သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေအိမ်ခြံဝင်း ပိုင်ဆိုင်မှုကိစ္စ ဒေါ်စုနဲ့ ရှေ့နေတွေ တွေ့ဆုံခွင့်တောင်း


ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်မြို့ အင်းလျားကန် နံဘေးမှာရှိတဲ့ နေအိမ်ခြံဝင်း တစိတ်တပိုင်းကို ဆွေမျိုးသားချင်းတဦးက ရောင်းချလိုက်တဲ့အကြောင်း မကြာသေးခင်ကပဲ ကြေညာခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆွေးနွေးတိုင်ပင်ဖို့ ရှေ့နေတွေက အာဏာပိုင်တွေထံ တွေ့ဆုံခွင့် တောင်းခံထားပါတယ်။ နေအိမ် အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်လို့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရချိန် နောက်ထပ် တရားတဘောင် ဖြေရှင်း ရမယ့် အခြေအနေတွေနဲ့ ထပ်ကြုံနေရတာနဲ့ ပတ်သက်လို့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက အကြောင်းစုံကို တင်ပြပေးထားပါတယ်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းပေါ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝန်း တစိတ်တပိုင်းကို သူ့ရဲ့ ဆွေမျိုးသားချင်းတဦးက ပိုင်ဆိုင်ကြောင်းနဲ့ ဒါကိုလည်း ရောင်းချလိုက်ပြီဆိုပြီး ပြီးခဲ့တဲ့လ ၂၄ ရက်နေ့တုန်းကပဲ အစိုးရထုတ် ကြေးမုံသတင်းစာမှာ ကြေညာခဲ့တာမို့ ဒါနဲ့ပတ်သက်လို့ ဥပဒေကြောင်းအရ ကန့်ကွက်မှုတွေ ဆက်ပြီး လုပ်သွားနိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက တွေ့ဆုံခွင့် တောင်းထားတာပါ။

သတင်းစာပါ ကြေညာချက်အရ တဖက် အကျိုးဆောင် ရှေ့နေတွေနဲ့ ဝယ်ယူလိုက်သူထံကို တရားဝင် ကန့်ကွက်တာတွေ လုပ်ဆောင်ခဲ့အပြီး ဒါနဲ့ပတ်သက်လို့ အသိပေး ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့် ရဖို့ အာဏာပိုင်တွေထံ တောင်းခံထားပေမယ့် တွေ့ခွင့်ရမရ မသိရသေးဘူးလို့ ဥပဒေအကျိုးဆောင် ရှေ့နေတဦးဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒါ ရောင်းဝယ်ခွင့် မရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည် လက်ဝယ်မှာ ရှိတယ်။ ရောင်းတယ်ဆိုတဲ့ ဦးခင်မောင်အေးလည်း ရောင်းခွင့်မရှိဘူး။ အဲတော့ ရောင်းခွင့်မရှိတဲ့ လူဆီက ဝယ်ရင် ကိုယ့်ငွေပဲ ဆုံးရှုံးမယ်လို့ ဒီလို အသိပေးလိုက်ပါတယ်။ ဒီကိစ္စ အတွက် ကျနော်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဖို့ စာတင်ထားပါတယ်။ ဘယ်နေ့ တွေ့ဖြစ်မလဲတော့ မသိသေးဘူး။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်း တစိတ်တပိုင်းကို ပိုင်ဆိုင်ကြောင်းနဲ့ ရောင်းချလိုက်တဲ့အကြောင်း ကြေညာချက်ကို ကန့်ကွက်သူတွေထဲမှာ အခု ပိုင်ဆိုင်တယ်လို့ ပြောဆိုထားတဲ့ ဦးခင်မောင်အေးရဲ့ ဇနီးဟောင်းလည်း တဦးအပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့လည်း ဒီခြံဝန်း တစိတ်တပိုင်းကို ပိုင်ဆိုင်တာမို့ ရောင်းချမှုကို ကန့်ကွက်ထားတာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“၂၇ ရက်နေ့ ကြေးမုံသတင်းစာမှာပဲ သူ့အမျိုးသမီးကလည်း သူ့ကို ဦးခင်မောင်အေး ရောင်းခွင့်မရှိဘူး၊ သူလည်း ပူးတွဲ ပိုင်တယ်ပေါ့၊ အဲဒီလို ကန့်ကွက်တာကိုလည်း တွေ့ပါတယ်။”

ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်း တစိတ်တပိုင်းကို ပိုင်ဆိုင်ကြောင်း ပြောဆိုမှုတွေ ရှိနေပေမဲ့လည်း အကျိုးဆောင်ရှေ့နေတွေ အနေနဲ့ကတော့ ဒါတွေကို လက်ခံမှာ မဟုတ်တဲ့ အကြောင်းနဲ့ အခုနောက်ဆုံး အချေအတင် ဖြစ်နေရတဲ့ ပိုင်ဆိုင်မှု ကိစ္စမှာလည်း ဝယ်ယူသူအနေနဲ့ နစ်နာဆုံးရှုံးမှုနဲ့သာ ကြုံရနိုင်တဲ့အကြောင်း သတိပေးထားတယ် လို့လည်း ဦးဉာဏ်ဝင်းက ပြောပါတယ်။

“အခုကြေညာတာက ဝယ်တယ်ဆိုတဲ့လူ၊ နာမည်လည်းမသိဘူး၊ မေးလို့လည်း မရဘူး။ ဒါကြီးက လျှို့ဝှက်လည်း လုပ်ထား တယ်။ အဲတော့ ကျနော်တို့ကတော့ သူတို့ကိုပဲ ပြောလိုက်တယ်၊ ခင်ဗျားတို့ ဝယ်ရင်တော့ ခင်ဗျားတို့ မှားမှာပဲ၊ ငွေဆုံးရှုံးမှာ။ ကျနော်တို့ကတော့ ပစ္စည်း Position ကလည်း ကျနော်တို့လက်ထဲမှာ။ ကျနော်တို့ကလည်း တကယ်လို့ အရောင်းအဝယ် လုပ်လည်း ကျုပ်တို့က ဒါပေးမှာမဟုတ်ဘူးဆိုတာ ပြောလိုက်တယ်။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ အကျိုးဆောင်ပေးနေတဲ့ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

တကယ်တော့ အခုနောက်ဆုံး နေအိမ်ခြံဝင်း ပိုင်ဆိုင်မှုကိစ္စလို အချေအတင် ဖြစ်စရာတွေ ထွက်ပေါ်လာတာ ဒါဟာ ပထမဆုံးတော့ မဟုတ်ပါဘူး။ အရင့်အရင်တုန်းကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးလည်း နေအိမ်ကို အမွေဆိုင်အဖြစ် လျှောက်လဲလို့ တရားတဘောင် ရင်ဆိုင်ရတာတွေလည်း ရှိခဲ့တာပါ။ ဒီအမှုဟာဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးခံထားရတဲ့ အချိန်ကာလတလျှောက် ရုံးချိန်းတွေ ရွှေ့ဆိုင်းလာခဲ့တာ အခုအချိန်အထိလည်း မပြီးပြတ်သေးဘဲ ရှိနေဆဲ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG