သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ မပြောင်းရင် အာဆီယံ ရှေ့မတိုးနိုင်


အာဆီယံ အဖွဲ့အနေနဲ့ ဒေသတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ရေး ဆောင်ရွက်နိုင်ဖို့ဆိုရင် မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ မဖြစ်မနေ လုပ်ဖို့ လိုအပ်တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ် (Kasit Piromya) က ပြောကြားလိုက်ပါတယ်။

ထိုင်းနိုင်ငံ ဖူးခက် အပန်းဖြေနေရာမှာ ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲမှာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ လုပ်ဖို့ လိုလားတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆန္ဒတွေကိုလည်း မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းသိအောင် ပြောခဲ့တယ်လို့ လက်ရှိ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ စည်းဝေးပွဲ ဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်တဲ့ ဝန်ကြီး ကဆစ် ပီရွမ်က သတင်းထောက်တွေကို ပြောပြပါတယ်။

မနေ့က အရှေ့တောင်အာရှ ဒေသအတွက် ပထမဆုံး လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းနိုင်ရေး စည်းမျဉ်းစည်းကမ်းတွေနဲ့ လုပ်ထုံးလုပ်နည်းတွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ သဘောတူခဲ့ကြပါတယ်။ ဒီမူကြမ်းထဲမှာ အာဆီယံ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး စောင့်ကြည့် အပြစ်ပေးနိုင်လောက်တဲ့ လုပ်ပိုင်ခွင့်တွေ မတွေ့ရပါဘူး။

ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) ကတော့ လူ့အခွင့်အရေး ကော်မရှင်အနေနဲ့ လူ့အခွင့်အရေး မြှင့်တင်ရေးကို အာရုံစိုက် လုပ်သွားမှာဖြစ်တယ်လို့ ပြောပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်တဲ့ မှတ်တမ်း တွေအပြင် အာဆီယံ အဖွဲ့ဝင်နိုင်ငံတချို့မှာ လူ့အခွင့်အရေးဆိုင်ရာ ထောက်ပြစရာတွေ ရှိနေတာကြောင့် အာဆီယံ လူ့အခွင့်အရေး ကော်မရှင်အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ မရှိတဲ့ကိစ္စကြောင့် အာဆီယံအဖွဲ့ကြီးရဲ့ ဂုဏ်သိက္ခာ ထိခိုက်နေရတယ် ဆိုတာကို အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) က တနင်္လာနေ့မှာ အသိအမှတ်ပြု ပြောခဲ့ပါ တယ်။

ဒီတနင်္လာနေ့မှာပဲ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ တရားဝင် ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာက သူ့အဆို ပြည်ပက ဝင်ရောက် စွက်ဖက်မှုတွေကို ကန့်ကွက်တယ်လို့ ဖော်ပြထားပါတယ်။ နိုင်ငံခြားက ဖိအားတွေ၊ စီးပွားရေးအရ ပိတ်ဆို့ အရေးယူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အနှောင့်အယှက် ဖြစ်နေရ တယ်လို့ မြန်မာအစိုးရက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG