သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုအမှု ရေးသားပုံ အစိုးရသတင်းစာ ကျင့်ဝတ်မညီ


အခုရက်ပိုင်းတွေအတွင်း ဒေါ်အောင်ဆန်းစုကြည်အပေါ် ဝေဖန်သုံးသပ်တဲ့ သတင်းဆောင်းပါးတွေကို ဆက်တိုက် မြန်မာစစ်အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြရေးသားနေတာ တွေ့ရပါတယ်။ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေရဲ့ အကာအကွယ် မဲ့နေတယ်လို့ ဆိုပါတယ်။ မြန်မာစစ်အစိုးရကတော့ ဥပဒေအထက်မှာ ဘယ်သူမှမရှိဘဲ တရားနည်းလမ်းတကျ အမှုကို စစ်ဆေးနေတာလို့လည်း ပြောဆိုနေပါတယ်။ အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

အခုရက်ပိုင်းတွေအတွင်း သတင်းစာတွေထဲက ရေးသားချက်တွေကို ကြည့်မယ်ဆိုရင် တရားခွင်ကို အာဏာပိုင်တွေက တိုက်ရိုက် ပတ်သက်နေတာကို ပြနေတာဖြစ်တယ်လို့ ပြည်ပအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“အမှုနဲ့ ပတ်သက်တယ်ဆိုတဲ့ နေရာမှာ တရားခံဘက်ကိုသော်လည်းကောင်း၊ တရားလိုဘက်ကိုသော်လည်းကောင်း လိုက်ပြီး အစိုးရ မီဒီယာတွေကနေ ရေးရတယ်ဆိုတဲ့ ထုံးစံမျိုးက အာဏာရှင် နိုင်ငံတွေမှာပဲ ရှိတဲ့သဘောပါ။ အခု ကျနော်တို့ မြန်မာနိုင်ငံမှာ မြင်နေရတာလည်း ဒီအတိုင်းပဲ။ သူတို့ရဲ့ မီဒီယာတွေကတဆင့် တရားရုံးမှာ တရားရင်ဆိုင်နေရတဲ့ ပုဂ္ဂိုလ်ကို တရားခံသဘောမျိုး ခပ်ဆန်ဆန်ရောက်အောင်၊ အထူးသဖြင့် အစောပိုင်း သတင်းစာတွေမှာဆိုရင် တရားခံဆိုတဲ့ သဘောမျိုး စွပ်စွဲပြီး ရေးထားတာကို တွေ့ရတယ်။

“အဲဒါကိုကြည့်မယ်ဆိုရင် စစ်အစိုးရဟာ တရားဥကဒေအထက်မှာ ဘယ်သူမှမရှိရလို့ ဆိုပေမယ့် သူတို့ကိုယ်တိုင်က တရားဥပဒေရဲ့ အပေါ်ဘက်မှာ တက်ထိုင်ပြီးတော့ တရားဥပဒေကို သူတို့လိုသလို ခိုင်းစေနေတယ်ဆိုတဲ့ သဘောမျိုး သက်ရောက်နေတယ်ဆိုတာ အားလုံးအသိပါပဲ။”

အထူးသဖြင့် မြန်မာစစ်အစိုးရပိုင် သတင်းစာတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်းဆောင်းပါးတွေကို ဒီရက်ပိုင်းတွေထဲ စဉ်ဆက်မပြတ် ဖော်ပြနေတာ၊ ဒီသတင်းဆောင်းပါးတွေထဲက ဝေဖန်သုံးသပ်ချက်တွေဟာ တကယ်တမ်း သတင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့ မညီဘူးလို့ ဦးမောင်မောင်မြင့်က ပြောပါတယ်။

“ပြောမယ်ဆိုရင် သတင်းသမားတိုင်း နားလည်ပါတယ်။ သို့သော်လည်း တခုရှိတာက မြန်မာစစ်အစိုးရရဲ့ အခရာကျတဲ့ တချို့နေရာတွေမှာ တာဝန်ယူနေကြတဲ့ လူတွေဟာ သတင်းသမားရဲ့ ကျင့်ဝတ်ဆိုတာကို သူတို့ သေသေချာချာလည်း လေ့လာခဲ့ဘူးပုံ မရပါဘူး။ သို့သော်လည်း မြန်မာနိုင်ငံမှာရှိတဲ့ သတင်းသမား အများစုအနေနဲ့ကတော့ သူတို့ ကောင်းကောင်းသိပါတယ်။ ဒီကိစ္စဟာ တရားဥပဒေနဲ့လည်း မညီညွတ်သလို သတင်းသမားတွေရဲ့ ကျင့်ဝတ်နဲ့လည်း မညီညွတ်ဘူးဆိုတာကို သူတို့အားလုံး သိပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်လို့ အာဏာပိုင်တွေက တရားဝင် သတိပေးချက် ထုတ်ထားတာ မဟုတ်ပေမယ့် ဒီသတင်းတွေကို အလွတ်သတင်းထောက်တွေက ရေးသားတာ၊ သတင်းလိုက်တာမျိုးတွေ မလုပ်ကြဖို့ သက်ဆိုင်ရာ ဂျာနယ်တိုက် အယ်ဒီတာတွေက ကိုယ့်ရဲ့ သတင်းသမားတွေကို သတိပေးထားပါတယ်။ ဒီလိုစနစ်မျိုးတွေထဲမှာ မြန်မာသတင်းသမားတွေ အနေနဲ့ ကျပ်တည်းတဲ့ အခြေအနေမျိုးနဲ့ သတင်းသမားတွေရဲ့ ဘဝကို ဖြတ်သန်းနေရတယ်လို့လည်း ဆိုပါတယ်။

“ပြောရမယ်ဆိုရင် တလမ်းသွား မီဒီယာ ရေစီးကြောင်းပဲ။ တလမ်းသွားဆိုတာ စစ်အစိုးရ အလိုကျ၊ စစ်အစိုးရ ပြောခိုင်းသမျှကိုပဲ ပြောရတာ။ ဒီ့ပြင်မပြောနဲ့၊ ပထမဆုံးအကြိမ် သတင်းထောက်တွေကို ပေးဝင်တယ်ဆိုတဲ့ အချိန်တုန်းက သတင်းစာတွေရော၊ ပုဂ္ဂလိက ဂျာနယ်တွေရော သူတို့ ပေးဝင်တယ်။ နိုင်ငံခြား သတင်းအေဂျင်စီက လူတွေကြတော့ သူတို့ရဲ့ ကျင့်ဝတ်နဲ့အညီ သတင်းသမားကျင့်ဝတ် မှန်မှန်ကန်ကန်နဲ့ မြင်တဲ့ဟာကို မြင်တဲ့အတိုင်း ကမ္ဘာကို တင်ပြလို့ရတယ်။ မြန်မာပြည်သူတွေကို ကမ္ဘာ့သတင်းဌာနတွေက တဆင့် တင်ပြလို့ရတယ်။

“ဒါပေမယ့် မြန်မာနိုင်ငံသားတွေကိုကြတော့ အဲဒီလိုမရဘူး။ သူတို့ကြတော့ စစ်အစိုးရရဲ့ သတင်းဌာနက ထုတ်ပေးတဲ့သတင်းကို ၏သည်မရွေး ပြန်ဖော်ပြရတယ်။ တချို့ဆိုရင် သတင်းခေါင်းစဉ်တောင် ပြောင်းလို့မရဘူး။ ဒီလိုအနေအထားမျိုးမှာ အလုပ်လုပ်နေရတဲ့ သတင်းသမားတွေအတွက် ကျနော် အများကြီး ကိုယ်ချင်းစာပါတယ်။

“တချိန်တည်းမှာပဲ ဒီလိုမျိုး ရောယောင် ပါသွားနေရတဲ့ အခါကြတော့ ကိုယ်ကိုယ်တိုင်ကပင်သည်လျှင် သတင်းကျင့်ဝတ်ကို မလိုက်နာသူဆိုတဲ့ သဘောမျိုး ဖြစ်သွားတဲ့အတွက် သတင်းသမား တယောက်အနေနဲ့ တာဝန်မကျေပွန်ရုံမက သတင်းပညာပေါ်ကိုပါ သစ္စာဖောက်တဲ့သဘောမျိုး ဖြစ်နေပါတယ်။”

မြန်မာ့သတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG