သုံးရလွယ်ကူစေသည့် Link များ

ဒေါ်စုလွတ်မြောက်ရေး ၀တ်ပြုပွဲများ နှောက်ယှက်ခံရ


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုကို နောက်ဆုံးလျှောက်လဲ ကြားနာမယ့် ဒီကနေ့မှာ မြန်မာပြည်တ၀ှမ်းမှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အတွက် ဆုတောင်းပွဲတွေကို ကျင်းပခဲ့ကြပါတယ်။ ဒီလို ဆုတောင်းပွဲတွေ ကျင်းပရတာကတော့ မြန်မာပြည်ရဲ့ နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်းရာမှာ တိုင်းရင်းသားလူမျိုးစုတွေ ယုံကြည်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ် နိုင်ငံရေး မှာ ပါဝင်ဖို့ လိုအပ်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီသတင်းကိုတော့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတွက် အနည်းဆုံး မြို့ကြီး ၂၀လောက်မှာ ဆုတောင်းပွဲတွေ ကျင်းပခဲ့တာ ဖြစ်ပါ တယ်။

မြန်မာ့လွတ်လပ်ရေး တိုက်ပွဲနဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်ခဲ့တဲ့ ရေနံချောင်းမြို့က ဒီကနေ့ လှုပ်ရှားမှုကိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြို့နယ်စည်း ကိုတင့်လွင် က အခုလိုပြောပါတယ်။

“ကျနော်တို့ မနက်က ၈ နာရီ ၁၅ မိနစ်မှာ ရေနံချောင်းမြို့မှာ ရှိတဲ့ လာဘမုနိ မြတ်စွာဘုရားမှာ ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်တယ်။ သပြေပန်းက ၆၅ ခက်၊ ဖယောင်းတိုင် ၆၅ တိုင်၊ နံသာတိုင် ၆၅ တိုင် လှုဒါန်းပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးကို ဆုတောင်းခဲ့ပါတယ်။ မေတ္တာသုတ် ရွတ်တယ်။ မောရသုတ် ရွတ်တယ်။ ပဌာန်း၂၄ ပစ္စည်းကို ရွတ်ဖတ်ပူဇော်တယ်ပေါ့။ သုံးကြိမ် ရွတ်ဖတ်ပူဇော်တယ်တယ်။”

ရေနံချောင်းမြို့က တန်ခိုးကြီးဘုရား တော်တော်များများကို အာဏာပိုင်တွေက သော့ခတ်ထားပြီး ရဲနဲ့ ကြံ့ခိုင်ရေး အဖွဲ့ဝင် တွေက စောင့်ကြပ်နေတယ်။ ဒါကြောင့် အစောင့်မရှိတဲ့ဘုရားကို သွားရောက်ခဲ့တာမို့ အာဏာပိုင်တွေနဲ့ ထိပ်တိုက်ရင်ဆိုင်မှု မဖြစ်ခဲ့ဘူးလို့ ပြောပါတယ်။

ဒီလိုဆုတောင်းရတာဟာ အနာဂတ်မြန်မာပြည်ရဲ့ နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖို့ လိုအပ်နေတယ်လို့ ယုံကြည် နေတာကြောင့် ဖြစ်တယ်လို့ ကိုတင့်လွင့်က ဆက်ပြောပါတယ်။

“ကျနော်တို့ အလုပ်လုပ်နေတာကတော့ ဒေါ်အောင်ဆန်းစုကြည် အတွက်လည်း မဟုတ်ဘူး။ အဲန်အယ်လ်ဒီ အတွက်ရယ်လို့ မဟုတ်ဘူး။ ပြည်သူတွေအတွက် လုပ်နေတာ။ မြန်မာနိုင်ငံမှာ တကယ်တန်းဖြစ်နေတာက ပြည်တွင်းစစ်ပေါ့။ ပြည်တွင်းစစ် ဆိုတဲ့ နာတာရှည်ရောဂါကြီးကို ကုစားဖို့ရာ တိုင်းရင်းသားအများစုက လက်ခံယုံကြည်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးတော့ ပါဝင်မှပဲ ဒီပြည်တွင်းငြိမ်းချမ်းရေး ဆိုတာ ရရှိလာမယ်။ တချိန်ကလည်း ဗိုလ်ချုပ် ကျဆုံးသွားခဲ့လို့ မြန်မာနိုင်ငံရဲ့ အခြေအနေက အခုလိုမျိုးဖြစ်လာခဲ့တာ။ အနာဂတ်မှာလည်း ဒေါ်အောင်ဆန်းစုကြည် ရှိရင် ဗိုလ်ချုပ် ရှိသကဲ့ သို့ပဲ အနာဂတ်ဟာ သာယာဖြောင့်ဖြူးလိမ့်မယ်လို့ လူတိုင်းက လက်ခံယုံကြည်ကြပါတယ်။ အဲဒါကြောင့် အနာဂတ်မှာ ဒေါ်အောင်ဆန်းစုကြည် ပါဝင်မှ သာယာညှင်းပြောင်းတဲ့ ပြောင်းလဲမှုမျိုးတွေ ဖြစ်လာမယ်လို့ ကျနော်တို့က မြင်တယ်ဗျ။ ဒါက လူတိုင်းက လက်ခံယုံကြည်နေပါတယ်။”

ရေနံချောင်းက ဆုတောင်းပွဲကိုတော့ အဲန်အယ်လ်ဒီ ပါတီဝင်တွေနဲ့ ပြည်သူ ၁၁ ယောက် တက်ရောက်ခဲ့ပါတယ်။

မန္တလေးမြို့မှာလည်း ဒီနေ့မနက်က မဟာမုနိဘုရားကြီးမှာ ဆုတောင်းပွဲ ကျင်းပခဲ့ပါတယ်။ ဒီဆုတောင်းပွဲကို အဲန်အယ်လ်ဒီနဲ့ ပြည်သူ ၁၀ ယောက်သာ တက်ရောက်ခဲ့ပေမယ့် အာဏာပိုင်တွေဘက်က လူ ၅၀ လောက် စောင့်ကြည့်ပြီး ဓါတ်ပုံရိုက် မှတ်တမ်း ယူခဲ့ပါတယ်။

အဲန်အယ်လ်ဒီ ပါတီဝင်တယောက်ကတော့ ဆုတောင်းပွဲကအပြန်မှာ အာဏာပိုင်တွေဘက်ကလို့ ယူဆရသူတွေက သူ့ကို ၀င်ရောက်ထိုးကျိတ်ခဲ့တယ်လို့ ပြောပါတယ်။

“ဘုရားကန်တော့ပြီးလို့ ပြန်လာတဲ့အခါ လူစုလည်းကွဲရော ကျနော့်ကို ၀ိုင်းထိုးတယ်ခင်ဗျ။ သူတို့ထဲက လူပဲဗျ။ တာဝန်ရှိတဲ့ လူတွေရဲ့ ရှေ့မှာ ထိုးတာ ကျနော့်ကို။ ဒါ ဥပဒေမဲ့တာပဲလို့ ကျနော်က ပြောလိုက်တာပဲ။ သူတို့ရဲ့ ရှေ့မှာ အထိုးခံရတာ သူတို့ ရဲ့ စနက်ပါတယ်လို့ပဲ ကျနော်ကတော့ ပြောချင်တာပဲ။”

မိုးကုတ်မြို့မှာတော့ သံဃာတော်တွေက ဦးဆောင်ပြီး ဆုတောင်းပွဲ ကျင်းပဖို့ ပြင်ဆင်ပြီးချိန်မှာ လုံခြုံရေး တင်းကျပ်တာ ကြောင့် လူစုခွဲလိုက်ရတယ်လို့ မိုးကုတ်မြို့သား တယောက်က အခုလို ပြောပါတယ်။

ပထမ သံဃာထဲက ကိုယ်တော်နဲ့ မြို့ထဲကလူတွေ ပေါင်းပြီးတော့ ဘုရားတခုသွားမယ် လုပ်ပြီး ဖြစ်ချင်တော့ ဒီနေ့ မိုးကုတ် ကို ဗိုလ်ချုပ် ခင်မောင်မြင့် ဆိုလား၊ လူကြီးခရီးစဉ် လာတော့ လမ်းတိုင်းလမ်းတိုင်းမှာ ဘုရားတိုင်း ဘုရားတိုင်းမှာ ရဲတပ်ဖွဲ့ တွေ လုံခြုံရေးတွေ အများကြီး စောင့်နေတဲ့အခါ ကျတော့ အဲဒါ မလုပ်ဖြစ်လိုက်ဘူး။ အဲဒီဘုန်းကြီးကလည်း သူ့ကျောင်း ပြန်ပြီးတော့ အဲဒီဘုန်းကြီးကျောင်းမှာပဲ ၀တ်ပြုဆုတောင်း လုပ်လိုက်တယ်။ လူငယ်တွေကလည်း သူငယ်ချင်းတွေ စုပြီး သူတို့အိမ်မှာပဲ လုပ်ဖြစ်လိုက်တာဗျ။”

မြင်းခြံမြို့မှာတော့ အဲန်အယ်လ်ဒီ အဖွဲ့ဝင် ၁၅ ယောက်ဟာ ရှင်ပင် နှစ်ဆူနဲ့ ဆန္ဒတော်ပြည့် စေတီမှာ ဒီမနက်က နှစ်ကြိမ် ဆုတောင်းပွဲ ကျင်းပခဲ့တယ်လို့ အဲန်အယ်ဒီ ပါတီက ဦးလူနီ က ပြောပါတယ်။ ဒီမနက် မြင်းခြံမြို့က ဆုတောင်းပွဲကိုတော့ အနှောက်အယှက် တစုံတရာ မရှိဘဲ အေးအေးချမ်းချမ်းပဲ ပြီးဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၃ ခုနှစ် မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အရေးအခင်းအပြီးမှာ နေအိမ် အကျယ်ချုပ် ကျခံနေခဲ့ရတာ ဖြစ်ပါတယ်။ နေအိမ်အကျယ်ချုပ် သက်တမ်းပြည်ခါနီးမှာ အမေရိကန်နိုင်ငံသား တယောက်က သူမ နေအိမ်အတွင်းကို ရေကူးဝင်ရောက်ခဲ့တာကြောင့် လုံခြုံရေးဥပဒေချိုးဖောက်မှုနဲ့ ရုံးတင် စစ်ဆေးခံနေရတာ ဖြစ်ပါ တယ်။ အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်ခဲ့ရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အမြင့်ဆုံးထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG