သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ အကျိုးဆောင်ရှေ့နေတွေ နောက်ဆုံး လျှောက်လဲချက်အတွက် တွေ့ဆုံဆွေးနွေး


နေအိမ်အကျယ်ချုပ် ကျခံထားရတဲ့ အမိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး မြန်မာစစ်အစိုးရက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မေလကစပြီး အင်းစိန်ထောင်တွင်း ဧည့်ဂေဟာမှာ ဖမ်းဆီး ထိန်းသိမ်းထားခဲ့ရာက မေလ ၁၈ ရက်နေ့မှာ စတင် ရုံးတင်စစ်ဆေးနေရာက အခုလာမယ့် ဇူလိုင်လ ၂၄ ရက်နေ့မှာတော့ နှစ်ဖက် နောက်ဆုံးတရားခွင်မှာ လျှောက်လဲကြရမှာ ဖြစ်ပါတယ်။ အခုလို နောက်ဆုံးပြုလုပ်မယ့် တရားခွင်နေ့ မတိုင်မီ ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ ဒီနေ့ တနင်္လာနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အကျိုးတော်ဆောင် အဖွဲ့ဝင် ၄ ဦးတို့ အင်းစိန် ဧည့်ဂေဟာမှာ ၂ နာရီ ကျော် ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒီနေ့ပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တဲ့ ဦးဉာဏ်ဝင်းကို မအေးအေးမာက ဆက်သွယ် မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နေအိမ်အကျယ်ချုပ် ကျနေရာက ပုဒ်မ ၂၂ နဲ့ အင်းစိန်ထောင်တွင်းမှာ စွဲချက်တင်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ သူမရဲ့ အပြီးသတ် လျှောက်လဲချက်တွေအတွက် သူမရဲ့ အကျိုးဆောင် ရှေ့နေ တွေနဲ့ ဇူလိုင်လ ၂၀ ရက် နေ့လယ် ၂ နာရီခွဲကနေ ၅ နာရီအထိ ၂ နာရီခွဲကြာ အင်းစိန်ထောင်တွင်းက ဧည့်ဂေဟာမှာ တွေ့ဆုံခွင့် ရရှိခဲ့ပါတယ်။ ဒီနေ့မှာပဲ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဘာတွေများ ဆွေးနွေးဖြစ် ပါသလဲ ဆိုတာကို ရှေ့နေကြီး ဦးဉာဏ်ဝင်းကို မေးကြည့်ခဲ့ပါတယ်။

“တွေ့တာကတော့ ၂ နာရီခွဲကနေ ၅ နာရီအထိ တွေ့တယ်။ ထူးထူးခြားခြား ပြောစရာမရှိဘူး။ အဓိက Final Argument အတွက် နောက်ဆုံး Final Touch လုပ်တာပေါ့လေ။”

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ သူမရဲ့အမှုဟာ နိုင်ငံရေးအမှုလို့ ခံယူထားတဲ့အတွက် ပြင်ဆင်မှုတွေ လုပ်ထားတယ်လို့လည်း ဆက်ပြောသွားပါတယ်။

“ဒီဥစ္စာက နိုင်ငံရေးအမှုပဲ။ သူကလည်း နိုင်ငံရေး ယုံကြည်ချက်အရပဲ လုပ်ခဲ့တာ။ အဲတော့ နိုင်ငံရေး ယုံကြည်ချက်အရ လုပ်ခဲ့တဲ့အပေါ်မှာ တစုံတခု ကျနော်တို့ ခုခံတဲ့ဘက်က သဘောမတူလို့ တစုံတရာ အမိန့်ချရင်လည်း အဆင်သင့်ဖြစ်အောင် စိတ်ဓာတ်ရော၊ ကျန်းမာရေးရော အဆင်သင့် လုပ်ထားတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး အခြေအနေက Physically ရော Mentally ရော ကောင်းပါတယ်။”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ဘယ်လိုမျှော်မှန်းထားသလဲ ဆိုတာကို မေးတဲ့အခါ ဒီအမှုဟာ တရားဥပဒေ စိုးမိုးမှုရှိရင် ဒေါ်အောင်ဆန်းစုကြည်ဟာ လွတ်မြောက်မှာပဲဆိုပြီး ပြောသွားပါတယ်။

“တရားဥပဒေ စိုးမိုးရေး မြန်မာနိုင်ငံမှာ တကယ်ရှိရင် ဒေါ်အောင်ဆန်းစုကြည် ဒီအမှုက လုံး၀ လွတ်ရပါမယ်။”

ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းကျနေစဉ်အတွင်း သူမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ရတဲ့ အာဇာနည်နေ့မှာပဲ အင်းစိန်ထောင်တွင်းက ဆေးရုံမှာရှိတဲ့ အကျဉ်းသားတွေကို အလှူအတန်းတခု လုပ်ခဲ့တယ်လို့လည်း ပြောပြပါတယ်။

“စနေနေ့ ၁၈ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်အရ အန်ကယ်တို့က သူလိုချင်တဲ့ ကွေကာအုပ်တို့ ကိတ်မုန့်တို့ အားလုံး လူ ၃၃၀ အတွက် သွားပို့ပေးတယ်။ ၁၈ ရက်နေ့က ပို့ပေးတယ်။ အာဇာနည်နေ့မှာ သူက အလှူအတန်း လုပ်တယ်။ ထောင်ဆေးရုံတက်နေတဲ့ အကျဉ်းသားတွေ။ အဲဒါနဲ့ပတ်သက်ပြီး မေးကြည့်တော့ အားလုံးအဆင်ပြေတယ်တဲ့။ အလှူအတန်းလည်း စိတ်ဆန္ဒရှိတဲ့အတိုင်း လုပ်လို့ရပါတယ်လို့ ပြောပါတယ်။”

ဒီနေ့မှာ လွတ်လပ်စွာ တွေ့ခွင့်ရခဲ့ပါသလား ဆိုတာကိုလည်း မေးကြည့်ခဲ့ရာမှာတော့ …

“လွတ်လွတ်လပ်လပ် တွေ့ရပါတယ်။ သူတို့ Something Bug လုပ်တာ ဘာညာ ဒါတော့ ကျနော်မသိဘူး။ တွေ့တာတော့ လွတ်လွတ်လပ်လပ် တွေ့ရပါတယ်။ အနားမှာလည်း တယောက်မှ မနေပါဘူး။”

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ သူမကို စောင့်ရှောက်ပေးနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသမီး လုပ်ငန်း အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဒေါ်ခင်ဝင်းတို့ သားအမိလည်း သူမနဲ့အတူ ရှိနေပြီး သူတို့အားလုံးကို ထောင်တွင်းက သီးခြားနေရာ တခုမှာ ထားတယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG