သုံးရလွယ်ကူစေသည့် Link များ

ဒေါ်စုအရေး အကျိုးဆောင်ရှေ့ နေ ဦးဥာဏ်ဝင်း သုံးသပ်ရှင်းလင်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုပြီး စစ်အစိုးရ ရုံးတင်တရားစွဲဆိုနေတဲ့ အမှုအတွက် နောက်ဆုံးစီရင်ချက်ကို ဇူလိုင်လ ၃၁ ရက် (သောကြာနေ့) မှာ ချမှတ်မယ် လို့ တရားသူကြီးက ကြေညာထားပါတယ်။ အပြည့်အစုံကို သိရှိနိုင်ဖို့ ဒီအမှုအခြေအနေတွေကို အနီးကပ် ဆောင်ရွက် လုပ်ကိုင်နေသူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေ့နေ နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်း ကို ဦးကျော်ဇံသာ (ဗွီအိုအေမြန်မာ) က ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

ဦးကျော်ဇံသာ။ ။ ဆရာ ဒီလိုက်ပါခဲ့တဲ့အမှုကို လူတော်တော်များများ နိုင်ငံရေးအမူသာဖြစ်တယ်။ တကယ့်ပြစ်မှုမဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒါပေမယ့် တချို့ ကလည်း ဧည်စာရင်းတိုင်ဖို့ ပျက်ကွက်မှုလောက်တော့ မဖြစ်ပေဘူးလားလို့ ပြောတာ လည်း ရှိကြတယ်။ ဆရာအနေနဲ့ ဘယ်လိုတွေးရပါလဲ။ အမှုလိုက်ပါဆောင်ရွက်နေတဲ့ ရှေ့ နေတဦးအနေနဲ့။

ဦးဥာဏ်ဝင်း။ ။ ဒီ အမှုကတော့ နိုင်ငံရေးပြစ်မှုဆိုတာ ဘယ်လိုမှ ရှောင်ထွက်လို့မရတဲ့ သုံးသပ်ချက်ပဲ။ ဘယ်ဖြစ်လိုလဲဆိုရင် ဒီ ဥပဒေကိုက နိုင်ငံရေးဥပဒေ၊ နိုင်ငံတော်က နှောက်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေ၊ ဒီ ဥပဒေအရ အကျယ်ချုပ် နေအိမ်အကျယ်ချုပ်ထားတယ်။ အဲဒီ နေအိမ်အကျယ်ချုပ်ထားတဲ့ စည်းကမ်းတွေကို ဖောက်တယ် ဆိုပြီးတော့ ဒီ ဥပဒေပုဒ်မ ၂၂ နဲ့ ဆွဲတာ။ ဒီ ဥပဒေ အမြင်အရကိုက နိုင်ငံရေးပြစ်မှုပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကလည်း နိုင်ငံရေး ရည်ရွယ်ချက်အရ တရားစွဲဆိုခြင်းတာ political motivated ပြောပြီးပြီ။ အဲဒါ နိုင်ငံရေးပြစ်မှုပဲ။ နောက် ကျနော်ပြောသွားတဲ့ထဲက တခုပြန်ပြောချင်တာက ဧည်စာရင်းမတိုင်မှုလို့ ပြောတာ။ ကျနော်တို့တိုင်းပြည်မှာ ဧည်စာရင်း မတိုင်မှုနဲ့ ပတ်သက်ပြီးတော့ အခြေခံလူတန်စားအထိ အကုန်လုံး အတွေ့အကြုံ ကြားဖူးနားဝ ရှိကြတယ်။ အဲဒါက ဧည့်စာရင်း တိုင်ရမယ်၊ အိမ်ရှင်တိုင်ရမယ်၊ ဧည်သည်တိုင်ရမယ် ဖြစ်တယ်။ တကယ်တမ်းတော့ ဥပဒေပြဋ္ဌာန်းချက်မှာ အိမ်ရှင်နဲ့ ဘာမှမဆိုင်ဘူး။ အိမ်ရှင်က ဧည်စာရင်းတိုင်စရာ မလိုဘူး။ ဧည်သည်အတွက် ပြဌာန်းထားတဲ့ ဥပဒေ။ အဲဒီတော့ ဥပဒေတွေကို ကျင့်သုံးတဲ့နေရာမှာ လွဲမှားနေတယ်။ ကျနော် ဘာကိုပြောချင်တာလဲဆိုတော့ မစ္စတာယက်တော က ဧည့်သည်၊ ဧည့်စာရင်းတိုင်ရမှာ ဒေါ်အောင်ဆန်းစုကြည် မဟုတ်ဘူး၊ မစ္စတာယက်တော ဖြစ်တယ်လို့ ကျနော်ပြောချင်ပါ တယ်။

ဦးကျော်ဇံသာ။ ။ မြန်မာနိုင်ငံမှာ ပုံမှန်ကတော့ အိမ်ကို ဧည်သည်ရောက်လာတယ်ဆိုရင် အိမ်ရှင်က သွားတိုင်ကြတယ် မဟုတ်ဘူးလား ဆရာ။

ဦးဥာဏ်ဝင်း။ ။ ဟုတ်ကဲ့။ ကျနော်တို့အပါအဝင် ဒီလိုပဲ ကျင့်သုံးရတယ်။ ဥပဒေကို သေချာပြန်ဖတ်ကြည့်တော့ ဒါဟာ လာရောက်တဲ့ ဧည်သည်အတွက် အင်္ဂလိပ်ခေတ်က အင်္ဂလိပ်တွေက လူစိမ်းမလာရအောင် လူစိမ်းတယောက်လာရင် ချက်ချင်း သတင်းပို့ရအောင်လုပ်တာ၊ အိမ်ရှင်အတွက် ပြဋ္ဌာန်းထားတဲ့ ဥပဒေမဟုတ်ပါဘူး။

ဦးကျော်ဇံသာ။ ။ ဆရာ ပြောသွားတဲ့အထဲမှာ အကျဉ်းချထားတာက နိုင်ငံရေးအရ ထိန်းသိမ်းထားခဲ့တယ်ဆိုတော့ ဒီကိစ္စမှာ လည်း ကျနော် တခု မရှင်းလင်းတာက ဒေါ်အောင်ဆန်းစုကြည်ကို စပြီးတော့ ဒီပဲယင်း ကိစ္စပြီးတော့ သူတို့ စဖမ်းတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး ဦးဝင်းအောင် ပြောတာက သူမရဲ့  လုံခြုံရေးအတွက် ကျနော်တို့ တားထားတာပါ။ ဖမ်းထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒီအဆင့်ကနေပြီတော့ နိုင်ငံရေးအရ ဖမ်းတယ်ဆိုတာကို တရားဝင် ပြောင်းလဲခဲ့တာ ရှိပါ သလား။

ဦးဥာဏ်ဝင်း။ ။ ကျနော်ပြောမယ် အဲဒီလို ပြောတာက ဦးဝင်းအောင် တယောက်တည်းမဟုတ်ဘူး။ ကုလသမဂ္ဂ မှ Working Group on Arbitrary Detention မှာ မြန်မာသံအမတ်ကြီးကလည်း အစိုးရရဲ့  ပြန်ကြားချက်ဆိုပြီးတော့ ဒီ အတိုင်းပဲ ပြောဆို ခဲ့တယ်။ အဲဒီအတိုင်းဆိုရင်တော့ နိုင်ငံရေး ပြစ်မှုမဟုတ်ဘူး၊ ဖမ်းတာလည်း မဟုတ်ဘူး။ နောက် arrest လို့ပြောတာ arrest မဟုတ်ဘူးတဲ့။ ဒါပေမယ့် ဆရာဦးကြည်ဝင်း တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီးတော့ အယူခံဖို့ ဆောင်ရွက်တဲ့ အခါမှာ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထိန်းသိမ်းတဲ့ မှတ်တမ်းတွေ ကြည့်ရှု့ ခွင့်ရတယ်။ အခု အမှုမှာလည်း သူတို့တင်လို့ တချို့ တဝက် ကျနော်တို့ ကြည့်ရှု့ ခွင့်ရတယ်။ အဲဒီမှာ မေလ ၃၁ ရက်နေ့က စပြီးတော့ ဒီအမှုနဲ့ စတင် အရေးယူနေပြီ၊ ဒီ ဥပဒေ စတင် အရေးယူနေပြီ။ အဲဒီလို ကျနော်တို့ တွေ့တာ။ အစကတည်းကိုက နိုင်ငံရေးပြစ်မှုပါ။

ဦးကျော်ဇံသာ။ ။ ကာယကံရှင်ကို အကြောင်းကြားသလား။ ဘယ်အမှုနဲ့ အရေးယူပါတယ်ဆိုတာ ကြားဖို့ လိုအပ်တယ် မဟုတ်လား။

ဦးဥာဏ်ဝင်း။ ။ ကာယကံရှင်ကို အကြောင်းကြားတယ်။ ကော်ပီလည်း ပေးတယ်။ ကျနော် ဒီလိုပြောလိုက်လို့ အမြဲတမ်း ပေးတယ်လို့ အဓိပ္ပါယ် ရောက်သွားမှာဆိုလို့ ချွင်းချက်ကိုလည်း ထည့်ပြောမယ်။ နိုဝင်ဘာမှာ လုပ်တဲ့ အဲဒီလို ကန့်သတ် တားဆီးမိန့်နဲ့ ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က ကျနော်ကိုပြောတယ်။ သူကို လုံးဝ လာမပြောဘူး။ ဘာ စာရွက်မှလည်း မပေးဘူးလို့ ပြောပါတယ်။

ဦးကျော်ဇံသာ။ ။ နောက်တခုက နိုင်ငံရေးပြစ်မှုကို ခုခံချေပတဲ့ line of defense က နိုင်ငံရေးအရ ခုခံချေပတဲ့နည်း တချို့  နိုင်ငံရေးသမားကြီးတွေ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေရဲ့  လျှောက်လဲချက်တွေကို အဲဒီလို ရေးကြတာကို တွေ့ဘူးပါတယ်။ နိုင်ငံရေးအားဖြင့် လျှောက်လဲကြပါတယ်။ ဒါ တရားဥပဒေအရ လျှောက်လဲနေလို့ မထူးဘူးဆိုပြီး လျှောက်လဲကြသလား မသိဘူး။ ဆရာတို့ ခုခံချေပတဲ့အခါမှာလည်း ဘယ်နည်းကို အဓိက သုံးပါသလဲ။ ဥပဒေအကြောင်းအရ သုံးပါသလား။ နိုင်ငံရေးအရ ခုခံချေပတဲ့နည်းကိုရော စဉ်းစားခဲ့ကြသလား။

ဦးဥာဏ်ဝင်း။ ။ ဟုတ်ကဲ့ ကျနော်တို့က ဒီလို တရားစွဲဆိုတာကိုက နိုင်ငံရေးရည်ရွယ်ချက်နဲ့ တရားစွဲဆိုတယ်လို့ ပြောတယ်။ ကျနော်တို့ ခုခံချေပရေး ကိစ္စကြတော့ သူတို့စွပ်စွဲတဲ့ ဥပဒေကို ကြည့်လိုက်တဲ့အခါမှာ အဲဒီဥပဒေအနေနဲ့ ငြိစွန်းမှုမရှိဘူး ဆိုတာကို ဒါဟာ တရားစွဲတဲ့ ဥပဒေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ ခုခံရေးလမ်းကြောင်းကို စွဲပြီးတော့ ဆောင်ရွက်ခဲ့ တယ်။

ဦးကျော်ဇံသာ။ ။ နိုင်ငံရေးအားဖြင့် အစိုးရက အာဏာပိုင်တွေက ဒီလိုအရေးယူတယ်ဆိုတော့ (ကျနော် ဆရာကို ရှေ့ နေ တဦး အနေနဲ့ကနေ နိုင်ငံရေးသမားတဦး အမျိုးသားဒီမိုကရေစီ ပြောရေးဆိုခွင့် ပုဂ္ဂိုလ်တဦးအနေနဲ့ ကျနော် စတင်မေးပါမယ်)။ နိုင်ငံရေးအားဖြင့် သူတို့ ဘယ်လို အမြတ်အစွန်းများ ရလိမ့်မယ်လို့ တွက်ပြီးတော့ သူတို့ ဒီအမှုကို ဆင်တာလဲ။

ဦးဥာဏ်ဝင်း။ ။ ကျနော်တို့အထင်ကတော့ road map ခုနှစ်ချက် ဇွတ်လုပ်မယ့်ကိစ္စမှာ ကျနော်တို့အဖွဲ့ချုပ်ခေါင်းဆောင် အပြင်မှာရှိနေရင် သူတို့လုပ်တဲ့ဟာတွေ ချောချောမွေ့မွေ့ မရှိဘူး။ သူကိုတော့ နိုင်ငံရေးအရ လှုပ်ရှားခွင့်မပေးမှဖြစ်မယ် ဆိုတဲ့ ရည်ရွယ်ချက်မျိုးနဲ့ လုပ်တယ်လို့ ကျနော်ယူဆပါတယ်။

ဦးကျော်ဇံသာ။ ။ ရည်ရွယ်ချက် ပေါက်မြောက်ပါသလား။ အတွေးတိမ် မဖြစ်နေဘူးလား။ အခုမှ ပိုဆိုးလာတယ်ဆိုတာမျိုး မဖြစ်နေဘူးလား။ နိုင်ငံတကာ နဲ့ တကမ္ဘာလုံးကနေ ဝိုင်းပြီးတော့ ပြောနေကြပြီ။ ဒီလိုလုပ်တာ မဟုတ်ဘူး သူတို့ road map အတွက် သိက္ခာမကျပေဘူးလား။ သူတို့ ဒီလို မတွေးမိဘူးလား။

ဦးဥာဏ်ဝင်း။ ။ ဆရာပြောတဲ့ဟာ တွေးထိုက်ပါတယ်။ အဲဒီလို တွေးစရာရှိပါတယ်။ ဒါပေမယ့် အခုန ဆရာပြောတဲ့ နိုင်ငံတကာ ကနေ ဖိအားပေးပြောဆိုလာတာတွေ အများကြီးကို မကြားဘူးဆိုတဲ့ နားနဲ့နားထောင်ရင်တော့ ဒီလိုတွေးလို့ မရဘူးလို့ ထင်ပါတယ်။

ဦးကျော်ဇံသာ။ ။ နောက်တခုက တချို့ လူတွေက တွက်ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လျှက်ပြီး ထိန်းချုပ် ထားချင်တယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်အကြောင်းအရ သူဟာ ပြစ်မှုကြောင့် ပြစ်မှုထင်ရှားလို့ စီရင်ခံရဘူးသူ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံရေးလုပ်ပိုင်ခွင့်မရှိတော့ဘူး။ ရွေးကောက်ပွဲဝင်ပိုင်ခွင့်မရှိတော့ဘူး ဆိုတဲဟာမျိုး လုပ်ချင်လို့ ပြောကြတယ်။ ကျနော် စဉ်းစားတာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကရော ရွေးကောက်ပွဲဝင်မယ်လို့ ပြောတာ တခါမှ မကြားဖူးပါဘူး။

ဦးဥာဏ်ဝင်း။ ။ ဟုတ်ပါတယ် ပြောသံမကြားဖူးပါဘူး။ အခုန ပြောသွားတဲ့အထဲမှာ ရာဇဝတ် ပြစ်မှုဆိုင်ရာအမှု ကျူးလွန်ခဲ့ဖူး တဲ့ လူ၊ နိုင်ငံရေးလုပ်ပိုင်ခွင့် မရှိဆိုတာကတော့ ကျနော် လက်လှမ်းမိသလောက် တကမ္ဘာလုံးက ဘယ်ဥပဒေမှာမှ ကျနော် တို့ မမြင်၊ မကြားမိဘူး။ ရှိချင်ရှိမှာပေါ့လေ ကျနော်မရှိဘူးလို့ ပြောတာမဟုတ်ဘူး။ ကျနော်တို့ လက်လှမ်းမီသလောက် တခါမှ မကြားမိဘူး။ ဗမာပြည်မှာ ရှိခဲ့တဲ့ ဥပဒေ ၄၈ ဥပဒေ၊ လွတ်လပ်ရေးရကတည်းက အင်္ဂလိပ်ခေတ်၊ ကိုလိုနီခေတ်၊ ဒီဘက်ထိ ပြစ်မှုကျူးလွန်ခဲ့တဲ့လူ နိုင်ငံရေုးလုပ်ခွင့်မရှိ ဆိုတာမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ပြောချင်တယ်။

ဦးကျော်ဇံသာ။ ။ ရွေးကောက်ပွဲ ဝင်ခွင့်မရှိခဲ့ဘူးဆိုတာကတော့ သူတို့ ဥပဒေထဲမှာရှိတယ် ဆရာ။

ဦးဥာဏ်ဝင်း။ ။ ရွေးကောက်ပွဲ ဝင်ခွင့်မရှိဘူးဆိုတာ ရှိတယ်၊ သမ္မတ မဖြစ်ထိုက်ဘူးဆိုတာ ရှိတယ်၊ အမျိုးမျိုးပေါ့။ ဒါကတော့ ကွဲကွဲပြားပြား ဥပဒေ တခုချင်း တခုချင်းမှာ ရှိပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ ဆိုတော့ သူတို့က ရွေးကောက်ပွဲ မဝင်ထိုက်ဘူးဆိုပြီးတော့များ လုပ်ချင်လို့လားဆိုတာကို စဉ်းစားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ရွေးကောက်ပွဲဝင်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ တခါမှ မကြားမိဖူးပါ။

ဦးဥာဏ်ဝင်း။ ။ ဟုတ်ပါတယ်။ ကျနော်တို့ အဲဒီလို ရည်ရွယ်ချက်မျိုး ရှိရင်လည်း ဒီ ရည်ရွယ်ချက်က သိပ်ပြီးတော့ ဘာမှ လေးနက်တယ်လို့ ကျနော် မထင်ပါဘူး။ Ninty ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ကျနော်တို့ အချုပ်အနှောင်ထဲကနေ ရွေးကောက်ပွဲကို အန်အယ်လ်ဒီ အပြတ်အသတ်နိုင်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ကလည်း ကျနော်တို့ အထဲကနေ ဘာမှ မဆောင်ရွက်ပေးနိုင်တဲ့ အခြေအနေမရှိတာတောင် ပြည်သူချစ်သော မေတ္တာနဲ့ ၉၀ ရွေးကောက်ပွဲက ကျနော်တို့ နိုင်ခဲ့တာပါ။

ဦးကျော်ဇံသာ။ ။ ဆိုတော့ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ကတော့ စီရင်ချက်ချလိုက်မယ်။ စီရင်ချက် ချပြီး တော့ ပြစ်ဒဏ်တခုခု ပေးလိုက်မယ်။ ထောင်ဒဏ်ဘယ်နှစ်နှစ်ချ ပေးလိုက်မယ် ကျနော်တို့ assume လုပ်တာပေါ့။ ပြီးတော့မှ နိုင်ငံတကာရှေ့ မှာ ရွေးကောက်ပွဲအတွက် လွတ်ငြိမ်းချမ်းသာခွင့် ဘာညာပေးတယ်ဆိုပြီးတော့ အမှတ်ယူချင်တဲ့ ရည်ရွယ်ချက် ရှိတယ်လို့ တချို့ က တွက်ကြတယ်။
ဦးဥာဏ်ဝင်း။ ။ ဒါ စဉ်းစားထိုက်တဲ့ ကိစ္စတခုလို့ ကျနော် ယူဆပါတယ်။ လုပ်တယ် မလုပ်တယ်ဆိုတာကိုတော့ ကျနော်တို့ မသိပါဘူး။

ဦးကျော်ဇံသာ။ ။ ဆရာ အခုနပြောတဲ့ ကိုးဆယ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဘာမှ လုပ်ပေးနိုင်ခဲ့ခြင်း မရှိပေမဲ့ အန်အယ်လ်ဒီ က အပြတ်အသတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဦးဥာဏ်ဝင်း။ ။ ဟုတ်ကဲ့ အန်အယ်လ်ဒီဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့  ပြည်သူချစ်သောမေတ္တာကြောင့် နိုင်ခဲ့တာပါ။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ တကယ်လို့ အခု ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ ပြစ်ဒဏ်စီရင်လိုက်တယ်ဆိုရင်ကော အန်အယ်လ်ဒီ ရှေ့ ဆက်ပြီးတော့ ခရီးမှာ ဘယ်လိုဖြစ်နိုင်ပါသလဲ။ ရွေးကောက်ပွဲ ဝင်ဖို့ ဆုံးဖြတ်စရာအကြောင်း ရှိပါသလား။

ဦးဥာဏ်ဝင်း။ ။ အဲဒါက ရွေးကောက်ပွဲဆိုင်ရာ ကော်မရှင်ဥပဒေတို့၊ ရွေးကောက်ပွဲဥပဒေတို့ မှတ်ပုံတင်ဥပဒေတို့ ပါတီ မှတ်ပုံတင်ဥပဒေတို့ ဒီအပေါ်မှာ အခြေခံပြီးမှ ကျနော်တို့ ပြည့်ပြည့်စုံစုံ ဖြေလို့ရလိမ့်မယ်လို့ ထင်ပါတယ်။ ဘာဥပဒေ ထွက်လာမယ်၊ ဘယ်လိုစည်းကမ်းထားမယ်ဆိုတာ ကျနော်တို့ အခုထိ မသိသေးပါဘူး။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ တကယ်လို့ အဲဒီ ဥပဒေဟာ ကိုးဆယ့်ပြည့် ရွေးကောက်ပွဲ ဥပဒေနဲ့ သိပ်မခြားနားဘူးဆိုကြပါစို့ သူတို့ လုပ်ခဲ့ပြီးတဲ့ ဥပဒေနဲ့ပဲ ဒီလူတွေပဲလုပ်ခဲ့ ဒီအတိုင်းဖြစ်လာခဲ့ရင် စောစောကပြောခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့  မေတ္တာနဲ့ ပြည်သူတွေက အန်အယ်လ်ဒီကို တခဲနက် ဆက်လက် ထောက်ခံအားပေးကြလိမ့်မယ်လို့ ထင်ပါသလား။

ဦးဥာဏ်ဝင်း။ ။ ကျနော်တို့ လုံးဝ ယုံကြည်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG