သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနှင့်ဆွေးနွေးဖက်များ မြန်မာ့အရေးညှိနှိုင်း


ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ပြုလုပ်နေတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ မိတ်ဖက်နိုင်ငံတွေအကြား ဆွေးနွေးပွဲမှာ အဓိကထား ဆွေးနွေးနေကြတဲ့ အကြောင်းအရာတွေကို ပြောပြချင်ပါတယ်။ အမေရိကန် အပါအဝင် အာဆီယံ အရှေ့ တောင် အာရှ နိုင်ငံတွေရဲ့ မိတ်ဖက်နိုင်ငံတွေအကြား ဆွေးနွေးမှုတွေကို မနေ့ကစပြီးတော့ ဆက်တိုက်ပြုလုပ်နေတာမှာ အာရှဒေသ ထဲက စီးပွားရေးအင်အားကြီးတွေ ဖြစ်ကြတဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား နိုင်ငံတွေအနေနဲ့ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ ဆွေးနွေးခဲ့ကြပါတယ်။ အာဆီယံ plus 3လို့ သိကြတဲ့ အဲဒီ မိတ်ဖက်နိုင်ငံတွေကြား ဆွေးနွေးပွဲမှာ စားနပ်ရိက္ခာ ဖူလုံရေးက စလို့၊ စီးပွားရေး၊ အကြမ်းဖက်မှုပြဿနာ၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်တွေအပြင်၊ မြန်မာနိုင်ငံ မှာ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုမရှိသေးတဲ့အချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပါတယ်။ ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံကလည်း သီးသန့်တွေ့ဆုံပြီးတော့ မြောက်ကိုရီးယားနိုင်ငံနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကို ဖွင့်ထားဖို့ သဘောတူခဲ့ကြ တယ်လို့ ဂျပန်နိုင်ငံခြားရေး ဝန်ကြီးရဲ့ ပြောခွင့်ရသူ ကာဆူအို ခိုဒမ က ပြောခဲ့ပါတယ်။

“မြောက်ကိုရီးယား နျူကလီးယား လက်နက်နိုင်ငံတခုဖြစ်လာတာကို ဂျပန်နဲ့ တရုတ် နှစ်နိုင်ငံစလုံးက သည်းညည်းမခံနိုင် ကြပါဘူး။ မြောက်ကိုရီးယား ပဲ့ထိန်းတပ် ဒုံးလက်နက်နည်းပညာတွေ တိုးမြှင့် တပ်ဆင်နေတာကိုလည်း လက်မခံနိုင်ပါဘူး။ ဒီကိစ္စ နှစ်ရပ်စလုံးဟာ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်မှုကို အပြင်းအထန် ခြိမ်းခြောက်နေပါတယ်။”

မြောက်ကိုရီးယား အစီအစဉ်ဆိုင်ရာ ၆နိုင်ငံပါဝင်တဲ့ နိုင်ငံစုံ ဆွေးနွေးပွဲဖြစ်မြောက်ရေး စီစဉ်ပေးနိုင်ဖို့ကို ထိုင်းနိုင်ငံကလည်း မျှော်လင့်နေပါတယ်။ သူတို့အပေါ်ကို ဝေဖန်ကြမှာကို အကာအကွယ်ပေးဖို့ အစည်းအဝေးပွဲကို အိမ်ရှင်အဖြစ် ကျင်းပနေတဲ့ ထိုင်းနိုင်ငံဆီမှာ တောင်းဆိုထားတဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေ ထိုင်းတာဝန်ရှိသူတွေအပြင် ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့သလဲဆိုတာ သေသေချာချာ မသိရဘူးလို့ ဖူးခက်မှာ သတင်းယူဖို့ ရောက်နေတဲ့ ဗွီအိုအေ သတင်းထောက် ဒန်နီယမ် ရှဖ် က ပြောပါတယ်။

မြန်မာနိုင်ငံနဲ့ မြောက်ကိုရီးယားအကြား စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ် ကြောင်းကို သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး စတီဗင် စမစ် က ပြောပါတယ်။ မြန်မာနဲ့ မြောက်ကိုရီးယား ပူးပေါင်း ဆောင်ရွက်နေတာဟာ ဒေသတွင်းအတွက် ခြိမ်းခြောက်မှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် ကလည်း အင်္ဂါနေ့က ပြောပါတယ်။ သြစတေးလျပိုင် ရီယိုတင်ဒို သတ္တုတွင်းလုပ်ငန်းရဲ့ သြစတြေးလျ အမှုဆောင် အရာရှိတယောက်ကို သူလျှိုလုပ်တယ်ဆိုပြီး တရုတ်နိုင်ငံက ဖမ်းဆီးထားတဲ့ ကိစ္စကိုဆွေးနွေးဖို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ယန်ယိချီနဲ့ သီးသန့်တွေ့ဆုံနိုင်ဖို့ တောင်းဆိုထားတယ်ဆိုတာကိုလည်း မစ္စတာ စမစ် က ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်နေ့လောက်မှာ နိုင်ငံခြားရေး ဝန်ကြီး ယန်းနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရဖို့ ကျွန်တော် မျှော်လင့် ထားပါတယ်။ ဒါ့ထက်ပို အရေးကြီးတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဘက်အရာရှိကြီးတွေ ဆက်လက်ပြီး၊ အဆက်အသွယ် ရှိနေကြဖို့ ဖြစ်ပါတယ်။ ကျွန်တော် သြစတြေးလျမှာ မကြာခဏပြောခဲ့ဖူးသလိုပါပဲ ဒီကိစ္စဟာ ကျွန်တော်တို့တွေကြား ရေရှည် ပြဿနာ ဖြစ်နေလေမလားဆိုတာ ကျွန်တော် သိပ်ကို သံသယ ဝင်နေပါတယ်။”

အာဆီယံနဲ့ မိတ်ဖက်နိုင်ငံများ ဆွေးနွေးပွဲကို တက်ရောက်လာကြတဲ့အထဲက ဂျပန်နိုင်ငံခြားရေး ဝန်ကြီးနဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့နဲ့လည်း တွေ့ဆုံကြပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ဆန္ဒတွေကို မြန်မာအစိုးရက နားထောင်ဖို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီး ဟိရိုဖူမီ နာကာဆိုနီ က တိုက်တွန်း ခဲ့တယ်လို့ ဝန်ကြီးရဲ့ ပြောခွင့်ရသူ မစ္စတာ အိုဒမ က ပြောပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို လွှတ်ပေးဖို့ ဖိအားတွေ မြန်မာစစ်အစိုးရက ခံနေရပါတယ်။ ဒါပေမဲ့ ဒီဖိအားတွေကို မြန်မာစစ်ခေါင်းဆောင်တွေက မှုပုံမရပါဘူး။ အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေ တနင်္လာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ နိုင်ငံခြားက ဖိအားတွေ၊ စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ဖော်ဆောင်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတွေမှာ အနှောက်အယှက် ဖြစ်နေရတယ်လို့ မြန်မာဘက်က ပြောခဲ့ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG