သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြီးသတ်လျှောက်လဲဖို့ ရှေ့နေတွေ ဒေါ်စုနဲ့ ဆွေးနွေး


လက်ရှိ ရန်ကုန် အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံထားရပြီး နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တရားစွဲဆို ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေတွေဟာ ဒီကနေ့ နေ့လယ်ပိုင်းက အင်းစိန်ထောင်တွင်း ဧည့်ရိပ်သာဆောင်တခုမှာ ၂ နာရီကြာ တွေ့ခွင့်ရခဲ့ပါတယ်။ မနက်ဖြန် သောကြာနေ့မှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ နှစ်ဖက်ရှေ့နေတွေက အပြီးသတ် လျှောက်လဲချက် တင်ကြရတော့မှာမို့ အခုလို အာဏာပိုင်တွေက တွေ့ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အစောပိုင်းတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေက ဗုဒ္ဓဟူးနေ့မှာ တွေ့ခွင့်တောင်းခံခဲ့ပေမယ့် အာဏာပိုင်တွေဘက်က ခွင့်မပြုခဲ့ပါဘူး။ ဒီကနေ့ တွေ့ခွင့်ပေးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတိုင်ပင်ခဲ့တာတွေနဲ့ ပတ်သက်လို့ အကျိုးဆောင်ရှေ့နေကြီး ဦးဉာဏ်ဝင်းက ဗွီအိုအေကို အခုလို ပြောပြခဲ့ပါတယ်။

“ကျနော်တို့ အဓိကကတော့ ၂၄ ရက် မနက်ဖြန်အတွက် အပြီးသတ် လျှောက်လဲချက်ကို နောက်ဆုံး ညှိနှိုင်းတာပေါ့။ ပြင်သင့်တာလည်း ပြင်၊ ထပ်တိုးသင့်တာလည်း တိုးတာပေါ့။ အဲဒီညှိနှိုင်းချက်တွေကို ကျနော်တို့က မနက်ဖြန်အမီ စာတွေဘာတွေ ရိုက်ကြရမယ်လေ။ ဒီနေ့ နောက်ဆုံး ညှိနှိုင်းတာပဲ။”

ဒီကနေ့ ဆွေးနွေးမှုအတွင်း အကျိုးဆောင် ရှေ့နေတွေဘက်ကနေ မနက်ဖြန် လျှောက်လဲတင်သွင်းမယ့် အချက်အလက်တွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်က ပြင်ဆင်ခဲ့တာတချို့ ရှိတယ်လို့လည်း ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။

“သူက လျှောက်လဲချက်ထဲမှာ ကျနော်တို့ရေးထားတဲ့ တချို့ကိစ္စတွေမှာ တစုံတဦး ထိခိုက်နစ်နာမယ့် ဟာမျိုးဆိုရင် သူ ဖြုတ်ခိုင်းပါတယ်။ သူ့အပေါ်မှာ အာဃာတနဲ့ တရားစွဲတယ်ဆိုတဲ့ အချက်တွေ၊ ဒါတွေကို ရေးတဲ့နေရာမှာ ကျနော်တို့က တခြား ပုဂ္ဂိုလ်တဦးဦး ထိခိုက်စေမယ့် သဘောမျိုးဆိုရင် သူ မထည့်ပါဘူး၊ ဖြုတ်ခိုင်းပါတယ်။ မှတ်မှတ်ရရ ပြောရရင် အဲဒါတော့ သူလုပ်ပါတယ်။”

ဒါ့အပြင် အာဏာပိုင်တွေဘက်က အခုလို ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာကို ကပ်ပြီး အကြောင်းကြားခဲ့တဲ့ အတွက်လည်း ရှေ့နေတွေ ၄ ဦးစလုံးတွေ့ဖို့ အခက်အခဲ ရှိခဲ့တဲ့အကြောင်း ဦးဉာဏ်ဝင်းက ပြောပြပါသေးတယ်။

“ကျနော်တို့ မနေ့က စာတစောင် ပြန်တင်တယ်။ အကျိုးအကြောင်း ဖော်ပြတယ်၊ ဘာကြောင့် တွေ့ချင်တယ်၊ ဒါ အရေးကြီးတယ် ဆိုတဲ့ဟာကို တင်တယ်။ ဒီနေ့ ၁၂ နာရီခွဲမှာ တွေ့ခွင့်ပြုတယ်လို့ တယ်လီဖုန်းနဲ့ အကြောင်းကြားတယ်၊ ၂ နာရီမှာ တွေ့ရမယ်ဆိုပြီးတော့။ ကျနော်တို့ကလည်း အားချင်း ပြင်ဆင်ပြီး သွားကြရတာ။ တွေ့ခွင့်ရတာတော့ ၄ ယောက်စလုံးပဲ။ ဒါပေမယ့် ၂ နာရီတွေ့ဖို့ကို ၁၂ နာရီခွဲမှ သိတော့ ဦးလှမျိုးမြင့်ကို ကျနော်တို့ ဆက်သွယ်လို့ မရတော့ဘူး။ သူကလည်း အပြင်သွားနေတာနဲ့ ကျနော်တို့ ဘယ်လိုမှ လုပ်မရတော့ သူတယောက် ကျန်ခဲ့ပါတယ်။ ဒါက မပါတာ မဟုတ်ဘူး၊ ပါပါတယ်။ အချိန်နည်းနည်းလေးဆိုတော့ ကျနော်တို့ အားလုံး ဆက်သွယ်လို့ မရပါဘူး။”

ရှေ့နေကြီး ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး အမြဲ ပန်းပန်လေ့ရှိတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီအမှု စတင်ကတည်းက အခုထိ ပန်းမပန်တော့တဲ့ အကြောင်းလည်း ဦးဉာဏ်ဝင်းက ပြောပြခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ်အကျယ်ချုပ် သက်တမ်း ၆ နှစ်ပြည့်ခါနီး ရက်ပိုင်းအလိုမှာ အင်းစိန်အကျဉ်းထောင်ကို ပြောင်းရွှေ့ ချုပ်နှောင်ခဲ့တာဖြစ်ပြီး နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုနဲ့ အခုလို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။ သူ့အမှုကို မေလ ၁၈ ရက်နေ့မှာ စတင်ကြားနာခဲ့တာဖြစ်ပြီး မနက်ဖြန်မှာ နှစ်ဖက်ရှေ့နေတွေကနေ အပြီးသတ် လျှောက်လဲချက် ပေးရတော့မှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ သူ့အပေါ် စွဲဆိုထားတဲ့ အမှုနဲ့ပတ်သက်လို့ သူ့မှာ အပြစ်မရှိတဲ့အကြောင်း တရားရုံးတော်ကို ထွက်ဆိုခဲ့ပြီးသားပါ။

တဆက်တည်းမှာပဲ အင်းစိန်ထောင်အနီး သီရိလမ်းနဲ့ လှိုင်မြစ်လမ်းထောင့်မှာရှိတဲ့ မီးရထားဝန်ထမ်း ဆေးရုံက လူနာအားလုံးကို အာဏာပိုင်တွေကနေ ဒီမနက်မှာ ပြောင်းရွှေ့ခိုင်းခဲ့တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတချို့က ဗွီအိုအေကို ပြောပြပါတယ်။ အတွင်းလူနာအဖြစ် ကုသနိုင်တဲ့ ဆေးရုံအဆောင်ကြီး ၂ ခုမှာ ဆေးကုသနေကြတဲ့ လူနာတွေထဲက တချို့ကို တခြားဆေးရုံတွေဆီ ပြောင်းရွှေ့ခဲ့ပြီး တချို့ကိုတော့ အိမ်ပြန်လွှတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီလို ဖြစ်လေ့ဖြစ်ထ မရှိတဲ့အတွက်လည်း အများကတော့ မနက်ဖြန် ဒေါ်အောင်ဆန်းစုကြည်ရဲ့အမှု နောက်ဆုံးကြားနာမယ့်ရက်နဲ့ တိုက်ဆိုင်နေတာမို့ လုံခြုံရေးအရ ကြိုတင်ရှင်းထားတာ ဖြစ်နိုင်တယ်ဆိုပြီးတော့လည်း သုံးသပ်ပြောဆိုနေကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG