သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုကို လွှတ်ပေးရင် မြန်မာ အမေရိကန် ဆက်ဆံရေး တိုးလာနိုင်


မြန်မာစစ်အစိုးရက အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုသာ လွှတ်ပေးခဲ့မယ်ဆိုရင် စစ်အစိုးရအတွက် အမေရိကန်ပြည်ထောင်စုက ရင်းနှီးမြှုပ်နှံမှုအပါအဝင် တခြား အခွင့်အလမ်းတွေ ကို ပေးနိုင်မယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ပြောလိုက်ပါတယ်။ ဒါပေမဲ့ လည်း ဒီလိုဖြစ်လာဖို့က မြန်မာစစ်အစိုးရပေါ် လုံး၀ မူတည်နေတယ်လို့ဆိုပါတယ်။ အပြည့်အစုံကို နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ရောက်နေတဲ့ ထိုင်းနိုင်ငံ၊ ဖူးခက် အပန်းဖြေစခန်း အစည်းအဝေး ကျင်းပရာနေရာကနေ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

ဟုတ်ကဲ့ပါ။ ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၄၂ ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) ဝန်ကြီးအဆင့် အစည်းအဝေးတွေ၊ ဆွေးနွေးဖက်နိုင်ငံတွေနဲ့ အစည်းအဝေးတွေနဲ့ တဆက်တည်းကျင်းပမယ့် ARF ခေါ် အာဆီယံ ဒေသတွင်း အစည်းအဝေးမတိုင်ခင် တရက်အလိုမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာ့အရေးကို မှတ်ချက်ပေး ပြောဆိုခဲ့တာပါ။ ဖူးခက်မြို့က ARF အစည်းအဝေးကျင်းပမယ့်နေရာမှာ ဒီကနေ့ ညနေ စောင်းက လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတာဖြစ်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တောင်းဆိုထားပြီး အခု တရားစွဲဆိုခံနေရတာကနေ လွှတ်ပေးတာဟာ အင်မတန်အရေးကြီးတယ်လို့ မိမိတို့ယူဆကြောင်း မစ္စစ်ကလင်တန်က ပြောပါတယ်။ ဒီလိုသာ လွှတ်ပေးမယ်ဆိုရင် အခွင့်အလမ်းတွေ ပွင့်လာမှာပါလို့ ဆိုပါတယ်။

“သူသာ လွတ်လာမယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် မြန်မာနိုင်ငံနဲ့ ဆက်ဆံရေးချဲ့ထွင်ဖို့ အနည်းဆုံးတော့ မိမိတို့နိုင်ငံ အတွက် အခွင့်အလမ်းတွေ ပွင့်လာမှာဖြစ်တယ်။” လို့ မစ္စစ်ကလင်တန်က ပြောပါတယ်။

ဒါပေမဲ့လည်း ဒီကိစ္စဟာ မြန်မာခေါင်းဆောင်တွေအပေါ်မှာပဲ မူတည်ပါတယ်လို့ဆိုပါတယ်။ အခုအစည်းအဝေးတွေကို တက်လာတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ တခြားနိုင်ငံတွေကြား ဒီကနေ့လုပ်ခဲ့တဲ့ ဆွေးနွေးပွဲတွေကနေ မြန်မာစစ်အစိုးရ သွားနေတဲ့လမ်းကြောင်းကို ပြောင်းသွားအောင် ဆွဲဆောင်စည်းရုံးနိုင်တဲ့ တိုးတက်မှုတွေရလိမ့်မယ်လို့ပဲ မိမိတို့အနေနဲ့ ကတော့ မျှော်လင့် နိုင်ပါကြောင်း မစ္စစ်ကလင်တန်က ပြောသွားပါတယ်။

အာဆီယံအဖွဲ့နဲ့ အာဆီယံနိုင်ငံတွေဟာ အင်မတန့်ကို အပေါင်းလက္ခဏာဆောင်တဲ့ လမ်းကြောင်းပေါ်လျှောက်နေကြပေမဲ့ မြန်မာနိုင်ငံကတော့ ဆန့်ကျင်ဘက်လမ်းကြောင်းပေါ် ရောက်နေတယ်လို့ မစ္စစ်ကလင်တန်က ပြောပါတယ်။
“မြန်မာနိုင်ငံဟာ တခြားအာဆီယံနိုင်ငံတွေ သွားနေတာနဲ့ ဆန့်ကျင်ဘက် ပြောင်းပြန်လမ်းကြောင်းနဲ့ သွားနေပါတယ်။ မြန်မာစစ် အစိုးရရဲ့ ပြုမူလုပ်ဆောင်ပုံတွေ ပြောင်းလဲသွားတာမြင်ချင်တယ်ဆိုတာကို အမေရိကန်ပြည်ထောင်စုက ရှင်းရှင်းလင်းလင်းကို ဖော်ထုတ်ထားပါတယ်။ ဒေသတွင်းက တခြားနိုင်ငံတွေလည်း ဒီလိုပဲမြင်ချင်လိမ့်မယ်လို့ မိမိတို့ မျှော်လင့်ထားပါတယ်။” လို့ မစ္စစ်ကလင်တန်က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ဟာ မြန်မာနဲ့ မြောက်ကိုရီးယားနိုင်ငံကြား ဆက်ဆံရေးအခြေအနေတွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးပြီး အခုဆိုရင် ရုံးတင်တရားစွဲဆိုနေတဲ့ကိစ္စ၊ လူ့အခွင့်အရေးချိုးဖောက်မှု စတာတွေနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့သဘောထားကို မြန်မာနိုင်ငံနဲ့အိမ်နီးခြင်း ထိုင်းမြေပေါ် မနင်းခင်ကတည်းက ပြောဆို ထားပါတယ်။ ထိုင်းမြေပေါ်ရောက်လာတဲ့အချိန်မှာလည်း တခြားအရေးကြီးကိစ္စရပ် များစွာထဲမှာ မြန်မာကိစ္စကို အလေးထားပြီး ပြောဆိုခဲ့ပါတယ်။ ထိုင်းသတင်းဌာနတခုနဲ့ တွေ့ဆုံမေးမြန်းခန်းတခုမှာဆိုရင် ဒေါ်အောင်ဆန်းစုကြည် ကို သာ မြန်မာစစ်အစိုးရ လွှတ်မပေးခဲ့ရင် အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံကို အဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပစ်ဖို့ကိစ္စဟာ စဉ်းစားဖို့သင့်လျော်တဲ့ မူဝါဒ အပြောင်းအလဲဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် ဇူလိုင်လ ၂၁ ရက်နေ့က ဘန်ကောက်မြို့တော်ကိုရောက်အပြီး နာရီပိုင်းအတွင်းမှာပဲ ထိုင်းဝန်ကြီးချုပ် အဘီဆစ် ဝတ်ချာချီ၀ (Abhisit Vejjajiva) နဲ့ တွေ့ဆုံဆွေးနွေးပြီးတဲ့နောက်လုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း မြန်မာနဲ့ မြောက် ကိုရီးယားကြား ဆက်ဆံရေးအခြေအနေအပေါ် အမေရိကန်ရဲ့ စိုးရိမ်မှုကိုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
“တချိန်ချိန်မှာနျူကလီးယားလက်နက် ရရှိဖို့တောင်မှ ဖြစ်လာနိုင်ခြေရှိတဲ့ တိုက်ခိုက်ရေးလက်နက်တွေ ရယူဖို့ မြောက် ကိုရီးယား နဲ့ မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်တာတွေ ရှိနေတဲ့အပေါ် မိမိတို့ရဲ့စိုးရိမ်မှုကို ဘန်ကောက်မြို့မှာ ရှည်ရှည်လျားလျားကို ပြောကြားခဲ့ပါတယ်။” လို့ မစ္စစ်ကလင်တန်က ပြောသွားပါတယ်။

မြောက်ကိုရီးယား ညူကလီးယားအရေးကိစ္စဟာ အခုကျင်းပမယ့် ARF အစည်းအဝေးမှာ အဓိကအကြောင်းရပ်တခုဖြစ်ဖို့ ရှိနေပါ တယ်။ မြောက်ကိုရီးယားနိုင်ငံအနေနဲ့ ညူကလီးယားလက်နက်အစီအစဉ်ကို မဖျက်သိမ်းဘူးဆိုရင် ပိုပြီးပြင်းထန်တဲ့ အရေးယူ ဒဏ်ခတ်မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့လည်း မစ္စစ်ကလင်တန်က သတိပေးပြောဆိုခဲ့ပါတယ်။ ဒီအချိန်မှာမှ မြန်မာ နဲ့ မြောက်ကိုရီးယားကြား စစ်လက်နက်ပစ္စည်းဝယ်ယူရေးနဲ့ဆိုင်တဲ့ အဆက်အဆံသတင်းတွေ ထွက်လာတာဟာ အမေရိကန် ပြည်ထောင်စုအပါအဝင် နိုင်ငံအများအပြားအတွက် စိုးရိမ်ဖွယ်ရာဖြစ်လာရတာပါ။

မြန်မာစစ်အစိုးရအနေနဲ့ အထီးကျန်ဖြစ်မယ့် အခြေအနေကနေဝေးတဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခုရှိနေတဲ့အကြောင်း၊ ကိုယ့်ပြည်သူလူထုကို ပိုပြီးတော့ ကောင်းကောင်းမွန်မွန် ပြုမူဆက်ဆံဖို့အကြောင်း၊ မြန်မာလူထုအတွက် လမ်းကြောင်းသစ် တခု ပေါ်ပေါက်လာဖို့ရှိတဲ့ နောက်နှစ်ကျင်းပမယ့် ရွေးကောက်ပွဲတွေကို အစစ်အမှန် ရွေးကောက်ပွဲတွေဖြစ်အောင် လုပ်ဆောင်ပြီး မြန်မာလူထုကို အခွင့်အရေးပေးသင့်ကြောင်း စတာတွေကို မြန်မာစစ်အစိုးရ လက်ခံလာအောင် ကြိုးစား ဆွဲဆောင် စည်းရုံးဖို့ မိမိတို့ ဆက်ပြီး အာရုံစိုက်သွားသင့်ပါတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပြောသွားကြောင်းပါ ခင်ဗျား။

XS
SM
MD
LG