သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘန်ကီမွန်း ရဲ့ ဒုတိယမြန်မာပြည်ခရီး


ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ် မစ္စတာ ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ဒုတိယမြန်မာပြည်ခရီးကို မအောင်မြင်တဲ့ ခရီးစဉ်အဖြစ် ကမ္ဘာ့စာနယ်ဇင်းအတော်များများက ဝေဖန်ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်မရတာကို အလွန်စိတ်ပျက်မိကြောင်း၊ ဒီလို တွေ့ခွင့်မရတာဟာ တိုင်းပြည်အတွက် အခွင့်အလမ်းတခု ဆုံးရှုံးသွားတာဖြစ်ကြောင်း ဘန်ကီမွန်းက ပြောတာကိုကြည့်ပြီး သူ့ခရီးကို အချည်းနှီးဖြစ်သွားပြီလို့ ပြောကြတာဖြစ်ပုံရပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ဇူလိုင်လ (၁၃) ရက် တနင်္လာနေ့က ကျင်းပတဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှတ်တမ်းကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာ သဘောထားကွဲလွဲနေကြတာကို အထင်အရှား တွေ့နိုင်ပါတယ်။

ဘန်ကီမွန်း တောင်းဆိုတဲ့အတိုင်း လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေက ဂတိပေးလိုက်တာရယ်၊ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ စီစဉ်နေတာရယ်၊ စီးပွားရေးနဲ့ ရွေးကောက်ပွဲကိစ္စမှာ ကုလသမဂ္ဂနဲ့ တွဲလုပ်ဖို့ စီစဉ်နေတာရယ် စတာတွေကို ကြည့်ရင် ဘန်ကီမွန်းရဲ့ ဒုတိယမြန်မာပြည်ခရီးဟာ အောင်မြင်တယ်လို့ ဗမာသံအမတ်က အစည်းအဝေးမှာ ပြောသွားပါတယ်။ ဒါပေမယ့် ဘန်ကီမွန်းရဲ့ ထောက်ခံချက်ထဲက သင့်တော်တဲ့ကိစ္စကိုသာ ဗမာအစိုးရက အကောင်အထည်ဖော်မယ်လို့ ဗမာသံအမတ် ပြောတာကိုကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ဆိုတဲ့ ထောက်ခံအကြံပြုချက်ကိုတော့ လက်မခံနိုင်ဘူးလို့ ပြောလိုက်သလို ဖြစ်နေပါတယ်။

အမြဲတမ်းကောင်စီဝင် အင်္ဂလိပ်၊ ပြင်သစ် နဲ့ အမေရိကန်တို့ဟာ ဒေါ်စု ပါဝင်ရေးကို လိုလားပါတယ်လို့ အင်္ဂလိပ်ကိုယ်စားလှယ်က ပြောဆိုပါတယ်။ ဒေါ်စု နဲ့ နိုင်ငံရေးအကျဉ်းသားတွေမပါတဲ့ ရွေးကောက်ပွဲဟာ ယုံကြည်စရာမကောင်းဘူးလို့ ဆိုပါတယ်။ ပြင်သစ်ကိုယ်စားလှယ်ကတော့ ဒေါ်စုနဲ့ တွေ့ခွင့်မပေးတာဟာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကို ပယ်ချတာပဲလို့ ပြောပါတယ်။ အတိုက်အခံနဲ့ တိုင်းရင်းသားကို တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုတာကို ဂရုမစိုက်ကြောင်း ပြတာပဲလို့ ဆိုပါတယ်။ ဘန်ကီမွန်းရဲ့ ထောက်ခံချက်တွေကို ဗမာအစိုးရ အကောင်အထည် ဖော်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အမေရိကန် ကိုယ်စားလှယ်က ပြောပါတယ်။ အခြားကိုယ်စားလှယ် (၄) ဦးကလည်း ဒေါ်စုရဲ့ အရေးပါမှုကို ပြောပါတယ်။

ရုရှား-တရုတ် နဲ့ ဗိယက်နမ် ကိုယ်စားလှယ် (၄) ဦးကလည်း ဒေါ်စုရဲ့ အခန်းကဏ္ဍကို အလေးမထားကြပါဘူး။ ဒေါ်စုနဲ့ တွေ့ခွင့်မရတာ တခုတည်းကိုကြည့်ပြီး ဘန်ကီမွန်းရဲ့ခရီးကို အကဲဖြတ်လို့ မရဘူးလို့ ရုရှားကိုယ်စားလှယ်က ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ကြားဝင်ဆောင်ရွက်မှုဟာ ဖြစ်စဉ်တခုသာ ဖြစ်တဲ့အတွက် ချက်ချင်းအဖြေထွက်တဲ့ကိစ္စ မဟုတ်ဘူးလို့ ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ ရပ်တည်ချက်ကို ဘန်ကီမွန်းက ပြောပြနိုင်တာဟာ အရေးကြီးတဲ့အချက်ပဲလို့ ရုရှားကိုယ်စားလှယ်က ဆိုပါတယ်။ နိုင်ငံရေးပါတီအားလုံး ရွေးကောက်ပွဲ ဝင်နိုင်တယ်ဆိုတဲ့ အာမခံချက် ရယူနိုင်တာဟာ ဘန်ကီမွန်းရဲ့ အောင်မြင်မှုလို့ ဆိုပါတယ်။

တရုတ်ကိုယ်စားလှယ်ကလည်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင်မရတာတခုတည်းကိုကြည့်ပြီး မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာပြည်ခရီးကို အကဲမဖြတ်နိုင်ဘူးလို့ ဆိုပါတယ်။ ဘန်ကီမွန်းဟာ အခြားအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးနိုင်ပြီး ဒီမိုကရေစီ အကောင်အထည်ဖော်ရေးကို တင်ပြနိုင်တာဟာ အရေးကြီးတဲ့ အချက်ဖြစ်တယ်လို့ တရုတ်က မြင်ပါတယ်။ မြန်မာပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြောင်းလဲမှုတွေကို လျစ်လျူရှုလို့ မဖြစ်ဘူးလို့ ဆိုပါတယ်။ လက်နက်ကိုင်အုပ်စုတွေနဲ့ ငြိမ်းချမ်းရေးသဘောတူချက် လုပ်ရသေးတာ မဟုတ်တဲ့အတွက် ကျော်လွှားရမယ့်ကိစ္စတွေ အများကြီး ကျန်ရှိပါသေးတယ်။ ဒါကြောင့် မြန်မာပြဿနာကို အပြည်ပြည်ဆိုင်ရာ အသိုင်းအဝိုင်းက မျှမျှတတ အကဲဖြတ်သင့်တယ်လို့ တရုတ် ကိုယ်စားလှယ်က ဆိုပါတယ်။

ဒေါ်စုနဲ့ တွေ့ခွင့်မရတာတခုကလွဲပြီး ဘန်ကီမွန်းရဲ့ခရီးစဉ် အားလုံးအောင်မြင်တယ်လို့ ဗိယက်နမ်ကိုယ်စားလှယ်က သုံးသပ်ပါတယ်။ မြန်မာပြည်သူပြည်သားတွေဟာ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရမှာ ဖြစ်ပေမယ့် ဒီလို ဖန်တီးနိုင်အောင် အပြည်ပြည်ဆိုင်ရာက ကူညီသင့်တယ်လို့ ဆိုပါတယ်။ ဘန်ကီမွန်း ဒေါ်စုနဲ့ တွေ့ခွင့်မရတာဟာ စိတ်ပျက်စရာဖြစ်ပေမယ့် ဘန်ကီမွန်းရဲ့ ခရီးဟာ အလွန်အသုံးဝင်တယ်လို့ ဂျပန်ကိုယ်စားလှယ်က ဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာ သဘောထားကို ဗမာစစ်ခေါင်းဆောင်တွေ နားလည်သွားအောင် တိုက်ရိုက်ပြောပြနိုင်သူတွေထဲမှာ ဘန်ကီမွန်း ပါဝင်တယ်လို့ ဆိုပါတယ်။ ကုလသမဂ္ဂရဲ့ ကြားဝင်လုပ်ဆောင်မှုဟာ ဒီခရီးစဉ်တခုတည်းနဲ့ ပြီးသွားတာမဟုတ်လို့ ဆက်လျှက်ထောက်ခံရမယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဇူလိုင်လ (၁၃) ရက်နေ့က ပြောဆိုသွားတာတွေကို ကြည့်မယ်ဆိုရင် စစ်အစိုးရ ဒေါ်စု ဦးဆောင်တဲ့ အန်အယ်လ်ဒီ အဖွဲ့ချုပ် နဲ့ တိုင်းရင်းသားအုပ်စုတွေကို တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး အဖြေရှာဖို့ဆိုတဲ့ ကုလသမဂ္ဂ ထောက်ခံျက်ဟာ မဖြစ်နိုင်တော့တဲ့ပုံပါပဲ။ အင်္ဂလိပ်-အမေရိကန်-ပြင်သစ် ခေါင်းဆောင်တဲ့အုပ်စုနဲ့ တရုတ်-ရုရှား ခေါင်းဆောင်တဲ့အုပ်စု လုံခြုံရေးကောင်စီမှာ သဘောထားကွဲပြားနေတာကြောင့် ဗမာစစ်အစိုးရကို အရေးယူနိုင်မှာ မဟုတ်ပါဘူး။ အကယ်၍ ဒေါ်စုနဲ့ တွေ့ဆုံဆွေးနွေးရမယ်လို့ လုံခြုံရေးကောင်စီက တညီတညွတ်တည်း ဆုံးဖြတ်တယ်ဆိုရင်တောင် ဗမာစစ်အစိုးရက မတွေ့နိုင်ဘူးဆိုရင် ဘာမှတတ်နိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG