သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယနဲ့ မဟာဗျူဟာမိတ်ဖက် ထူထောင်ရေး အမေရိကန်ကြိုးပမ်း


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဟာ အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့မှာ ရောက်ရှိနေပြီးတော့ ပါကစ္စတန် နိုင်ငံအနေနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေးကိစ္စမှာ အိန္ဒိယဘက်က ပါဝင်ကူညီဖို့ တိုက်တွန်းနေပါတယ်။ မစ္စ ကလင်တန် ရဲ့ ခရီးစဉ် နောက်ဆုံးအခြေအနေကို မွန်ဘိုင်းမြို့က ဗွီအိုအေ သတင်းထောက် David Gollust သတင်းပေးပို့ထားပါတာကို အခြေခံပြီး ဦးကျော်ဇံသာက တင်ပြထားပါတယ်။

သောကြာနေ့ နှောင်းပိုင်း သည်းသည်းမဲမဲ ရွာနေတဲ့မိုးတွေကြားထဲမှာ ရောက်ရှိလာတဲ့ ဝန်ကြီးကလင်တန်ဟာ အကြမ်းဖက် သမားတွေ ပစ်မှတ်ထားတိုက်ခိုက်တာ ခံခဲ့ရဘူးတဲ့ Taj Palace ဟိုတယ်မှာပဲ တည်းခိုပါတယ်။ စနေနေ့မှာတော့ အဲဒီ တိုက်ခိုက်မှုတွင်း သေဆုံးခဲ့ရသူတွေ အတွက် ရည်စူးတဲ့ အမှတ်တရ အခမ်းအနားကို တက်ရောက်ပါလိမ့်မယ်။ အမေရိကန်နဲ့ အိန္ဒိယတို့ဟာ ပြင်းထန်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို ခံရဖူးကြပြီး အကြမ်းဖက်ဝါဒ ဆန့်ကျင်ရေးကို ပိုမို တက်တက် ကြွကြွ ပူးပေါင်းဆောင်ရွက်သင့်တယ်၊ ပါကစ္စတန် အနေနဲ့လည်း အကြမ်းဖက်ဝါဒ ရဲ့ စိန်ခေါ်မှုကို ရင်ဆိုင် တိုက်ဖျက် သင့်တယ် လို့ Times of India ဆိုတဲ့ သတင်းစာကြီးရဲ့ သဘောထား ကဏ္ဍမှာ ဝန်ကြီးကလင်တန် က ဖော်ပြခဲ့ပါတယ်။

အိုဘားမား အစိုးရဟာ အိန္ဒိယ နဲ့ ပါကစ္စတန် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးရေး လုပ်ကြဖို့ တိုက်တွန်း အားပေးနေခဲ့ တာပါ။ ဒီအပတ် အစောပိုင်းကတော့ အိန္ဒိယဝန်ကြီးချုပ် မန်မိုဟန်ဆင်း (Manhoman Singh) နဲ့ ပါကစ္စတန် ဝန်ကြီးချုပ် ယူစွပ်ဖ် ရာဇာဂီလာနီ (Yousuf Raza Gilani) တို့ဟာ အီဂျစ်နိုင်ငံ ကိုင်ရို မြို့တော်မှာ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။

ဝန်ကြီးကလင်တန် ဟာ ဒီတခေါက်မှာတော့ ပါကစ္စတန်ကို သွားမှာမဟုတ်ပါဘူး။ အိန္ဒိယမှာပဲ လေးရက် နေထိုင်ပြီးတော့ ၂၀၀၅ ခုနှစ်က စခဲ့တဲ့ Strategic Partner ခေါ် မဟာဗျူဟာမိတ်ဖက် ထူထောင်ရေး ဆိုတဲ့ နျူကလီးယား ပူးပေါင်း ဆောင်ရွက်မှုကို ဦးစားပေး ဆောင်ရွက်မှာ ဖြစ်ပါတယ်။ မနှစ်တုန်းက အမေရိကန် ကွန်ဂရက် လွှတ်တော်က နောက်ဆုံး အတည်ပြုပေးခဲ့တဲ့ အဲဒီ မဟာဗျူဟာ မိတ်ဖက် ထူထောင်ရေး သဘောတူညီချက်အရ အိန္ဒိယဟာ စစ်ရေးသုံးမဟုတ်တဲ့ နျူကလီးယား စက်ရုံတွေ အပေါ် နိုင်ငံတကာ စစ်ဆေးခွင့် ပေးမယ်လို့ ဆိုထားပြီး အမေရိကန် ကတော့ နျူကလီးယား နည်းပညာတွေ၊ hardware လို့ခေါ်တဲ့ အမာထည်ပစ္စည်းတွေ ရောင်းဖို့ သဘောတူ ထားပါတယ်။ အရင်တုန်းကတော့ အိန္ဒိယဟာ နျူကလီးယား မပြန့်ပွားရေး စာချုပ်ကို လက်မှတ်မထိုးဘူး ဆိုပြီး ဒါကို မရောင်းဘဲ နေခဲ့တာပါ။ ဒါ့အပြင် အမေရိကန် နျူကလီးယား စက်ရုံ ၂ ရုံအတွက် အိန္ဒိယနိုင်ငံမှာလည်း နေရာ နှစ်ကွက် သတ်မှတ်ပေးပါလိမ့်မယ်။

ဝန်ကြီးနဲ့အတူ ဒီခရီးမှာ လိုက်ပါသွားသူ အမေရိကန် တောင်အာရှ ဆိုင်ရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ရောဘတ် ဘလိတ် က - အိန္ဒိယ နဲ့ ဒီလို ဆက်ဆံမယ့်ကိစ္စကို ပြီးခဲ့တဲ့မေလ ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ဆင်း နဲ့ ကွန်ဂရက် ပါတီ အနိုင်ရပြီး အာဏာခိုင်မြဲလာတဲ့အထိ စောင့်ကြည့်ခိုင်းခဲ့တာပါ တဲ့။

“ဝန်ကြီးချုပ် ဆင်း အာဏာပြန်ရလာပြီး ကွန်ဂရက်ပါတီ အင်အား ခိုင်မြဲသွားပြီ ဆိုတာ ကျနော်တို့ ယုံကြည်စိတ်ချ ပြီးတဲ့ နောက် သမ္မတ အိုဘားမား ဟာ အိန္ဒိယ နဲ့ ဆက်ဆံရေးကို အားဖြည့်ဆောင်ရွက်ဖို့ အပြည့်အ၀ ထောက်ခံအားပေး လိုက်တဲ့ အတွက် ဒီကိစ္စအတွက် လမ်းပွင့်သွားခဲ့ပါတယ်။ သမ္မတ အနေနဲ့ရော ဝန်ကြီး ကလင်တန် ကပါ အိန္ဒိယဟာ အမေရိကန် အတွက် အမှန်တကယ် အရေးပါတဲ့ မိတ်ဖက်နိုင်ငံအဖြစ် မှတ်ယူကြပါတယ်။ နှစ်နိုင်ငံရဲ့ အပြန်အလှန် အကျိုးစီးပွား လောက်တင် မကပါဘူး။ ၂၁ ရာစု ကမ္ဘာ့အခင်းအကျင်း ပုံဖော်ရေးအတွက်ပါ အရေးကြီးတယ်လို့ ယူဆကြတာပါ။”

ဝန်ကြီးကလင်တန် အတွက် မွန်ဘိုင်းမှာ လုပ်စရာတွေ အများကြီးပါ။ စီးပွားရေး၊ ပညာရေး၊ အမျိုးသမီး စွမ်းအင်မြင့်တင်ရေး စတဲ့ ကိစ္စတွေ ရှိနေပါတယ်။

နယူးဒေလီ မြို့ကို ရောက်ပြီးတဲ့အခါမှာတော့ တနင်္လာနေ့ကျရင် ဝန်ကြီးချုပ် မန်မိုဟန်ဆင်း၊ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ချ်နာ (S. M. Krishna) စတဲ့ ခေါင်းဆောင်တွေအပြင် အတိုက်အခံ BJP ပါတီ ခေါင်းဆောင် လား ခရစ်ချ်နာ အက်ဒ်ဗာနီ (Lal Krishna Advani) စတဲ့သူတွေနဲ့ တွေ့ဆုံပါလိမ့်မယ်။

အဲဒီနောက် ဝန်ကြီးကလင်တန်ဟာ ဘန်ကောက်မြို့ကို ခရီးဆက်မှာပါ။ ထိုင်းနိုင်ငံ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ဖူးကပ် အပမ်းဖြေကမ်းခြေမှာ ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများရဲ့ အစည်းအဝေးကို တက်ရောက်ပါလိမ့်မယ်။ အဲဒီ အာဆီယံ အစည်းအဝေးမှာတော့ မြောက်ကိုရီးယား ပြဿနာ၊ မြန်မာ့နိုင်ငံရေး အခြေအနေ နဲ့ ဂျကာတာမှာ ဗုံးခွဲ တိုက်ခိုက်မှုတွေဟာ အဓိက ဆွေးနွေးစရာတွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

ရေးသား ထုတ်ပြန်ထားတဲ့ ကြေညာချက်တရပ်ထဲမှာတော့ ဝန်ကြီးကလင်တန် ဟာ ဂျကာတာ အကြမ်းဖက်မှုတွေကို ရှုတ်ချ ပြီး ဒါဟာ အစွန်းရောက် အကြမ်းဖက် လုပ်ရပ်ဖြစ်တယ်၊ ဒီကိစ္စမှာ အင်ဒိုနီးရှား အစိုးရကို အကူအညီပေးဖို့ အဆင်သင့်ပဲ လို့လည်း ဆိုထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG