သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ လူ့အခွင့်အရေးကော်မရှင်


လွန်ခဲ့တဲ့ ဇူလိုင်လ တတိယပတ် ထိုင်းနိုင်ငံ ဖူးခတ် (Phuket) မှာ ကျင်းပသွားခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Ministers Meeting) မှာ အာဆီယံလူ့အခွင့်အရေးအဖွဲ့ကို "အာဆီယံအစိုးရများရဲ့ လူ့အခွင့်အရေးကော်မရှင် (ASEAN Human Rights Commission)" လို့ အမည်ပေးပြီး အပိုင်း (၉) ပိုင်းရှိတဲ့ အခြေခံစည်းကမ်းချက် (၇) မျက်နှာကို အတည်ပြုလိုက်ပါတယ်။ လာမယ့် အောက်တိုဘာလ ဖူးခတ်မှာပဲ ကျင်းပမယ့် ၁၅ ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံမှာ အာဆီယံ လူ့အခွင့်အရေးကောက်မရှင်ကို ကိုယ်စားလှယ်တွေ စေလွှတ်ရပါလိမ့်မယ်။ အမည်ကြားတာနဲ့ အစိုးရတွေ ကြီးစိုးတဲ့အဖွဲ့မှန်း သိသာပါတယ်။

အပိုင်း (၁) က ရည်ရွယ်ချက်ကိုဖော်ပြပြီး အာဆီယံ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုကို မြှင့်တင်ဖို့နဲ့ ကာကွယ်ဖို့ ရည်ရွယ်ကြောင်း ဖော်ပြပါတယ်။ အပိုင်း (၂) မှာ အာဆီယံ လူ့အခွင့်အရေးကော်မရှင်က ကျင့်သုံးမယ့် မူဝါဒ (၅) ချက်ကို ဖော်ပြပါတယ်။ အဖွဲ့ဝင်အစိုးရရဲ့ အချုပ်အခြာအာဏာနဲ့ လုပ်ပိုင်ခွင့်ကို ရိုသေလေးစားရေး အဖွဲ့ဝင်နိုင်ငံရဲ့ ပြည်တွင်းရေးမှာ မစွက်ဖက်ရေး စတာတွေပါဝင်နေပါတယ်။ လူ့အခွင့်အရေး မြှင့်တင်ရေးနဲ့ ကာကွယ်ရေးကိစ္စဟာ သက်ဆိုင်ရာအစိုးရရဲ့ တာဝန်ဖြစ်တာမို့ အာဆီယံလူ့အခွင့်အရေး ကော်မရှင်အနေနဲ့ ထိပ်တိုက်တွေ့တဲ့နည်းကို မသုံးပဲ အပြုသဘောနဲ့ ချည်းကပ်တဲ့နည်းနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နည်းကိုသာ သုံးမယ်လို့ ဆိုပါတယ်။ အာဆီယံ လူ့အခွင့်အရေး စံသတ်မှတ်ချက်ကို တဖြည်းဖြည်းချင်း မြှင့်တင်ဖို့ ရည်ရွယ်ပါတယ်။

အပိုင်း (၄)မှာ အာဆီယံလူ့အခွင့်အရေးကော်မရှင်ရဲ့ လုပ်ပိုင်ခွင့် (၁၄) ချက်ကိုဖော်ပြပါတယ်။ အာဆီယံအဖွဲ့မှာ လူ့အခွင့်အရေးမြှင့်တင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။ တနိုင်ငံ ကိုယ်စားလှယ်တဦး လွှတ်ခွင့်ရှိပြီး သက်တမ်း (၃) နှစ်လို့ ဆိုပါတယ်။ အာဆီယံအဖွဲ့ရဲ့ အလှည့်ကျ ဥက္ကဌကသာ အာဆီယံ လူ့အခွင့်အရေးကော်မရှင်ရဲ့ ဥက္ကဌလုပ်ပိုင်ခွင့်ရှိပါတယ်။ ပြဿနာပေါ်ရင် ကိုယ်စားလှယ်အားလုံးက သဘောတူမှ ဆုံးဖြတ်ချက်ချနိုင်ပါတယ်။ သဘောတူချက် မရယူနိုင်တဲ့ကိစ္စကို ပုံမှန်ကျင်းပတဲ့ အာဆီယံထိပ်သီးညီလာခံမှာ အစိုးရအကြီးအကဲတွေက ဆုံးဖြတ်လိမ့်မယ်လို့ ဆိုပါတယ်။ အာဆီယံ ပဋိညာဉ်စာချုပ်အတိုင်း ဆုံးဖြတ်ချက်ချရမယ့် သဘောဖြစ်ပါတယ်။

တကယ်တော့ လူ့အခွင့်အရေးကိစ္စမှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးဟာ အာဏာပိုင်အဖွဲ့လို ဖြစ်နေပါတယ်။ အာဆီယံ လူ့အခွင့်အရေးကော်မရှင်ရဲ့ အခြေခံစည်းမျဉ်းကို ပြင်ဆင်ချင်ရင် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို တင်ပြပြီး အတည်ပြုချက်ယူရမယ်လို့ ဆိုပါတယ်။ အခြေခံစည်းမျဉ်းနဲ့ ပတ်သက်ပြီး အငြင်းပွားလာရင်လည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကပဲ အဆုံးအဖြတ်ပေးရမယ်လို့ ဖော်ပြထားတာတွေ့ရပါတယ်။

လုံခြုံရေးကို အကြောင်းပြပြီး အတိုက်အခံကို နှိမ်နှင်းရာမှာ အာဆီယံအစိုးရတွေဟာ အသွင်တူကြပါတယ်။ အတိုက်အခံနိုင်ငံရေးသမား၊ လူ့အခွင့်အရေးကာကွယ်ရေးသမား၊ နိုင်ငံခြားသတင်းသမား နဲ့ အမှန်တရားလိုလားသူတွေကို လုပ်ကြံတရားစွဲပြီး အပစ်ပေးတဲ့နေရာမှာ စင်္ကာပူအစိုးရဟာ နာမည်အပျက်ဆုံးဖြစ်ပါတယ်။ မင်းဆရာ လီကွမ်ယူ Lee Kuan Yew) နဲ့ သားဖြစ်သူ ဝန်ကြီးချုပ် Lee Hsien Loong ကို ဝေဖန်မှုကြောင့် ဒဏ်ရိုက်ခံရတဲ့ နိုင်ငံခြားစာနယ်ဇင်းတွေလည်း ရှိပါတယ်။ တရားသူကြီးဖက်လိုက်ပုံကို ဝေဖန်လို့ ထောင် (၃) လ ကျသွားသူလည်း ရှိပါတယ်။ စင်္ကာပူအတိုက်အခံဟာ အမြဲတမ်း တရားစွဲခံရ၊ ဒဏ်ရိုက်ခံရ၊ ထောင်ကျခံနေရပါတယ်။

ထိုင်းနိုင်ငံမှာလည်း ဘုရင့်အမျိုးကို စော်ကားမှုနဲ့ အရေးယူခံသူတွေ တိုးပွားနေပါတယ်။ အာဆီယံအစိုးရတွေဟာ ရွေးကောက်ပွဲကို မကြောက်ပါဘူး။ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကိုသာ ကြောက်ကြပါတယ်။ မလေးရှားဟာ ရွေးကောက်ပွဲကို လေးစားပါတယ်။ ထောင်သွင်းအကျဉ်းချခံခဲ့ရတဲ့ ဝန်ကြီးဟောင်း Anwar Ibrahim လွတ်တော်ကိုယ်စားလှယ် ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် မလေးရှားအစိုးရဟာ လွတ်လပ်မှုကို ကန့်သတ်ထိမ်းချုပ်ဖို့ အမြဲတမ်း ကြိုးပမ်းနေပါတယ်။

အာဆီယံအဖွဲ့ရဲ့ ဓလေ့ထုံးစံအတိုင်း အာဆီယံအစိုးရများ လူ့အခွင့်အရေးကော်မရှင်မှာလည်း အဖွဲ့ဝင်အားလုံး သဘောတူတဲ့ကိစ္စကိုသာ ဆွေးနွေးနိုင်ပါလိမ့်မယ်။ သဘောကတော့ ဗမာစစ်အစိုးရသဘောမတူရင် မြန်မာပြည်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အာဆီယံ လူ့အခွင့်အရေးကော်မရှင်မှာ မဆွေးနွေးနိုင်ပါဘူး။ မြန်မာပြည်မှာ လူ့အခွင့်အရေး ချိုးဖျက်နေသူတွေဟာ အစိုးရလက်အောက်ခံ အဖွဲ့အစည်းတွေဖြစ်ပါတယ်။ ဒီလို အာဏာရအစိုးရက မတရားအနိုင်ကျင့်နေတာကြောင့် တရားမျှတမှု လိုလားသူတွေဟာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေကို အကူအညီတောင်းနေရတာပါပဲ။

ဒါပေမယ့် အာဆီယံအစိုးရများရဲ့ လူ့အခွင့်အရေးကော်မရှင်ဟာ အဖွဲ့ဝင်အစိုးရရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို အရေးယူနိုင်မှာ မဟုတ်ဘူးဆိုတာ အခြေခံစည်းမျဉ်းတွေက အတိအလင်း ဖော်ပြနေပါတယ်။ အစိုးရဖက်က လူ့အခွင့်အရေး ချိုးဖျက်နေတာကို ဟန့်တားဖို့အတွက် အစိုးရကို အရေးယူဖို့နဲ့ အစိုးရရဲ့ လုပ်ပိုင်ခွင့်ကို ကန့်သတ်ဖို့လိုပါတယ်။ ဒီ လိုအပ်ချက်တွေအားလုံး အာဆီယံ လူ့အခွင့်အရေး ကော်မရှင်မှာ ကင်းမဲ့နေပါတယ်။ အာဆီယံအစိုးရက သဘောတူမှ ပြည်သူလူထုရဲ့ လူ့အခွင့်အရေးကို မြှင့်တင်နိုင်ကာကွယ်နိုင်မှာမို့ အခြေခံစည်းမျဉ်းက ချုပ်ချယ်ထားတဲ့ ကော်မရှင်သာ ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG