက် အခုဖြစ်နေတဲ့ကိစ္စမှာ လုံခြုံရေး ကျိုးဖောက်လို့ ဖြစ်ရတာ။ လုံခြုံရေးနဲ့ ပတ်သက်လို့ တစုံတရာ ဘာမှမဆောင်ရွက်ဘဲနဲ့ သူ့အပေါ်မှာသာ ဒီလို စွဲဆိုတာဟာ မှန်ကန်မှုမရှိဘူး။ ဒါပေမယ့် သူ ဒီလို ပြောတာဟာ လုံခြုံရေးသမားတွေကို ထိခိုက်စေဖို့ပြောတာ မဟုတ်ဘူး။ လုပ်နည်းလုပ်ဟန် မမှန်ဘူးဆိုတာကို ပြောခြင်းသာ ဖြစ်တယ်လို့လည်း ပြောပါတယ်။”

နောက်ဆုံးလုပ်မယ့် တရားခွင်နေ့မတိုင်ခင် ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့အတွက် ဒီကနေ့ သောကြာနေ့နဲ့ မနက်ဖြန် စနေနေ့ တွေမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ သူ့အကျိုးဆောင်ရှေ့နေတွေ ကို နောက်ဆုံးပြုလုပ်မယ့် တရားခွင်နေ့ မတိုင်ခင် ပြင်ဆင်မှုတွေ လုပ်နိုင်ဖို့ တွေ့ခွင့်ပေးထားတယ်လို့ ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြောပြပါတယ်။ ဒါပေမဲ့လို့လည်း ပြင်ဆင် ဖို့ရာအချိန်က သိပ်မရတာကြောင့် မနက်ဖြန်အစား ရက်ရွှေ့ပေးဖို့ ဒီကနေ့ တောင်းခံခဲ့တဲ့ အကြောင်းလည်း အခုလို ဆက် ပြောပြခဲ့ပါတယ်။

“ပြောချင်တာက ကျနော်တို့က အချိန်ကို တော်တော်လေးလုပြီးတော့ ပြင်ဆင်ရတယ်။ ဆိုလိုတာက အခု ကျနော်တို့ ဒီနေ့ တွေ့တယ်ဆိုရင်ဗျာ ဒီ draft မှာ ကျနော်တို့ ပြင်စရာပြုစရာတွေ ရှိတယ်။ ပြင်စရာပြုစရာ ဆိုတာက ကျနော်တို့ လက်ရေးနဲ့ ပြင်ဖို့ကိုလည်း အချိန်အများကြီး ယူရတယ်။ ပြီးရင်လည်း ကျနော် စာရိုက်ရတယ်။ အဲဒီတော့ အခက်အခဲက စာရိုက်တဲ့သူမှာ အခက်အခဲ အများကြီး ရှိပါတယ်။ မီးမလာလို့ စာရိုက်လို့မရတဲ့ အခြေအနေတွေ၊ ဒီကြားထဲက ကျနော်တို့က လုပ်ရတာ။ အဲဒီတော့ တဖက်က ကျနော်တို့ကို ခွင့်ပြုတာက ဒီနေ့နဲ့မနက်ဖြန်။ အဲန်ကယ်လ်တို့က မနက်ဖြန် မတွေ့နိုင်ဘူး။ ဘာမှ ပြင်ဆင်မှုမရှိဘဲနဲ့ တွေ့တာလဲ အဓိပ္ပာယ်မရှိဘူးလေ။ အဲဒါကြောင့် ရက်တွေ ပြင်ပေးဖို့ အဲန်ကယ်လ်တို့ စာထပ်တင်ခဲ့တယ်။ ”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နောက်ဆုံးတရားခွင် ရုံးချိန်းကို နောက်တပတ် သောကြာနေ့ ဂျူလိုင်လ ၂၄ ရက်နေ့ကို သတ်မှတ်ထားပါတယ်။ ဒါကြောင့် ဒီတရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည် အပေါ် မြန်မာပြည်ရဲ့ တရားရုံးတော်က ဘယ်လို ဆုံးဖြတ်ချက် ချလိုက်မလဲ ဆိုတာကို ပြည်တွင်းမှာလည်း စိတ်ဝင်စားနေကြသလို ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အစိုးရတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ အားလုံးကလည်း စိတ်ဝင်တစား စောင့်ကြည့် နေကြတာပါ။ ဒါ့အပြင် ဒီကိစ္စနဲ့ပတ်သက်လို့ စစ်အစိုးရအပေါ်မှာလည်း ဖိအားပေးမှုတွေက ရှိနေတော့ အခုအချိန်ဟာ စစ်အစိုးရအတွက်လည်း အတော်လေး အကျပ်ရိုက်မယ့်အချိန်လို့လည်း ယူဆရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဘက် ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ ဒီတရားခွင်ဟာ လုံး၀ မျှတမှု မရှိဘူးလို့ ခံယူထားပြီး အခါတိုင်းလို ကျန်းကျန်းမာမာပဲလို့ ဦးဉာဏ်ဝင်း က ပြောပြပါတယ်။ ဒါ့အပြင် မြန်မာပြည်မှာ တရားဥပဒေ ဘယ်လောက်ဆိုးမိုးမှုရှိတယ် ဆိုတာကို မကြာခင် ဒီအမှု က သက်သေပြလိမ့်မယ်လို့ အခုလို ပြောဆိုခဲ့ပါတယ်။

“ကျန်းမာရေး အခြေအနေ ကောင်းပါတယ်ခင်ဗျ။ သူက အဆိုးဆုံးကိုပဲ မျှော်လင့်ပြီးတော့ ပြင်ဆင်ထားတယ်။ ဘယ်လို ဖြစ်လာမယ် မဖြစ်လာဘူး နုတ်က မပြောပါဘူး။ အဆိုးဆုံး ဖြစ်လာရင်လည်း ရင်ဆိုင်နိုင်ဖို့ပဲ ပြင်ဆင်ထားတဲ့ သဘော ရှိပါ တယ်။ ဥပဒေရှုထောင့်သဘောက ပြောရင်တော့ Defense အတွက် အတော်ကို ကောင်းတဲ့အမှုပဲလို့ ကျနော် ဒီလိုပဲ မြင်ပါ တယ်။ ကျနော်တို့ဆီမှာ တရားဥပဒေ စိုးမိုးမှု ဘယ်လောက်ရှိလဲဆိုတာ ဒီအမှုရဲ့ နောက်ဆုံးအဖြေကို ကျနော်တို့ကြည့်ပြီး တော့ ပြောကြရမှာပါ။ တရားဥပဒေ စိုးမိုးမှု ဆိုတာ လူတိုင်းအတွက်ပါ။ ပုဂ္ဂိုလ် တဦးတယောက်အတွက် မဟုတ်ပါဘူး။ အားလုံးနဲ့ ဆိုင်ပါတယ်။ အဲဒီတော့ တရားဥပဒေစိုးမိုးမှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ဟာက ဒီအမှုရဲ့ ဆုံးဖြတ်ချက်ပေါ်မှာ လည်း လက္ခဏာတခု အနေနဲ့ ကြည့်ဖို့လိုပါလိမ့်မယ်။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရ က နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ် ပြည့်ကာနီး ရက်ပိုင်းအလိုမှာ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ချုပ်နှောင်ခဲ့ပြီး နေအိမ်အကျယ်ချုပ်သက်တမ်း ဖောက်ဖျက်မှုနဲ့ အခုလို တရားစွဲဆိုနေတာ ဖြစ်ပါတယ်။ သူ့အမှုကို မေလ ၁၈ ရက်နေ့မှာ စတင် ကြားနာခဲ့တာဖြစ်ပြီး နောက်တပတ် သောကြာနေ့ဟာဆိုရင် နှစ်ဖက်ရှေ့နေတွေကနေ အပြီးသတ် လျှောက်လဲပြီး ဆုံးဖြတ်ချက် ချရမယ့်နေ့ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG