သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားနည်းပညာ ကြိုးပမ်းမှုအပေါ် သုံးသပ်ချက်


မြန်မာစစ်အစိုးရလက်ထဲ နျူကလီးယား နည်းပညာ ရောက်ရှိသွားမယ့်အရေး နိုင်ငံတကာမှာ စိုးရိမ်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ စစ်ဗျူဟာရေးရာကို ဆည်းပူးလေ့လာနေတဲ့ ပညာရှင် ဒေါ်ခင်မမမျိုး (ခင်မမမျိုး ဘလော့စာမျက်နှာ) နဲ့ Burma Digest Online Magazine အယ်ဒီတာ ဒေါက်တာတေဇသူရိယတို့နဲ့ ဦးကျော်ဇံသာက ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ - အခုတလော မြန်မာနိုင်ငံမှာ နျူကလီးယား လုပ်ငန်းတွေကို မြောက်ကိုရီးယားနဲ့ ဆက်စပ်ပြီးတော့ လုပ်လာတယ် ဆိုပြီးတော့ သတင်းတွေ အများကြီး ထွက်ပေါ်လာပါတယ်။ အထူးသဖြင့် သြစတြေးလျက မြန်မာနိုင်ငံ စစ်ရေးအထူးကျွမ်းကျင်တဲ့ Professor ဒက်စ်မွန် ဘောလ် (Prof. Desmond Ball) လို ပုဂ္ဂိုလ်မျိုးက ရေးလာတော့ ဒီကိစ္စ ပိုပြီး ပေါ်လွင်လာပါတယ်။ နိုင်ငံရေးသမားတွေက စိုးရိမ်ကြောင်း ဖော်ပြတာလည်း ရှိပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) ကလည်း ဒီကိစ္စအပေါ်မှာ စိုးရိမ်မကင်း ဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။ ပထမဆုံး သုတေသနသမားတဦး၊ ပညာရှင်တဦးဖြစ်တဲ့ ဒေါ်ခင်မမမျိုးကို မေးချင်ပါတယ်။ မြန်မာနိုင်ငံဟာ နျူကလီးယား စွမ်းအင်လား၊ လက်နက်လား၊ ဘယ်လိုအလားအလာမျိုး ရှိပါသလဲ၊ ဘယ်လိုအခြေအနေမျိုး ရှိပါသလဲ၊ အကျဉ်းချုံး ပြောပြပေးပါ။

ဒေါ်ခင်မမမျိုး - ကျမအမြင်မှာတော့ နျူကလီးယားစွမ်းအင် ထုတ်လုပ်မှု နည်းပညာရော၊ နျူကလီးယား လက်နက် ထုတ်လုပ်မှု နည်းပညာရောက နည်းပညာတခုတည်းပေါ်မှာ အခြေခံထားပါတယ်။ အခု မြန်မာနိုင်ငံရဲ့ နျူကလီးယား နည်းပညာ ရယူမှုအပိုင်းက နှစ်မျိုး လုပ်ဖြစ်မယ်လို့ ယူဆရပါတယ်။

ဦးကျော်ဇံသာ - အဲဒီ နှစ်မျိုးလုပ်မှာက စိုးရိမ်စရာ ကောင်းတယ်ဆိုတဲ့ စိုးရိမ်ချက်တွေက တွဲတွဲပါလာတယ်။ ဘာဖြစ်လို့များ စိုးရိမ်လောက်ပါသလဲ။

ဒေါ်ခင်မမမျိုး - အဓိကကတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးစနစ်နဲ့ ဆိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အာဏာရှင်နဲ့ ဒီမိုကရေစီနိုင်ငံ စနစ် ကွဲပြားမှုအပေါ်မှာ မူတည်ပြီးတော့ နျူကလီးယား နည်းပညာနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေက ဖြစ်ကြတာပါ။ ဒီမိုကရေစီနိုင်ငံတွေမှာကြတော့ နိုင်ငံရေး၊ စစ်ရေး ဆုံးဖြတ်ချက်တွေကို အရပ်သား အစိုးရတွေက ချမှတ်ပါတယ်။ အရပ်သားအစိုးရ ဆိုတာကလည်း ပါတီပေါင်းစုံ၊ တသီးပုဂ္ဂလ အနေနဲ့ ရွေးကောက်တင်မြှောက်ထားတဲ့ ကိုယ်စားလှယ်တွေ၊ အဲတော့ သူတို့ရဲ့ ဆုံးဖြတ်ချက်က ပြည်သူလူထု အကျိုးစီးပွားကို အခြေခံပါတယ်။

အာဏာရှင်နိုင်ငံတွေမှာကြတော့ အစိုးရဆိုတာက စစ်အစိုးရ၊ ဒါမှမဟုတ် စစ်တပ်အပေါ်မှာ သြဇာအာဏာ လွှမ်းမိုးတဲ့ အာဏာရှင်အစိုးရ၊ အဲဒီလို အခြေအနေမျိုး ဖြစ်ပါတယ်။ အဲဒီအခါမှာ နိုင်ငံရေး၊ စစ်ရေးနဲ့ ပတ်သက်ရင် အာဏာရှင် အကျိုးစီးပွားကို အခြေခံပြီး ဆုံးဖြတ်တယ်။ တကယ်လို့ အာဏာရှင် အကျိုးစီးပွား မဟုတ်ခဲ့ဘူးဆိုရင်တောင် သူတို့တွေဟာ Professional Military Organization ဖြစ်တဲ့အတွက် စစ်ရေးရှုထောင့်ကနေပဲ ရှုမြင်ပြီး ဆုံးဖြတ်ကြတယ်။

ဦးကျော်ဇံသာ - အဓိကကတော့ စနစ်ကြောင့် စိုးရိမ်တာပေါ့။

ဒေါ်ခင်မမမျိုး - ဟုတ်ပါတယ်။

ဦးကျော်ဇံသာ - ဒေါက်တာတေဇရဲ့ စိုးရိမ်မှုကိုလည်း ပြောပါဦး။ နျူကလီးယား နည်းပညာ ရမယ်ဆိုတာ ဘာကြောင့် စိုးရိမ်စရာ ဖြစ်ပါလဲ၊ မြန်မာနိုင်ငံမှာ။

ဒေါက်တာတေဇသူရိယ - လောလောဆယ် စိတ်ပူစရာ တကမ္ဘာလုံးကရော ဟီလာရီ ကလင်တန်ကရော ပြောတာမှာ မြန်မာနိုင်ငံက မြောက်ကိုရီးယားနဲ့ တအား ပူးပေါင်းဆောင်ရွက်နေတယ်၊ အဲဒါက စိတ်ပူစရာ အရေးကြီးတဲ့ အချက်တချက် ဖြစ်လာတာပေါ့။ ဂျပန်နိုင်ငံမှာလည်း မြန်မာနိုင်ငံကို မြောက်ကိုရီးယားက ဒုံးပျံလက်နက်တွေ တင်ပို့ဖို့ ကြိုးစားတဲ့ လူ ၃ ယောက် ဖမ်းမိတဲ့သတင်း ပါလာတယ်။

မြောက်ကိုရီးယားက သင်္ဘောတွေ မြန်မာပြည်ကိုအလာ လမ်းမှာ အမေရိကန်သင်္ဘောကလိုက်လို့ သူက ဒုံးပျံလက်နက်တွေ ပါတော့ အစစ်ဆေးခံရမှာစိုးလို့ ပြန်လှည့်သွားတာ၊ မြောက်ကိုရီးယား ပညာရှင်တွေနဲ့ မြေအောက်လိုဏ်ခေါင်း တူးနေတာ၊ အဲဒါတွေရှိတော့ မြောက်ကိုရီးယား ကိုယ်တိုင်ကလည်း ဟိုဒုံးပျံပစ်၊ ဒီဒုံးပျံပစ် သက်သက်မဲ့ ပြဿနာရှာနေတဲ့လူဆိုတော့ သူနဲ့ပေါင်းပြီး လုပ်နေတယ်ဆိုတော့ မကောင်းတဲ့လူနဲ့ ပေါင်းနေတော့ သူလည်း မကောင်းတာဘဲ လုပ်မယ်လို့ ယူဆကြတာဖြစ်မယ်လို့ ကျနော်တော့ ထင်ပါတယ်။

ဦးကျော်ဇံသာ - နျူကလီးယားစွမ်းအင် ဆိုတာ စစ်ရေးကို ခဏထားပြီး ပြောပါရစေ၊ ငြိမ်းချမ်းရေးအားဖြင့် သုံးမယ်၊ စွမ်းအင် မီးမလင်းလို့ တတိုင်းပြည်လုံး ညည်းတွားနေရတဲ့ မြန်မာနိုင်ငံမျိုးမှာ နျူကလီးယားစွမ်းအင် သုံးပြီးတော့ မီး ၂၄ နာရီလုံး လင်းလာအောင် လုပ်ပေးနိုင်ရင် မကောင်းဘူးလား ဒေါ်ခင်မမမျိုး ခင်ဗျာ။ သဘာဝနည်းနဲ့ ထုတ်လုပ်တဲ့ဟာတွေက မြစ်ကြောင်းတွေကို ပိတ်ရလို့ သဘာ၀ တောတောင်တွေ ပျက်စီးတယ်၊ ထိခိုက်မှုတွေ အများကြီးရှိတယ်၊ နျူကလီးယားစွမ်းအင်ဆိုတာ သုံးတတ်ရင် ပိုပြီး သန့်သန့်ရှင်းရှင်း မဖြစ်ပေဘူးလား။

ဒေါ်ခင်မမမျိုး - ဒုတိယ နျူကလီးယားခေတ်လို့ ခေါ်တဲ့ စစ်အေးတိုက်ပွဲကာလ နောက်ပိုင်း အဲဒီလို ကာလတွေမှာကြတော့ Civilian Nuclear Cooperation လို့ခေါ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်လာကြပါတယ်။ အရပ်ဘက်နဲ့ ပတ်သက်ပြီး နျူကလီးယား နည်းပညာကို အသုံးပြုပြီးတော့ Energy ထုတ်လုပ်နိုင်ခဲ့မယ်ဆိုရင် နိုင်ငံတွေအတွက် အကျိုးကျေးဇူးရှိတယ်ဆိုတဲ့ အနေနဲ့ ဒီမိုကရေစီနိုင်ငံတွေကြားမှာ အရပ်ဘက် နျူကလီးယား နည်းပညာကို ရှယ်ယာလုပ်မယ်ဆိုတဲ့ အဖွဲ့အစည်းတွေ ပေါ်ပေါက်လာပါတယ်၊ သဘောတူညီချက်တွေ ရှိလာကြပါတယ်။ မြန်မာနိုင်ငံအနေနဲ့လည်း ဒါကို Civilian Nuclear Technology အနေနဲ့ အသုံးပြုမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွက် အကျိုးကျေးဇူးတွေ အများကြီး ရရှိနိုင်ပါတယ်။ နောက်တခုက နျူကလီးယား Reactor ကနေ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ဓာတ်ငွေ့ကို မထုတ်လွှတ်ဘူး။ အဲဒါကြောင့် ပတ်ဝန်းကျင်အတွက်လည်း အများကြီး အကျိုးကျေးဇူး ရှိပါတယ်။

ဦးကျော်ဇံသာ - ဆိုတော့ အရပ်ဘက် ငြိမ်းချမ်းစွာ သုံးတဲ့ကိစ္စကိုတော့ ကန့်ကွက်စရာ မရှိဘူးပေါ့။

ဒေါ်ခင်မမမျိုး - ဟုတ်ပါတယ်၊ အရပ်ဘက် ငြိမ်းချမ်းစွာ အသုံးပြုမှုအပေါ်မှာ ကန့်ကွက်စရာ မရှိပါဘူး။ တခုပဲ၊ စစ်ရေးပိုင်းနဲ့ ကြည့်ရင်တော့ စိုးရိမ်ဖွယ်ရာက ရှိနေပါသေးတယ်။

ဦးကျော်ဇံသာ - ဒေါက်တာတေဇ ကရော အရပ်ဘက် ငြိမ်းချမ်းစွာ သုံးမယ့်ကိစ္စကို ကန့်ကွက်ပါသေးလား။

ဒေါက်တာတေဇ - နည်းနည်းတော့ ကန့်ကွက်ချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အင်္ဂလန်မှာတောင် ဟိုတလောက ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်တာ လျှော့ချဖို့ဆိုပြီး နည်းလမ်းတွေ စဉ်းစားကြတယ်။ အစိုးရက နျူကလီးယား စက်ရုံတွေ အသစ်ဆောက်မယ်လို့ ပြောကြတယ်။ အဲဒီလို ပြောကြတဲ့အခါမှာ အင်္ဂလန်လို နိုင်ငံမျိုးမှာတောင်မှ သူတို့အပြော နျူကလီးယား နည်းပညာတွေ တိုးတက်နေပြီ ဆိုပေမယ့် နျူကလီးယားကထွက်တဲ့ ရေဒီယိုသတ္တိကြွ ပစ္စည်းတွေကို အန္တရာယ်မဖြစ်အောင် လုပ်တဲ့ နည်းပညာတွေက လုံး၀ စိတ်ချလောက်တဲ့ အဆင့်မျိုး မဟုတ်သေးဘူး။ မြန်မာနိုင်ငံလိုမျိုး နည်းပညာ မပြည့်မစုံနဲ့၊ သူ့ဆရာကလည်း မြောက်ကိုရီးယားလိုမျိုး ပေါချောင်ကောင်း ဆိုတဲ့အခါကြတော့ နျူကလီးယား စွန့်ပစ်ပစ္စည်းတွေက ပတ်ဝန်းကျင်ကို ထိခိုက်နိုင်ပါတယ်။ တနည်းအားဖြင့် တဖက်က ကာဗွန်ဒိုင်အောက်ဆိုက်ဒ်တွေ မထွက်ဘူး၊ ကောင်းတယ်ဆိုပေမယ့် တဖက်က နျူကလီးယား အဆိပ်သင့်တဲ့ဟာတွေ ထွက်မှာ ရှိပါတယ်။

ဦးကျော်ဇံသာ - ဒါပေမယ့် အဲဒီကိစ္စကို IAEA က မကြီးကြပ်ဘူးလားခင်ဗျ။

ဒေါက်တာတေဇ - ကြီးကြပ်တာတော့ ကြီးကြပ်တာပေါ့။ ဒါပေမယ့် မြန်မာပြည်လိုမျိုးကြတော့ ဘယ်လောက် အတိုင်းအတာထိ ကြီးကြပ်နိုင်မှာလဲ။ ဘန်ကီမွန်း သွားပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အရေးလုပ်ချင်မှ လုပ်တာလေ။ အဲဒီလိုမျိုးပေါ့။

ဦးကျော်ဇံသာ - ဟုတ်ကဲ့၊ ဒါလည်း စနစ်ပဲပေါ့။ စနစ်ရယ်၊ အုပ်ချုပ်တဲ့လူရယ် အပေါ်မှာ မူတည်ပြီး စိုးရိမ်မှုပဲပေါ့။

ဒေါက်တာတေဇ - ဟုတ်ပါတယ်။

ဦးကျော်ဇံသာ - ခုန Nuclear Waste ဒေါက်တာတေဇပြောတဲ့ စိုးရိမ်မှုကို ဒေါ်ခင်မမမျိုး ဘယ်လိုသဘောရပါသလဲ။ IAEA က ကြီးကြပ် လမ်းညွှန်တဲ့အတိုင်း လိုက်လုပ်ရင် အဲဒီအန္တရာယ်ကို မကာကွယ်နိုင်ဘူးလား။ စွန့်ပစ်ပစ္စည်းကိစ္စ။

ဒေါ်ခင်မမမျိုး - Waste ကိစ္စမှာတော့ နျူကလီးယား ပါဝါ (nuclear power) ကနေထုတ်တဲ့ Waste Product က ရေရှည်ခံ ဖြစ်နေတာလည်း တပိုင်းပေါ့။ နောက်ပြီးတော့ အခုအချိန်ထိလည်း ဒီပြဿနာက ရှိနေတုန်းပဲ။ နိုင်ငံကြီးတွေမှာလည်း အန္တရာယ်ကင်းအောင် ဘယ်လိုစွန့်ပစ်မလဲဆိုတဲ့ ပြဿနာကတော့ ရှိနေသေးတယ်။ နောက်တချက်က Infrastructure ပိုင်းမှာ Low Quality ဖြစ်နေတဲ့ နိုင်ငံတွေမှာဆိုရင် Accident ဖြစ်ခဲ့မယ်ဆိုရင် Nuclear Reactor မတော်တဆ ဖြစ်မှုက တခြား Energy ပိုင်းထက် ပိုများတယ်။ ဒါပေမယ့် IAEA ရဲ့ Standard အတိုင်းဆိုရင်တော့ Waste ကတော့ လျော့နိုင်တယ်။ တခုပဲ၊ ဒီ Standard တွေအပေါ်မှာ မြန်မာစစ်အစိုးရ လက်အောက်က အမိန့်နာခံမှုအတိုင်းပေါ်မှာပဲ ရှိနေပြီးတော့ ပြန်လှန် ဝေဖန်ဆွေးနွေးမှု ပြုလုပ်လို့မရတဲ့ အခြေအနေမျိုးမှာ ဒီ Standard တွေအပေါ်မှာ ဘယ်လောက်အတိုင်းအတာအထိ Compliance လုပ်နိုင်မလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။

ဦးကျော်ဇံသာ - အခုဆက်ပြီး စစ်ရေးကို ဆက်ပြီး ဆွေးနွေးပါမယ်။ ဒေါ်ခင်မမမျိုးက ပြောပါတယ်၊ ငြိမ်းချမ်းစွာ သုံးတာထက် စစ်ရေးအရ လုပ်လာမယ်ဆိုရင်၊ လက်နက်အဆင့်အထိ လုပ်လာရင် စိုးရိမ်စရာ ကောင်းတယ်ဆိုတော့ ပထမဦးဆုံး မြန်မာပြည် အတိုင်းအတာနဲ့ စဉ်းစားရင် နျူကလီးယားလက်နက်သာ စစ်အာဏာပိုင်တွေ လက်ထဲမှာ ရှိလာရင် ပြည်တွင်းစစ်မှာတော့ ဘယ်လိုမှ သုံးလို့မရဘူးဆိုတာတော့ သေချာတယ်၊ ဆန္ဒပြပွဲ၊ အဓိကရုဏ်းတွေမှာ လူထုကို သုံးလို့မရဘူး။ ဒါဟာ နိုင်ငံကို ကာကွယ်ဖို့အတွက်ဆိုပြီး သူတို့က လုပ်ကောင်းလုပ်မှာပါ။

နံပါတ်တစ်၊ ပြည်တွင်းအတွက်တော့ အန္တရာယ် မရှိနိုင်ဘူးပေါ့။ ဒါပေမယ့် နိုင်ငံကို ကာကွယ်တယ် ဆိုတဲ့နေရာမှာလည်း၊ ဥပမာ မြန်မာ့အိမ်နီးချင်း ထိုင်းဆိုပါတော့၊ မြန်မာနိုင်ငံနဲ့ မကြာခဏ ပြဿနာတွေ ဖြစ်ကြတယ်၊ နယ်စပ်ချင်း ပစ်ခတ်မှုတွေ ဖြစ်တယ်၊ နျူကလီးယားလက်နက် နှစ်ဖက်လုံး ပိုင်ဆိုင်ကြခြင်းအားဖြင့် စစ်ရေးကာလတုန်းကလိုသာ၊ Deterrent ပေါ့၊ နှစ်နိုင်ငံရဲ့ စစ်ရေးအားဖြင့် အလွန်အကျွံ ပဋိပက္ခဖြစ်မယ့်ဟာကို နျူကလီးယား လက်နက်ကြောင့် ထိန်းထားတယ် ဆိုတဲ့ဟာမျိုးလည်း မကြာခဏ ကြုံခဲ့ဘူးပါတယ်။ အခု အိန္ဒိယနဲ့ ပါကစ္စတန်ကိုပဲကြည့်၊ နျူကလီးယား မရှိခင်တုန်းက နယ်စပ်ပဋိပက္ခ တိုက်ပွဲတွေဖြစ်တယ်၊ နျူကလီးယား ဖြစ်လာတဲ့အခါကြတော့ ဒီလက်နက်ကြောင့် သူတို့ဟာ ပေါ်ပေါ်ထင်ထင် စစ်မဖြစ်ရဲတဲ့ ကန့်သတ် ထိန်းချုပ်ပေးသလို ဖြစ်နေတယ်။ အဲဒီဘက်က တွေးမယ်ဆိုရင်ရော စိုးရိမ်လောက်ပါရဲ့လား။ ဒေါ်ခင်မမမျိုး အရင်ဆွေးနွေးပါ။

ဒေါ်ခင်မမမျိုး - ကျမအမြင်တော့ Deterrent တကယ်ပဲ တဖက်နဲ့တဖက် ဒီလို အားပြိုင်မှုတွေ ရှိလာတဲ့ဟာမှာ တဖက်က တဖက်ကို နျူကလီးယားလက်နက်နဲ့ ချေမှုန်းမှာကို စိုးရိမ်ပြီးတော့ တဖက်က စစ်ပွဲကို မစရဲဘူးပေါ့။ အဲဒီလို Deterrent ဖြစ်ဖို့ဆိုတဲ့ဟာက နှစ်ဖက်စလုံးမှာရှိတဲ့ ခေါင်းဆောင်တွေရဲ့ အရည်အချင်းရော၊ Capability မှာ မူတည်နေသလို Credibility ပေါ်မှာလည်း မူတည်နေပါတယ်။ အဲဒီအခါမှာ ဒီမိုကရေစီ အစိုးရတွေမှာကြတော့ ဒီနှစ်ချက်လုံး ရှိပါတယ်။

မြန်မာစစ်အာဏာရှင်တွေ၊ အာဏာရှင်အစိုးရတွေမှာကြတော့ ဒီ Credibility ရှိနိုင်ပါ့မလား၊ သူတို့ကများ တကယ်လို့ နျူကလီးယားလက်နက်ကို အသုံးပြုမယ်ဆိုပြီး စစ်ရေးအရ ဆုံးဖြတ်ချက် ချလိုက်တဲ့အခါမှာ သူတို့ရဲ့ စနစ်အရ နောက်လိုက်ငယ်သားတွေက ဆက်ပြီး အကောင်အထည် ဖော်သွားမလားဆိုတဲ့ အပေါ်မှာ နိုင်ငံတကာက စိုးရိမ်ကြတာ ဖြစ်ပါတယ်။ အဲတော့ မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ပိုင်ခြင်းအားဖြင့် Deterrent Strategy အတိုင်း အိမ်နီးချင်းနိုင်ငံတွေပေါ်မှာ ဒီနည်းဗျူဟာကို အသုံးပြုနိုင်တယ်ဆိုပေမယ့် ဒီနည်းဗျူဟာက ဘယ်သူတွေရဲ့ လက်ထဲမှာလဲ ဆိုတဲ့အပေါ်မှာ မူတည်နေပါတယ်။

ဦးကျော်ဇံသာ - ဒေါက်တာတေဇရဲ့ သဘောထားကိုလည်း သိချင်ပါတယ်။ နျူကလီးယားလက်နက် ပိုင်ဆိုင်ထားခြင်းအားဖြင့် သူတို့ဟာ စစ်ရေးအရ တုံ့ပြန်မယ့်ကိစ္စကို ထိန်းထိန်းသိမ်းသိမ်း နေကြလိမ့်မယ်ဆိုတော့ စစ်ရေးပဋိပက္ခ ပိုတောင် လျော့နည်းနိုင်တယ်ဆိုတဲ့ အယူအဆ၊ မြန်မာနိုင်ငံမှာ နျူကလီးယားလက်နက် ရှိခဲ့ရင် အိမ်နီးချင်းတွေနဲ့ ပြဿနာဟာ အဲဒီလိုမျိုးနဲ့ ပိုမငြိမ်းနိုင်ဘူးလား။

ဒေါက်တာတေဇ - ဒါက သေချာပေါက်ကြီးတော့ ပြောရခက်ပါတယ်။ နိုင်ငံကြီးတွေကတော့ နှစ်ပိုင်းပေါ့၊ သူတို့က စည်းကမ်းရှိကြတယ်၊ တယောက်နဲ့တယောက် ချင့်ချင့်ချိန်ချိန်နဲ့ နျူကလီးယားစစ်ပွဲ ဖြစ်တဲ့အထိ မရောက်သွားဘူးပေါ့။ နောက်ပြီး သူတို့မှာရှိတဲ့ လက်နက်တွေကလည်း တအားများတော့ တယောက်နဲ့ တယောက် အပြန်အလှန် လုပ်ကြရင် ဘယ်သူမှ ကျန်မှာမဟုတ်ဘူး၊ တကမ္ဘာလုံး ပျက်စီးသွားမှာ ဆိုတော့ အဲဒီအတိုင်းအတာ ရှိတာပေါ့။ မြန်မာပြည်လို မြောက်ကိုရီးယားလို နိုင်ငံမျိုးကြတော့ ဒေသတွင်းမှာပဲ ခြိမ်းခြောက်ဖို့၊ ဗိုလ်ကျဖို့ သုံးနိုင်တာပေါ့။ အဲတော့ ကြောက်ပြီး တယောက်ကလုပ်ရင် ငါလည်းလုပ်မယ် ဆိုပြီးတော့ ဒေသတွင်းမှာ လက်နက်အင်အား အပြိုင်အဆိုင် တပ်ဆင်မှုတွေ ဖြစ်လာနိုင်ပါတယ်။ အဲဒါကတော့ စိုးရိမ်စရာ ကောင်းပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG