သုံးရလွယ်ကူစေသည့် Link များ

ဒေါ်စု အိမ်အမှုကိစ္စ ရှေ့နေအဖွဲ့နဲ့တွေ့


အင်းစိန်ထောင်ဝင်းထဲမှာ ချုပ်နှောင်ခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အကျိုးဆောင် ရှေ့နေအဖွဲ့က ဒီကနေ့ သွားရောက်တွေ့ဆုံပြီး နောက်ဆုံးပေါ်ပေါက်လာတဲ့ အိမ်ခြံမြေ အရောင်းအ၀ယ်ကိစ္စ ပြဿနာကို ဆက်လက်ဆောင်ရွက်ဖို့ ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။ ဒီပြဿနာဟာ လက်ရှိ တခြားအမှုတခုနဲ့ ရင်ဆိုင်နေရတဲ့ အချိန်မှာမှ ပေါ်ပေါက်လာတဲ့အတွက် သွေးရိုးသားရိုး ကိစ္စတခု မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က မြင်ပါတယ်။ အပြည့်အစုံ ကိုတော့ ဘန်ကောက်မြို့ကနေ စုံစမ်းထားတဲ့ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်ထဲက အိမ်ခြံမြေ တစိတ်တပိုင်းကို ပိုင်ဆိုင်တယ်ဆိုသူက လက်လွှဲ ရောင်းချခဲ့တဲ့ ကိစ္စအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင် ရှေ့နေအဖွဲ့တို့ ဒီကနေ့ နှစ်နာရီကျော်ကြာ အင်းစိန် ထောင်ဝင်းထဲမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

“ကျနော်တို့က အစကတည်းက ဒီနေ့တွေ့ဆုံပွဲဟာ ခြံမြေကိစ္စ ဆွေးနွေးဖို့၊ ကိုယ်စားလှယ်စာ ရယူဖို့ အဲဒါတွေ ဖော်ပြတာ။ တကယ်တမ်း တွေ့တော့လည်း ဒီကိစ္စ အဓိက ဆွေးနွေးတာပါ။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် နေအိမ်အကျယ်ချုပ် တားမြစ်မိန့်ကို ဖောက်ဖျက်တယ်ဆိုတဲ့ စွဲချက်နဲ့ နေအိမ်အကျယ်ချုပ် သက်တမ်း ကုန်ဆုံးခါနီးလေးမှာ အင်းစိန်ထောင်ဝင်းတွင်း ရွှေ့ပြောင်းချုပ်နှောင်ပြီး တရားစွဲဆိုနေတဲ့ အချိန်မှာမှ ဒီ အိမ်ခြံမြေကိစ္စ ပေါ်ပေါက်လာတာပါ။ ခြံမြေကွက် တစိတ်တပိုင်း ရောင်းချတာကို ၀ယ်ယူပြီးပြီမို့ ကန့်ကွက်လိုက ကန့်ကွက်ဖို့ အမည်ဖော်မထားတဲ့ ၀ယ်ယူသူက သူ့ရဲ့ရှေ့နေကနေ တဆင့် ဇူလိုင်လ ၂၄ ရက်နေ့မှာ သတင်းစာတွေကနေ ကြေညာခဲ့ ပါတယ်။ အဲဒီကြေညာချက်ပါတဲ့ ဇူလိုင်လ ၂၄ ရက်နေ့ကိုက လက်ရှိအမှုအတွက် အပြီးသတ် လျှောက်လဲချက် ပေးကြတဲ့နေ့ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ဒီ မြေအရောင်းအ၀ယ် ကိစ္စဟာ သွေးရိုးသားရိုး မဖြစ်နိုင်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ယူဆပါတယ်။

“ဒါဟာ မရိုးမသား၊ ပယောဂ ရှိနိုင်တယ်လို့တော့ ဒေါ်အောင်ဆန်းစုကြည်က အဲဒီအတိုင်း တွက်ထားပါတယ်။”

ဒီကနေ့ တွေ့ဆုံကြရာမှာတော့ ရှေ့နေကိုယ်စားလှယ် လွှဲစာကိစ္စ၊ ဒီ အိမ်ခြံမြေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပဲ သိတဲ့အချက်အလက်တွေ စသည်အားဖြင့် မေးမြန်းပြောဆိုကြပြီး အချက်အလက် စတင်စုဆောင်းနေကြပြီး တဘက်ကနေ တရားစွဲတာမျိုး ဖြစ်လာရင် ဥပဒေကြောင်းအရ ခိုင်ခိုင်လုံလုံ ပြန်ပြီးချေပနိုင်အောင် ပြင်ဆင်နေပြီလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုအရင်း တော်စပ်သူ အခု အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ဦးအောင်ဆန်းဦး ကလည်း ၂၀၀၁ ခုနှစ်ကတည်းက ဒီအိမ်ကို အမွေခံယူထိုက်ကြောင်း တရားရုံးမှာ လျှောက်ထားခဲ့တဲ့အတွက် အဲဒီအမှု ကလည်း လက်ရှိအချိန်ထိ ရင်ဆိုင်နေရဆဲပါ။ ဒီနေရာမှာ ထူးခြားတယ်လို့ ယူဆမယ်ဆိုရင် ယူဆနိုင်စရာရှိတာ တခုကတော့ အခုလို ဦးခင်မောင်အေးဆိုသူက ရောင်းလိုက်ပြီဆိုပြီး ကြေညာခဲ့တဲ့အပေါ် ဦးအောင်ဆန်းဦးတို့ဘက်က တရားဝင် ကန့်ကွက်တာမျိုး တိတိကျကျ မကြားရသေးတာပဲလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေက ပြောပါတယ်။

ဒီ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်းက အိမ်နဲ့ခြံဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်ဖြစ်သူ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည် တောက်လျှောက် နေထိုင်သွားခဲ့တဲ့ အိမ်ဖြစ်ပြီး ဒီအိမ်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။ ၁၉၈၈ ခုနှစ်၊ ၈ လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ ပြီးတဲ့နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးစိုက်ရာနေရာ၊ ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် နေအိမ်အကျယ်ချုပ်ကနေ ပြန်လွတ်လာချိန်တုန်းက စနေ၊ တနင်္ဂနွေတိုင်းမှာ လူသိထင်ရှား ကျော်ကြားခဲ့တဲ့ လူထုစုဝေးပွဲနဲ့ စကားပြောပွဲတွေ လုပ်ခဲ့ရာနေရာပါ။

အခုတော့ ကိုယ်တိုင်က အင်းစိန် အကျဉ်းထောင်ဝင်းထဲမှာ အချုပ်ခံထားရတာမို့ အိမ်ကိုစောင့်ရှောက်ဖို့ မိတ်ဆွေတွေကို အကူအညီ တောင်းထားရတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိန်းသိမ်းစောင့်ရှောက်မှု အောက်မှာပဲ ရှိတယ်လေ။ သူ့မိတ်ဆွေ ၂ ယောက်ကို ဒီအိမ် ထိန်းသိမ်းဖို့ သူ အပ်ထားခဲ့တယ်။ အဲဒီမှာပဲ နေပါတယ်၊ သူတို့။”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင် ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်း ပြောပြသွားတာ ဖြစ်ပါတယ်။

လက်ရှိရင်ဆိုင်နေရတဲ့ နေအိမ်အကျယ်ချုပ် တားမြစ်မိန့် ဖောက်ဖျက်မှုဆိုတဲ့ စွဲချက်အတွက် နောက်ဆုံးစီရင်ချက်ကို လာမယ့် သြဂုတ်လ ၁၁ ရက်နေ့မှာ ချမယ်လို့ ချိန်းဆိုထားပါတယ်။ ဒီအမှုမှာ စဉ်းစားစရာ ဥပဒေရေးရာ ပြဿနာတွေ ပေါ်နေလို့ဆိုပြီး ဇူလိုင်လ ၃၁ ရက်နေ့က စီရင်ချက်မချဘဲ ရွှေ့ဆိုင်းထားတာပါ။ တခါ ဒီအမှု ပေါ်ပေါက်စေခဲ့ရတဲ့ အဓိက လူဖြစ်သူ အမေရိကန်နိုင်ငံသား မစ္စတာ ဂျွန် ၀ီလီယမ် ယက်တော (John William Yettaw) ကလည်း ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပြီး အခြေအနေ တိတိကျကျ မသိရပြန်တာကြောင့် စီရင်ချက် ချမယ့်ရက်ကို ထပ်ပြီး ရွှေ့ဆိုင်းဦးမယ် ဆိုတဲ့ သတင်းတွေကလည်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG