သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်သမ္မတ အမာဒင်နီဂျက် ဒုတိယသက်တမ်း ကျမ်းသစ္စာ ကျိန်ဆို


အီရန်သမ္မတ မာမွတ် အမာဒင်နီဂျတ် (Mahmoud Ahmedinejad) ဟာ ဒီကနေ့ ဗုဒ္ဓဟူးနေ့မှာ လွှတ်တော်ပါလီမန် အမတ် တွေ ရှေ့မှောက်မှာ သူ့ရဲ့ ဒုတိယအကြိမ်မြောက် သမ္မတသက်တမ်းအတွက် ကျမ်းသစ္စာ ကျိန်ဆိုပွဲအခမ်းအနားကို ခပ်တိုတို ပဲ ကျင်းပခဲ့ပြီး တိုင်းပြည်ကို ခုခံကာကွယ်သွားမယ်လို့ သူ့ရဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။ သူ့ကို ဆန့်ကျင် သူ တချို့ကတော့ ဒီကျမ်းသစ္စာ ကျိန်ဆိုပွဲကို တက်ခဲ့ခြင်းမရှိဘူးလို့ ဗွီအိုအေသတင်းထောက် Edward Yeranian ကိုင်ရိုမြို့ ကနေ သတင်းပေးပို့ထားတာကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဇွန်လ ၁၂ ရက်နေ့က ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲအတွင်း မဲ မသမာမှုတွေ ရှိခဲ့တယ်လို့ အတိုက်အခံတွေက စွပ်စွဲ ပြောဆိုပြီး တိုင်းပြည်မှာ သွေးထွက်သံယို မတည်ငြိမ်မှုတွေနဲ့ သီတင်းပတ်အတော်ကြာ ရင်ဆိုင်ရပြီးနောက်မှာ အခုလို ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျင်းပတာဖြစ်ပါတယ်။

ပါလီမန်အတွင်း အဲဒီလို ကျမ်းသစ္စာကျိန်ဆိုပွဲ ကျင်းပနေတဲ့တချိန်တည်းမှာပဲ ပါလီမန်အဆောက်အဦ အပြင်ဘက်နဲ့ တခြား နေရာတွေမှာ ကြိုကြား ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့တွေက မျက်ရည်ယိုဆေးတွေဖြန်းပြီး လူစုခွဲ ခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်လာပါတယ်။

ပါလီမန်အတွင်းက မစ္စတာ အမာဒင်နီဂျတ်ကို ဆန့်ကျင်သူတွေက ဒီကျမ်းသစ္စာကျိန်ဆိုပွဲကို မတက်ဘူးလို့ သံန္နိဋ္ဌာန် ချထား ခဲ့ကြတဲ့အတွက် အီရန်ရုပ်မြင်သံကြားက ပြတဲ့ ကျမ်းသစ္စာဆိုပွဲ အခမ်းအနားပုံမှာ ထိုင်ခုံအတော်များများ လွတ်နေတာကို တွေ့ရပါတယ်။

မစ္စတာ အမာဒင်နီဂျက်ကတော့ သူ့အနေနဲ့ တိုင်းပြည်နဲ့ ဘာသာတရားကို ခုခံကာကွယ်သွားမှာဖြစ်တယ်လို့ မျက်နှာထား တင်းမာပြီး ပျော့ပြောင်းတဲ့လေသံနဲ့ ပြောကြားခဲ့ပါတယ်။

“ရွေးကောက်ပွဲမှာ သူ အနိုင်ရခဲ့တယ်ဆိုတဲ့အပေါ် ပြင်ပကနေ မေးခွန်းထုတ်နေကြသူတွေ အတွက် ဘာမှ အကျိုးထူးမှာ မဟုတ်ဘူး” - လို့လည်း သူက ပြောသွားပါတယ်။

သူက ဘယ်သူရယ်လို့ အမည်မတပ်ဘဲ၊ ဆန့်ကျင်သူတွေက အီရန်နိုင်ငံရဲ့ အနာဂတ် မတည်ငြိမ် ဝိုးတဝါးဖြစ်အောင် ဖန်တီး လုပ်ဆောင်နေကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် အသိပညာရှိတဲ့သူတွေက ရွေးကောက်ပွဲမှာ မဲပေးခဲ့ကြပြီး ဘုရားသခင်ရဲ့ အကူအညီကို တောင်းခံခဲ့ကြတယ်လို့ ဆိုပါတယ်။

အတိုက်အခံတွေဘက်က အင်အားနဲ့ ဆန္ဒပြလာမှာကို ဟန့်တားတဲ့အနေနဲ့ ပါလီမန်အဆောက်အဦးအပြင်ဘက်မှာ လုံခြုံရေး တွေကို တင်းကျပ်စွာ ချထားတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ အတိုက်အခံခေါင်းဆောင် မီးဟူစိန် မိုဆာဗီ (Mirhossein Moussavi) နဲ့ မယ်ဒီ ကာရိုးဘီး (Mehdi Karroubi) တို့ကို ထောက်ခံသူတွေက သမ္မတ မာမွတ် အမာဒင်နီဂျက် ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲကို သပိတ်မှောက်ကြဖို့ ဆော်သြထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG