သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးအဖွဲ့များနဲ့ ၂၀၁၀ ရွေးကောက်ပွဲ


မြန်မာနိုင်ငံ စစ်အစိုးရဟာ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု အတော်များများနဲ့ အပစ်အခတ် ရပ်စဲရေးကို သဘောတူညီမှု ပြုလုပ်ခဲ့ပြီးတော့ သူတို့ဆန္ဒအတိုင်း နောက်ပိုင်းမှာ ငြိမ်းချမ်းရေး အဖွဲ့များလို့ အမည်ပြောင်း ခေါ်ဝေါ်ခဲ့ပါတယ်။ ဒါပေမယ့် စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ခြင်း မရှိသေးပါဘူး။ အခုနောက်ပိုင်း ဒီ ငြိမ်းချမ်းရေး အဖွဲ့တွေကို နယ်ခြားစောင့် တပ်ဖွဲ့များအဖြစ် အသွင်ကူးပြောင်း ဖွဲ့စည်းဖို့ စစ်အစိုးရက ကြိုးပမ်းလုပ်ကိုင်နေပါတယ်။ ဒီအစီအစဉ်ကို အနည်းစုသာ လက်ခံပြီး အများစုက သဘောမတူ ငြင်းဆိုခဲ့ကြပါတယ်။

ဒီလို တိုင်းရင်းသား အင်အားစုတွေရဲ့ တင်းခံလုပ်ဆောင်နေတာ စစ်အစိုးရရဲ့ လမ်းပြမြေပုံကို သွေဖည်သွားနိုင်မယ့် အလားအလာ ရှိပါသလား။ တင်းခံလုပ်ဆောင်နေတဲ့ အဖွဲ့များအနက် ဘယ်အဖွဲ့က စစ်အစိုးရ လုပ်ဆောင်မှုကို အပြင်းထန်ဆုံး ငြင်းဆန် လုပ်ကိုင်နေပါသလဲ၊ စတဲ့ အကြောင်းအရာများကို သိရှိနိုင်ဖို့ ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာ) က ထိုင်းနိုင်ငံအခြေစိုက် သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် ဦးခွန်ဆိုင်းနဲ့ ပအိုဝ်း ပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (PPLO - PaO People's Liberation Organization) ခေါင်းဆောင် ဗိုလ်မှူးကြီးခွန်ဥက္ကာ တို့ကို ဆက်သွယ်မေးမြန်း သုံးသပ်တင်ပြထားပါတယ်။

ဦးခွန်ဆိုင်း - အရှင်းဆုံးကတော့ UWSA လို့ခေါ်တဲ့ ဝ အဖွဲ့ပါပဲ။ ဒီအကြောင်းကိုလည်း နအဖက ကောင်းကောင်းသိပါတယ်။ ကောင်းကောင်းသိလို့လည်း သူက ဝ အဖွဲ့နဲ့ ဒီ့ပြင်အဖွဲ့တွေကို သူတို့အချင်းချင်း မနီးစပ်အောင် သူတို့ကလည်း ကြိုးစားနေပုံ ရပါတယ်။

ဦးကျော်ဇံသာ - သူတို့အချင်းချင်း နီးစပ်နိုင်မယ့် အလားအလာ ဘယ်လောက်ရှိပါသလဲ။ နမူနာတချို့ ပြောရမယ်ဆိုရင် UWSA ပြီးတော့ ဘယ်အဖွဲ့တွေ ရှိပါသလဲ။

ဦးခွန်ဆိုင်း - UWSA နဲ့ အနီးစပ်ဆုံးကတော့ ကိုးကန့်နဲ့ မုန်းလား ဖြစ်ပါတယ်။ ဒုတိယ အနီးစပ်ဆုံးကတော့ SSA မြောက်ပိုင်း ဖြစ်ပါတယ်။ KIA နဲ့လည်း သူတို့ နီးစပ်ပုံရပါတယ်။ ဒါပေမယ့် အခု KIA က နည်းနည်း အလှမ်းဝေးသွားတယ်။ NMSP တို့လည်း နီးစပ်တယ်။ သို့သော်လည်း အချင်းချင်း ကူညီနိုင်ဖို့၊ စစ်ရေးအရ ကူညီနိုင်ဖို့ နည်းနည်း အလှမ်းဝေးတယ်။ နိုင်ငံရေးအရတော့ သူတို့ အများကြီး နီးစပ်နေတယ်လို့ သိရပါတယ်။

ဦးကျော်ဇံသာ - စစ်ရေးအားဖြင့် မတွေးခင်မှာ နိုင်ငံရေးအားဖြင့် ဗိုလ်မှူးကြီးခွန်ဥက္ကာကို ကျနော် မေးပါရစေ။ ဒီလို အပစ်ရပ်အဖွဲ့အစည်း အတော်များများ၊ အခု ဦးခွန်ဆိုင်း ပြောချက်အရဆို တဝက်ကျော်က ဒါကို တင်းခံကြတယ်၊ လက်မခံဘူးဆိုတော့ ဒါဟာ ဒီလိုတင်းခံမှုဟာ စစ်အစိုးရရဲ့ လမ်းပြမြေပုံအတိုင်း ၂၀၁၀ မှာ ရွေးကောက်ပွဲလုပ်မယ်၊ ဘာညာဆိုတာ သွေဖည်သွားနိုင်တဲ့ အလားအလာ တွေ့ပါသလားခင်ဗျား။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - နိုင်ငံရေး ရှုထောင့်ကကြည့်ရင်တော့ နအဖက နိုင်ငံရေးသိက္ခာ ကျတာတော့ အမှန်ပဲဗျ။ လက်တွေ့မှာ သူတို့ဟာ စုပ်ဆူး စားရူး အခြေအနေမျိုး ရောက်နေပြီ။ တဖက်ကလည်း မကြုံစဘူးအောင် အဖွဲ့ပေါင်း ၁၇ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတော့ တပ်မတော်ရဲ့ စေတနာကို နားလည်လို့ လာတယ်ဆိုပြီး ကြွားထားတာ များနေတော့ အခု ပြန်ပြီးတော့ ပျက်သွားမယ်၊ တခုခု ပြောင်းလဲသွားမယ်ဆိုရင် သူတို့ရဲ့ စေတနာ အမှားကြီးကို ထုတ်ဖော်ရာကြမှာလည်း ကြောက်တယ်။ ဒါကြောင့် သူတို့လည်း အရမ်းမလုပ်ရဲတော့ ရှက်ရှက်နဲ့ပဲ ကြိတ်မှိတ်ခံတဲ့သဘော ရှိတယ်။

နောက်တဖက်ကလည်း သူတို့သွားချင်တဲ့ ရွေးကောက်ပွဲက သူတို့ဘက်က အနိုင်ရဖို့ သေချာအောင် စီမံထားတဲ့ကိစ္စကို မထိပါးဘူးဆိုရင်၊ အကယ်၍ ဒီ အပစ်ရပ်အဖွဲ့တွေက သူတို့ပြောတဲ့ဘောင်ထဲ မဝင်ဘူး၊ သို့သော်လည်း ရွေးကောက်ပွဲကိုလည်း မဆန့်ကျင်ဘဲ ကြားထားလို့ ရမယ်ဆိုရင် ရွေးကောက်ပွဲကို သူတို့ ဆက်သွားနိုင်တယ်။ အပစ်ရပ် အဖွဲ့တွေကို ကြားထားပြီးတော့ ရွေးကောက်ပွဲက ရရှိတဲ့ အာဏာနဲ့ နောက်တက်တဲ့ အစိုးရကြမှ ဒီ အပစ်ရပ်ကိစ္စတွေကို ဖြေရှင်းမယ်ဆိုတဲ့ သဘောမျိုးနဲ့ အရှက်ပြေ ဆက်သွားနိုင်တဲ့သဘောတော့ ရှိတယ်။

ဦးကျော်ဇံသာ - ဦးခွန်ဆိုင်းရော ဘယ်လိုသဘောရပါလဲ။ ဒီလို အပစ်ရပ်အဖွဲ့တွေက တင်းခံနေခြင်းကြောင့် စစ်အစိုးရရဲ့ လမ်းပြမြေပုံ သွေဖည်သွားနိုင်တဲ့ အခြေအနေ ရှိပါသလား။

ဦးခွန်ဆိုင်း - ရှိပါတယ်။ ဒီဥစ္စာကို နအဖဘက်ကလည်း ကြိုတင် တွက်ထားပုံ ရပါတယ်။ သူတို့တွက်ထားတာက ဘယ်လိုလဲဆိုတော့ ရှမ်းပြည်မှာရှိတဲ့ ဗျူဟာမှူးအဆင့်ရှိတဲ့ ပုဂ္ဂိုလ်တဦးရဲ့ အပြောအရဆိုရင်တော့ ရွေးကောက်ပွဲလုပ်မယ်၊ မလုပ်ဘူးဆိုတာ အခြေအနေ ၄ ချက်အပေါ်မှာ မူတည်တယ်။ နံပါတ် ၁ က သန်းခေါင်စာရင်းကောက်တာ ဘယ်လောက် ထိရောက်မလဲ၊ နံပါတ် ၂ က ဘင်္ဂလားဒေ့ရှ်နဲ့ အငြင်းပွားမှုကိစ္စဟာလည်း ဘယ်လောက်အထိ နိုင်မလဲ၊ နံပါတ် ၃ ကတော့ မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံကို ဘယ်လောက် နားချနိုင်မလဲ၊ နံပါတ် ၄ ကတော့ အတိုက်အခံ အဖွဲ့တွေ၊ အပစ်အခတ် ရပ်စဲရေး အဖွဲ့တွေ၊ တော်လှန်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် ထိန်းနိုင်မလဲ၊ အဲလိုမျိုး ပြောပါတယ်။ အဲဒီသတင်းသာ မှန်တယ်ဆိုရင်တော့ အခုအခြေအနေက နအဖအတွက် အကြီးဆုံး ပြဿနာက အတိုက်အခံနဲ့ အပစ်အခတ် ရပ်စဲရေးတွေရဲ့ ပြဿနာပါပဲ။

ဒီတော့ ဒီပြဿနာကို သူတို့ ဘယ်လောက်ထိန်းနိုင်မလဲဆိုတာ ကျနော်တို့ ကြည့်လို့ရပါတယ်။ အခု ကြည့်မယ်ဆိုရင် သူ လုပ်နိုင်မှာ ၂ ခုရှိတယ်။ တခုက ခုန ဦးခွန်ဥက္ကာ ပြောသလိုပဲ၊ သူတို့က ချော်လဲ ရောထိုင်ပေါ့၊ အခုအခြေအနေမှာ သူတို့က ထိန်းလို့မရဘူးဆိုရင် ဒီအတိုင်းပဲ ထားလိုက်ပါ၊ နောက် ရွေးကောက်ပွဲပြီးမှ လာဖြေရှင်းမယ်။ ဒါ တခုပေါ့ဗျာ။ နောက်တချက်က အခုလောလောဆယ် အဓိက ပင်မအားက ဘယ်သူ့ဆီမှာ ရှိလဲဆိုတော့ ၀ ဆီမှာရှိတယ်ဆိုတော့ နံပါတ်တစ် ၀ အတွင်းမှာရှိတဲ့ ညီညွတ်မှုကို ဖြိုခွဲဖို့၊ နံပါတ်နှစ်ကတော့ ဝကို မဟာမိတ်ပြုထားတဲ့ ဒီ့ပြင်အဖွဲ့တွေကို ဝနဲ့ ကင်းကွာအောင် လုပ်ဖို့။ အဲလိုမျိုး သူ ကြိုးစားနေပုံ ရပါတယ်။

ဦးကျော်ဇံသာ - တိုင်းရင်းသားအဖွဲ့တွေဘက်က ကြည့်ရင်ရော သူတို့က စစ်အစိုးရ ထားသလိုပဲ ရွေးကောက်ပွဲ ပြီးသွားပြီ၊ သူတို့ကို အနှောင့်အယှက်မပေးဘဲ နေမယ်၊ ရွေးကောက်ပွဲ ပြီးတဲ့အခါမှ နောက်တက်လာတဲ့ အစိုးရ ဆက်လုပ်ဆိုတာမျိုး၊ တကယ်တော့ နောက်တက်လာမယ့် အစိုးရလည်း စစ်အစိုးရနဲ့ ပတ်သက်နေတဲ့ အစိုးရပဲ။ ဒီအစိုးရရဲ့ ပယောဂ ကင်းမှာမှ မဟုတ်တာ၊ ဒီအတိုင်းဆိုရင်။ ဆိုတော့ တိုင်းရင်းသားတွေက ဒီလို ဆက်လက်ပြီးတော့ လက်ခံသွားမယ့် အနေအထား ရှိပါသလား။

ဦးခွန်ဆိုင်း - သူတို့အနေနဲ့ကတော့ နိုင်ငံရေးအရ တောင်းဆိုမှုတွေ ရှိတာကိုး။ ဒီတောင်းဆိုမှုတွေ အထိုက်အလျောက် ရတယ်ဆိုရင် သူတို့က သဘောတူနိုင်မယ့် အလားအလာရှိတယ်။ ဥပမာ ၀ ဆိုရင် ဒီ့ပြင်ဟာတွေကို မပြင်ရင်နေပါ၊ ဖက်ဒရယ် ပြည်ထောင်စုတို့ ဘာတို့ မလုပ်လည်း ကိစ္စမရှိဘူး၊ သို့သော်လည်း ကျနော်တို့ ၀ လက်အောက်မှာရှိနေတဲ့ နယ်မြေတွေမှာ တပ် သူတို့မှာရှိပါစေ။ အဲလိုဆိုရင် ကျနော်တို့ လက်ခံနိုင်တယ်။ ကျနော်တို့ရဲ့ စစ်ရေးနဲ့ပတ်သက်ပြီး လာမချုပ်ချယ်ပါနဲ့။ နယ်ခြားစောင့်တပ် လုပ်ပြီးတော့ တပ်ထဲမှာ နအဖအရာရှိတွေ ၃၀ လာထည့်မယ်ဆိုတာ မထည့်ပါနဲ့၊ ဒီအတိုင်းပဲ ထားပါဆိုရင်တော့ သူတို့ လက်ခံနိုင်တဲ့သဘော ရှိတယ်။

ဦးကျော်ဇံသာ - အဲလိုဆိုရင် သူတို့က Military autonomy ခေါ်မလား။ အဲဒါမျိုး သူတို့က ဆက်လိုချင်တယ်ပေါ့။

ဦးခွန်ဆိုင်း - Military ရော Economy ရောပေါ့။

ဦးကျော်ဇံသာ - ဗိုလ်မှူးကြီးခွန်ဥက္ကာရော ဘယ်လိုမြင်ပါသလဲ။ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ဒီအတိုင်းပဲ လက်ခံမလား၊ စစ်အစိုးရက သူတို့ကို ကစားပြီးတော့၊ သူတို့ကို မဆန့်ကျင်ဘူးဆိုရင် ဗိုလ်မှူးကြီးပြောသလိုပဲ မြွေမသေ၊ တုတ်မကျိုး ဆက်ကစားသွားမယ်၊ တိုင်းရင်းသား အဖွဲ့အစည်းတွေက ဒီလိုပဲ ဆက်ပြီး လက်ခံကြမလား၊ အဲဒီဟာကို။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ကျနော်မြင်တာတော့ အခုလက်ရှိ အပစ်ရပ်ထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အနေနဲ့ကတော့ တဖွဲ့နဲ့တဖွဲ့၊ ခေါင်းဆောင် တဦးနဲ့တဦး စဉ်းစားတာခြင်းတော့ တူချင်မှတူမှာပေါ့။ ဒါပေမယ့် တချက်တူတာ ရှိတာကတော့ လောလောဆယ် အကျပ်အတည်းမှာ တကွက်လွတ်ရင်လည်း တကွက် ရုန်းကြတဲ့ သဘောတော့ တွေ့ရတယ်။ အထူးသဖြင့်တော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖိအားပေးတယ်၊ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့ခိုင်းတယ်၊ အဲဒါကို ဘယ်လိုကျော်လွှားမလဲဆိုတဲ့ နည်းနာ ကွာပေမယ့် အားလုံးက ကျော်လွှားကြတယ်။

ကျော်လွှားတဲ့အခါကြတော့ ကဲ နောင်ခါလာ နောင်ခါဈေး၊ ကျနော်တို့ ရွေးကောက်ပွဲပြီးလို့ တက်လာတဲ့ အစိုးရနဲ့ ညှိတာပေါ့ ဆိုတဲ့ဟာမျိုး။ နအဖကလည်း ဒါကို သဘောတူသွားရင် တိုင်းရင်းသားတွေကလည်း လောလောဆယ် အသက်ရှူ ချောင်သွားပြီးတော့ လိုအပ်သလို ပြင်ဆင်မှုတွေ လုပ်နိုင်တယ်၊ လိုအပ်သလို စုစည်းမှုတွေ လုပ်နိုင်တယ်၊ တချိန်တည်းမှာပဲ နိုင်ငံတကာဖိအား၊ ဒေသဖိအား၊ စစ်တပ်အတွင်း အပါအဝင်ပေါ့ဗျာ၊ အပြောင်းအလဲတွေ ပေါ်လာလို့ရှိရင်တော့ တစုံတရာ ကြီးမားတဲ့ ပဋိပက္ခကို ရှောင်နိုင်လိမ့်မယ်ဆိုတဲ့ သဘောမျိုး၊ ဖိအားကို ရှောင်နိုင်လိမ့်မယ်ဆိုတဲ့ သဘောမျိုး၊ အပစ်ရပ်အဖွဲ့တွေ တွက်ချက်တာတော့ ရှိတယ်ခင်ဗျ။ အဲလို ကျနော်တွေ့ရတယ်။

ဦးကျော်ဇံသာ - နောက်ဆုံးမေးခွန်းတခုဆီ ခပ်တိုတိုမေးချင်တာကတော့ ရေရှည်အတွက်ပေါ့၊ လွတ်လပ်ရေး ရပြီးကတည်းက ပြောလာကြတာ၊ ငြိမ်းချမ်းပြီး သာယာဝပြောတဲ့ ပြည်ထောင်စု၊ တိုင်းရင်းသား ပြဿနာ ကင်းမဲ့သော ပြည်ထောင်စု ဖြစ်လာနိုင်မယ့် အလားအလာ ရှိပါသလား၊ ဒီစနစ်အတွင်းမှာ။ ဦးခွန်ဆိုင်း ရှင်းပြပေးပါ။

ဦးခွန်ဆိုင်း - အလားအလာကတော့ ကျနော်ထင်တယ် အခုထိ ရှိပါသေးတယ်။ နအဖအနေနဲ့ ဒီအခြေအနေကို ပြန်ပြောင်းမယ်ဆိုရင် ဘာမှ အချိန် နောက်မကျသေးဘူး။ အခု ဒေါ်အောင်ဆန်းစုကြည်လိုပဲ ကျနော် ပြောရပါလိမ့်မယ်။

ဦးကျော်ဇံသာ - ဗိုလ်မှူးကြီးခွန်ဥက္ကာရော ဘယ်လိုမြင်ပါသလဲ။

ဗိုလ်မှူးကြီးခွန်ဥက္ကာ - ကျနော့်အမြင်ကတော့ အဖြစ်နိုင်ဆုံးက တဝက်ပို့ တဝက်ကြို သဘောမျိုးပေါ့။ နအဖလိုချင်တဲ့ Total Control ပေါ့၊ အလုံးစုံ ချုပ်ကိုင်ရေးကလည်း ရောက်နိုင်ဖို့ မလွယ်ဘူး။ တချိန်တည်းမှာပဲ ကျနော်တို့လိုချင်တဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု စနစ်ကိုလည်း ချက်ချင်းရောက်ဖို့ မလွယ်ဘူး။ ကြားကြတဲ့ Structure တခု ပေါ်လာနိုင်တယ်လို့တော့ ကျနော် ယုံကြည်တယ်။ ဥပမာဆိုရင် အခု ၀ UWSA ရဲ့ တိုတိုရှင်းရှင်း နိုင်ငံရေး ရပ်တည်ချက်က သူတို့က သူတို့ ဝပြည်နယ်ရဲ့ ဒေသန္တရ အစိုးရ သဘောမျိုး၊ အုပ်ချုပ်ရေး၊ လုံခြုံရေး အပါအဝင် အားလုံးကို သူတို့ တာဝန်ယူထားမယ်ဆိုတော့ သူတို့ရဲ့မူက ကျနော်သိသလောက်တော့ နယ်မြေတခုမှ မစွန့်လွှတ်ဘူး၊ လက်နက် တလက်မှ သူတို့ မချဘူး၊ ဒီမိုကရေစီစနစ်ကို ဦးတည်မယ်၊ တချိန်တည်းမှာ ပြည်ထောင်စုထဲက လုံး၀ ခွဲထွက်မှာမဟုတ်ဘူး ဆိုတဲ့ အရေးကြီးတဲ့ မူ ၄ ချက်လောက် ကိုင်ထားတဲ့အခါကြတော့ ပြည်ထောင်စုထဲက ခွဲမထွက်ဘူးဆိုတဲ့ အချက်တခုကိုက ပြည်ထောင်စုကြီး တည်ဆောက်တဲ့နေရာမှာ သူက တတပ်တအား ပါမယ်၊ ၀ အမျိုးသားပြည်နယ် တခုအနေနဲ့ ပြည်ထောင်စုကြီးရဲ့ Member of State ပေါ့၊ အဖွဲ့ဝင်ပြည်နယ် တခုအနေနဲ့ ဆက်လက်ပါဝင်နိုင်မယ်ဆိုတဲ့ ကမ်းလှမ်းချက်က အင်မတန်ကောင်းတာ ဖြစ်တဲ့အတွက် ကျနော်တွက်တာကတော့၊ ထို့အတူပဲ အခြားအခြားသော KIO တို့၊ အခြားသော အင်အားစုတွေကလည်း ကိုယ့်ဒေသ အုပ်ချုပ်ရေးနဲ့ ဒေသအစိုးရ ပုံစံနဲ့ ဖက်ဒရယ်ပြည်ထောင်စု သဘောမျိုး ဦးတည်တဲ့၊ ချက်ချင်းတော့ မဖြစ်ဘူး၊ စုဖွဲ့မှုမျိုးကို သွားကြမယ်၊ တချိန်တည်းမှာ စစ်တပ်က လိုချင်တဲ့၊ စစ်တပ်ကြီးစိုးတဲ့ အလုံးစုံထိန်းချုပ်ရေး မူကတော့ လျှော့ရလိမ့်မယ်လို့ ကျနော် တွက်တယ်ခင်ဗျာ။

ဦးကျော်ဇံသာ - ဟုတ်ကဲ့ခင်ဗျာ၊ ဗိုလ်မှူးကြီးခွန်ဥက္ကာပြောသလို တိုင်းရင်းသားတွေဘက်က ခွဲထွက်ရေးမူကို စွန့်လွှတ်လာတယ် ဆိုတာကတော့ သာယာငြိမ်းချမ်းတဲ့ ပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အလားအလာကောင်းတရပ် ဖြစ်ပါတယ်။ သို့ပေမယ့်လည်း စစ်အစိုးရဘက်ကတော့ ခွဲထွက်ရေး အန္တရာယ်ဆိုတာကို လက်ညှိုးထိုး ထောက်ပြနေတာတွေ ကြားနေရလေတော့ ဒါဟာ တကယ် ယုံကြည်လို့ပဲလား၊ လွဲမှားတဲ့ အထင်ရောက်မှုလား၊ တနည်း ရမယ်ရှာနေတာလား ဆိုတာကတော့ စဉ်းစားစရာလို့ပဲ ဆိုချင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG