သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံနဲ့ အမေရိကန် ဆက်ဆံရေး တိုးမြှင့်မည်


အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရင် ကလင်တန်အနေနဲ့ ပစိဖိတ်အတွင်းမှာရှိတဲ့ တခြားနိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေအပြင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဒီနေ့မှာ ထိုင်းနိုင်ငံ ဖူးကက် အပန်းဖြေစခန်းမှာ တွေ့ဆုံဖို့ ရှိပါတယ်။ ဒီအကြောင်းကို နိုင်ငံခြားရေး ဝန်ကြီးခရီးစဉ်တလျှောက် လိုက်ပါသွားတဲ့ ဗွီအိုအေ သတင်းထောက် ဒေးဗစ်ဂေါလပ်စ် က သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနအနေနဲ့ အရှေ့တောင်အာရှရေးရာ ဒုတိယ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီးဖြစ်တဲ့ စကော့က် မာစ်ရှယ် ကို အာဆီယံနဲ့ ဆက်ဆံရေး အချိန်ပြည့် ညှိနှိုင်းဖို့ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားပြီး ဖြစ်ပါ တယ်။ ဒါပေမဲ့ နိုင်ငံခြားရေး ဝန်ကြီး ကလင်တန်နဲ့ အတူခရီးစဉ်မှာ လိုက်ပါသွားခဲ့တဲ့ ထိပ်တန်းအမေရိကန် အစိုးရအရာရှိ တွေကတော့ အိုဘားမားအစိုးရအနေနဲ့ သံတမန်ရေးအဆင့်ကို တိုးမြှင့်ပြီး ဂျကာတာရှိ အာဆီယံ အတွင်းဝန် ရုံးချုပ်မှာ အမြဲတမ်း သံအမတ်ကြီးတဦး ခန့်အပ်ဖို့ ရည်ရွယ်တယ်လို့ ပြောပါတယ်။ သမ္မတ ဘွတ်ရှ်အစိုးရလက်ထက်ကတော့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကွန်ဒိုလီဇာ ရိုက်စ်အနေနဲ့ ARFခေါ် အာဆီယံ ဒေသန္တရညီလာခံကို နှစ်ကြိမ်တောင် မတက်ရောက်ခဲ့တဲ့အတွက် အမေရိကန်အဆင့်မြင့် သံတမန်တွေကိုပဲ ကိုယ်စားပြု တက်ရောက်ခဲ့တာဖြစ်လို့ အာဆီယံအနေနဲ့ အသင်းကြီးကို သမ္မတ ဘွတ်ရှ်က အလေးမထားဘူးလို့ ပြစ်တင်ဝေဖန်ခဲ့တာ ရှိပါတယ်။ အာဆီယံ ဒေသန္တရ ညီလာခံကို တက်ရောက်ဖို့ ထိုင်းနိုင်ငံကို မနေ့က ဆိုက်ရောက်ခဲ့တဲ့ ဝန်ကြီးကလင်တန် အနေနဲ့ကတော့ ဘန်ကောက် သတင်းစာ ရှင်းလင်းပွဲမှာ အိုဘားမားအစိုးရအနေနဲ့ အရှေ့တောင်အာရှဒေသနဲ့ ပြန်လည် ဆက်ဆံရေး ကောင်းမွန်စေဖို့ ရည်ရွယ် လုပ်ဆောင်သွားမယ်လို့ အခုလို ပြောဆိုသွာပါတယ်။

“အမေရိကန် ပြည်ထောင်စုအနေနဲ့ သိပ်ကို ရှင်းလင်းတဲ့ သတင်းစကားပါးလိုတာက အရှေ့တောင် အာရှနဲ့ အမေရိကန် ဆက်ဆံရေး အပြည့်အဝထားရှိဖို့ သန္နိဋ္ဌာန်ခိုင်မာတယ်ဆိုတဲ့ အကြောင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် ကျမတို့ရဲ့ အင်အား ကောင်း လှတဲ့ မဟာမိတ်ဆက်ဆံရေး ချစ်ကြည်ရေးကိုလည်း ပြန်လည် စတင် အားဖြည့်လိုပါတယ်။ မဟာမိတ် ဆက်ဆံရေး အသစ် ထားရှိဖို့ လိုလားသလို အရှေ့တောင်အာရှနိုင်ငံကြီးများ စုစုစည်းစည်း ဖြစ်လာဖို့ အာဆီယံအသင်းကြီးကို ရည်ရွယ် ဖွဲ့စည်း ခဲ့တဲ့ ထိုင်းနိုင်ငံအပါအဝင် တခြားနိုင်ငံတွေနဲ့လည်း ပူးတွဲဆောင်ရွက်သွားဖို့ဟာ ကျမတို့ရဲ့ ပေါ်လစီမှာ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။”

အာဆီယံချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး စာချုပ်မှာ အမေရိကန် ပြည်ထောင်စုက ပါဝင်မယ့်အကြောင်းကိုလည်း ဝန်ကြီးကလင်တန်က ဖူးကက်မှာ တရားဝင်ကြေညာဖို့ရှိပါတယ်။ အဲဒီစာချုပ်အရ အရှေ့တောင်အာရှ အသင်းဝင်များနဲ့ အဲဒီ နိုင်ငံတွေရဲ့ ပြည်တွင်းရေး ဝင်ရောက် မစွက်ဖက်ရမူနဲ့ ပတ်သက်လို့ အငြင်းပွားစရာတွေကို ငြိမ်းချမ်းစွာဖြေရှင်းယူဖို့ ဖြစ်ပါ တယ်။ အင်္ဂါနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာမှာတော့ ဝန်ကြီးကလင်တန် က အမေရိကန် ပြည်ထောင်စုအနေနဲ့ အာရှ ရှိ မဟာမိတ်နိုင်ငံတွေအနေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ရည်ရွယ်တဲ့အကြာင်း စီးပွားရေး ကျဆင်းမှု၊ ရာသီဥတု အပြောင်းအလဲ နဲ့ အစွန်းရောက် အကြမ်းဖက်မှု ပြဿနာတွေအပြင် မြန်မာနိုင်ငံရေး ပြဿနာဟာ အာဆီယံအတွက် အကဲစမ်းမှုကြီး တခု ဖြစ်ပြီး ဒေသန္တရတခုလုံးအတွက်ရော၊ မြန်မာနိုင်ငံသား အားလုံးအတွက်ရော အကျိုးဖြစ်ထွန်းစေမယ့် အပြောင်းအလဲ ဖော် ဆောင်ဖို့ အာဆီယံအသင်းဝင်နိုင်ငံတွေအနေနဲ့ အမေရိကန် ပြည်ထောင်စုက နည်းလမ်း ရှာဖွေသွားမယ်လို့ ရေးသားခဲ့ပါ တယ်။

မနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း အင်းစိန်ထောင်တွင်း ထိန်းသိမ်းခံနေရတဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်ရဲ့ အမှုနဲ့ ပတ်သက်လို့လည်း ဝန်ကြီး ကလင်တန်က အခုလို ပြောကြားသွားခဲ့ပါသေးတယ်။

“ကျမတို့အနေနဲ့ ရှင်းရှင်းလင်းလင်းပဲ ပြောကြားခဲ့ပြီးပါပြီ။ ဒေါ်အောင်ဆန်းစုကြည်အပေါ် တရားမျှတစွာ ဆောင်ရွက်လိမ့် မယ်လို့ မျှော်လင့်ပါတယ်။ သူ့အပေါ် မြန်မာစစ်အစိုးရက အရေးယူဆောင်ရွက်ခဲ့တဲ့ ဆက်ဆံမှုအပေါ်မှာလည်း ကျမတို့ အပြစ်တင်ဝေဖန်ခဲ့ပါတယ်။ အဲဒီအမှုဟာ အခြေအမြစ် မရှိသလို လုံးဝလက်ခံနိုင်စရာလည်း မရှိပါဘူး။”

ထိုင်းရုပ်သံလွှင့်နဲ့ မနေ့က တွေ့ဆုံမေးမြန်းခန်းမှာလည်း ဝန်ကြီးကလင်တန်က ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာစစ် အစိုး ရ က ပြန်မလွှတ်ပေးရင် အာဆီယံအသင်းကြီးအနေနဲ့ မြန်မာနိုင်ငံကို ထုတ်ပစ်ဖို့ စဉ်စားပေးသင့်တယ်လို့ ဖြေကြားသွားခဲ့ပါ တယ်။ ဒါ့အပြင် မြန်မာကို မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေ လွဲှပြောင်းပေးအပ်နိုင်မယ့် အလားအလာနဲ့ ပတ်သက်လို့လည်း အမေရိကန် ပြည်ထောင်စုက စိုးရိမ်မကင်းဖြစ်တဲ့အကြောင်းနဲ့ မြန်မာ့ အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ စည်းလုံးပြီး အာဏာရှင်အစိုးရတွေရဲ့ ရန်ကနေ ကာကွယ်နိုင်ဖို့ စစ်ဘက်ရေးရာ ဗျူဟာတရပ် ချမှတ်နိုင်ဖို့လည်း အရေးကြီး တယ်လို့ ဝန်ကြီးကလင်တန်က ထိုင်းရုပ်သံလွှင့်နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ ပြောကြားသွားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG