သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စု ဥပဒေအမြင် သဘောထား NLD ကြေညာချက် ထုတ်ပြန်


ဒေါ်အောင်ဆန်းစုကြည် အခု ရင်ဆိုင်နေရတဲ့ အမှုကိစ္စနဲ့ ပတ်သက်လို့ ဥပဒေ အမြင်သဘောထား စာတမ်းတစောင် NLD အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။ ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်အပြင် နောက်ဆုံး ဖြစ်ထွန်းမှုတွေနဲ့ ပတ်သက်လို့ ဘန်ကောက်မြို့မှာရှိတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းတဲ့အခါ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက အခုလို စပြောပါတယ်။

“ကျနော်တို့ ကြေညာချက်တခု ထုတ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဒီအမှုနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဥပဒေအမြင် သဘောထားကို စာတမ်းတစောင် ရေးတယ်။ အဲဒီစာတမ်းကို ကျနော်တို့ရဲ့ အရေးအသား လျှောက်လဲချက်ထဲမှာ ထည့်သုံး တယ်။ အဲဒီ ထည့်သုံးတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာတမ်းကို ဒီနေ့ အဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထား အများပြည်သူ သိအောင်ဆိုပြီး ထပ်ပြီး ကြေညာချက်ထုတ်တယ်။”

အဲဒီစာတမ်းထဲမှာ အဓိက ဘာတွေများ ပါပါသလဲ။

“အဓိကက တရားဥပဒေ စိုးမိုးမှု ရှိဖို့နဲ့ တရားဥပဒေဆိုတာ၊ တရားမျှတမှုဆိုတာ လုပ်နေတယ် ဆိုတာနဲ့ မပြီးပါဘူး၊ အများရဲ့ အမြင်မှာလည်း တရားမျှတမှု ရှိတယ်လို့ အဲဒီလိုမြင်မှ တရားစီရင်ရေး မျှတမှု ရှိမယ်၊ နောက် သူ့ရဲ့ ဒီအမှုနဲ့ ပတ်သက်ပြီး ဒီအမှုအကြောင်းကို သိဖို့ဆိုရင် သူ လွန်ခဲ့တဲ့ ၅ နှစ်ကျော်က ချုပ်နှောင်ခံခဲ့ရတဲ့ဟာ တရားမျှတမှု ရှိမရှိ၊ ဥပဒေနဲ့ ညီမညီ လေ့လာစုံစမ်းပြီးမှ အမှန်ကို သိနိုင်မယ်လို့ အဲဒီလို ရေးထားပါတယ်။”

တဆက်တည်း မေးချင်တာက ဒီတပတ်ထုတ်တဲ့ The Voice ဂျာနယ်ထဲမှာ ဇူလိုင်လ ၃၁ ရက်နေ့မှာ ဆရာပြောတဲ့ စကားတခုကို ကိုးကားပြီး သတင်းဖော်ပြထားတာပါ။ အရင်တုန်းက အခုလိုမျိုး ဖော်ပြတာတွေ ရှိခဲ့ပါသလား။

“ကျနော်တော့ တခါမှ မတွေ့ဖူးပါဘူး။”

ဒါဆိုရင် အခု ဒီလိုမျိုး ဆရာ့ကို တိုက်ရိုက်ကိုးကားပြီး သတင်းရေးသား ဖော်ပြတဲ့အပေါ်မှာ ဘယ်လိုသဘောရပါသလဲ။

“ကျနော်ကတော့ သတင်းရေးသား ဖော်ပြတာ ကျေနပ်တယ်။ အမြဲတမ်းလည်း ဖော်ပြစေချင်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြေကွက်အမှု ကိစ္စကရော ဘယ်အခြေအနေ ရှိနေပါပြီလဲ။

“အဲဒါကတော့ ရောင်းသူဆိုတဲ့ အဲဒီကြော်ငြာမှာပါတဲ့ ဦးခင်မောင်အေးက ရောင်းပိုင်ခွင့်ရှိသူ မဟုတ်ဘူး၊ ငွေပေးထားရင် မိမိငွေ ဆုံးရှုံးနိုင်တယ်၊ ဒါ ရောင်းပိုင်ခွင့်မရှိဘူး၊ ဒီပစ္စည်းဟာ ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်မှာပဲ ရှိတယ် ဆိုတာကို ကျနော်တို့ အမည်မသိ ဝယ်သူရဲ့ ရှေ့နေတွေကို အကြောင်းပြန်ထားပါတယ်။”

ဆရာတို့ အကြောင်းပြန်ပြီး နောက်ပိုင်း ဘာမှ မထူးသေးဘူးလားခင်ဗျ။

“ဟုတ်ကဲ့၊ အခုထိတော့ ဘာမှ မသိရသေးပါဘူး။”

အခုဆိုရင် သြဂုတ်လ ၁၁ ရက်နေ့မှာ စီရင်ချက် ချမယ်ဆိုပြီး နောက်ထပ် ရုံးချိန်း ပေးထားပါတယ်။ ဆရာ အခုချိန်ထိ ဘယ်လိုမျှော်လင့်နေပါလဲ။

“ကျနော်ကတော့ ဥပဒေရှုထောင့်ကပဲ မျှော်လင့်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရပါလိမ့်မယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG