သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သားသုံးမှု တိုက်ဖျက်ရေး မြန်မာနိုင်ငံမှာ တိုးတက်မှု ရှိ


မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု အခြေအနေနဲ့ ပတ်သက်လို့ ပြောင်းလဲတိုးတက်မှုတွေ ရှိတယ်လို့ လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးငယ်များဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရာဒီကာ ကိုမာရာဆွာမီ (Radhika Coomaraswamy) က ဆိုပါတယ်။ မနေ့ကပြုလုပ်တဲ့ ကုလသမဂ္ဂ သတင်းစာ ရှင်းလင်းပွဲအတွင်း မစ္စ ကိုမာရာဆွာမီက အဲဒီလို ပြောသွားခဲ့တာပါ။

“မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု အခြေအနေနဲ့ ပတ်သက်လို့ တိုးတက်လာတာတွေ ရှိပါတယ်။ အခုဆိုရင် မြန်မာစစ်အစိုးရက ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်တဲ့ ကော်မတီတရပ် ဖွဲ့စည်းထားပြီးပါပြီ။ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နဲ့ အတိုင်းအတာ တခုအထိ ပူးပေါင်းလုပ်ဆောင်လာတာတွေ ရှိသလို ကလေးစစ်သားတချို့ကို ပြန်လွှတ်ပေးတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ဘယ်လိုပုံစံမျိုးနဲ့ ဘယ်လောက် အတိုင်းအတာအထိ ထိရောက်မှုရှိတယ် ဆိုတာကတော့ ကျမတို့လည်း သေချာမသိရပါဘူး။ ဒါကြောင့်မို့လို့လည်း ဒီလကုန်လောက်မှာ ကျမတို့ လုပ်ငန်းအဖွဲ့တခု မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိပါတယ်။”

မြန်မာနိုင်ငံမှာ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ အများကြီးရှိသလို ဒီအဖွဲ့တွေမှာလည်း ကလေးစစ်သား အသုံးပြုမှုတွေ ဆက်ရှိနေတုန်းပဲလို့ မစ္စ ကိုမာရာဆွာမီက ပြောပါတယ်။ ဒါကြောင့် သူတို့အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်တဲ့အခါ ဒီလို ကလေးစစ်သား အသုံးပြုနေဆဲ ငြိမ်းချမ်းရေး စေ့စပ်ဆွေးနွေးမှုမှာ သဘောတူထားတဲ့ အဖွဲ့တွေနဲ့ တွေ့ဆုံဖို့ရှိသလို ဒီအဖွဲ့တွေအနေနဲ့ ကလေးစစ်သားတွေကို ပြန်လွှတ်ပေးဖို့နဲ့ ကလေးစစ်သား အသုံးပြုမှု ဆက်မလုပ်ဖို့ ကိစ္စတွေကို ဆွေးနွေးဖို့ ရှိတယ်လို့လည်း ဆိုပါတယ်။

အဲဒီလိုပဲ မြန်မာစစ်အစိုးရနဲ့လည်း ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်လို့ ဘယ်လို ထိထိရောက်ရောက် တားဆီးဆောင်ရွက်နိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ရှိသလို ကလေးစစ်သားတွေကို ပြန်လွှတ်ပေးဖို့ကိုလည်း မြန်မာစစ်အစိုးရနဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့ မစ္စ ကိုမာရာဆွာမီက ပြောသွားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ ကွန်ဂိုသမ္မတနိုင်ငံ၊ သီရိလင်္ကာနဲ့ နီပေါ စတဲ့နိုင်ငံတို့နဲ့အတူ ကမ္ဘာပေါ်မှာ ကလေးစစ်သား အသုံးပြုမှု အဆိုးရွားဆုံး နိုင်ငံတွေထဲမှာ ပါဝင်ပါတယ်။ ကမ္ဘာပေါ်က ဒီလိုမျိုး ကလေးစစ်သား အသုံးပြုနေကြတဲ့ နိုင်ငံတွေကို ထိထိရောက်ရောက် အပြစ်ပေး အရေးယူဖို့အတွက် လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးသူငယ်များဆိုင်ရာ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် မူကြမ်းတရပ် ချမှတ်နိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြိုးပမ်းနေပါတယ်။ ဒီ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အရ ဆိုရင်တော့ ကလေးစစ်သား အသုံးပြုမှုမှာ ပါဝင်သူတွေကို ICC နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကနေတဆင့် အရေးယူမှုတွေ လုပ်နိုင်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG