သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလေးစစ်သား အသုံးမချရေး ကုလဆုံးဖြတ်ချက် လူ့အခွင့်အရေးအဖွဲ့ ကြိုဆို


လက်နက်ကိုင် ပဋိပက္ခတွေ အတွင်းက ကလေးတွေနဲ့ ပတ်သက်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် ၁၈၈၂ ကို မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်နေတဲ့ ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့တခုက ကြိုဆို လိုက်ပါတယ်။ ဒါ့အပြင် ကလေးစစ်သား အသုံးပြုမှု အမှန်တကယ် ပပျောက်ရေးအတွက် လုပ်ဆောင်ဖို့လည်း တိုက်တွန်း လိုက်ပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်မြို့ကနေ ဆက်သွယ်မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်းက တင်ပြ ပေးထားပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ အတွင်းမှာ ရောက်နေတဲ့ ကလေးသူငယ်တွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကနေ ဆုံးဖြတ်ချက်အမှတ် ၁၈၈၂ ကို သြဂုတ်လ ၄ ရက်နေ့ကပဲ တညီတညွတ်တည်း ချမှတ်ခဲ့တာပါ။ တနည်းအားဖြင့်တော့ ဒီဆုံးဖြတ်ချက်ဟာ ကလေးစစ်သား အသုံးပြုမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေတဲ့ ဆုံးဖြတ်ချက်ပါပဲ။ ဒီဆုံးဖြတ်ချက်ထဲမှာ လက်နက်ကိုင် ပဋိပက္ခတွေ အတွင်းမှာရှိတဲ့ ကလေးတွေကို သတ်ဖြတ်တာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတာ၊ ပြန်ပေးဆွဲတာ၊ ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်တာ၊ လူသားချင်း စာနာထောက်ထားမှုနဲ့ ပေးတဲ့ အကူအညီတွေကို တားမြစ်တာနဲ့ ကလေးစစ်သား အသုံးပြုတာတွေဟာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်တာ ဖြစ်တယ်ဆိုပြီး ပြစ်တင် ရှုတ်ချထား ပါတယ်။

ဒီဆုံးဖြတ်ချက်ဟာ နဂိုက ရှိပြီးသား ဆုံးဖြတ်ချက်အမှတ် ၁၆၁၂ ထက် ပိုအားကောင်းတဲ့အတွက် ပိုပြည့်စုံလာတဲ့ ဆုံးဖြတ်ချက် ဖြစ်တယ်ဆိုပြီး ကြိုဆိုလိုက်တာကတော့ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းပါ။

“ကလေးစစ်သား ဆက်လက် အသုံးပြုနေတဲ့ နိုင်ငံတွေကို အရေးယူဖို့အတွက် လုံခြုံရေးကောင်စီက အဆင်သင့်ရှိတယ် ဆိုတဲ့အကြောင်းရယ်၊ လုံခြုံရေးကောင်စီတင် မကဘဲ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အားလုံးကလည်း အဲလိုမျိုး ကလေး စစ်သား အသုံးပြုမှုအတွက် ပိုမိုကောင်းမွန်တဲ့ အရေးယူ လုပ်ဆောင်ဖို့အတွက် တိုက်တွန်းထားတယ်။ နောက်တခါ သူတို့ရဲ့ စာရင်းထဲမှာပါတဲ့ နိုင်ငံတွေ၊ အဖွဲ့တွေအနေနဲ့ ကလေးစစ်သား အသုံးပြုမှုကို ပပျောက်ဖို့အတွက် တကယ့် အချိန်ပိုင်း အတိအကျရှိတဲ့ စီမံကိန်းတွေ ချမှတ် ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတာ ဒါ အားကောင်းတဲ့အချက်တွေ ဖြစ်လာပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အရေးကိစ္စတွေကို ပြောဆိုကြတဲ့ အခါတိုင်းမှာ ဒီ ကလေးစစ်သား အသုံးပြုမှု ကိစ္စကလည်း မကြာခဏဆိုသလို အလေးအနက် ထည့်သွင်းပြောဆိုလေ့ရှိတဲ့ ကိစ္စရပ်တခုပါ။ မြန်မာစစ်အစိုးရဟာ ကနဦးတုန်းကတော့ မြန်မာစစ်တပ်ထဲမှာ ကလေးစစ်သား မရှိဘူးလို့ အစဉ်တစိုက် ငြင်းဆိုခဲ့ပါတယ်။ နောက်ပိုင်းမှာမှ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးဆိုင်ရာ ကော်မတီတခုကို ဖွဲ့စည်းပြီး ကလေးစစ်သား အရေးကိစ္စကို လုပ်ဆောင်လာတာပါ။

မြန်မာစစ်တပ်အပြင် မြန်မာစစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေဆဲဖြစ်တဲ့ လူမျိုးစု လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေဟာလည်း ကလေးစစ်သား အသုံးပြုကြတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာထဲမှာ ပါထားဖူးပါတယ်။ ဒါပေမယ့်လည်း အဖွဲ့အများစုကတော့ သူတို့တွေ ကလေးစစ်သား အသုံးမပြုတော့ဘူးလို့ ငြင်းချက်ထုတ်ကြပါတယ်။

အခု ဆုံးဖြတ်ချက်အမှတ် ၁၈၈၂ အရ ကလေးစစ်သား အသုံးပြုတာ အပါအဝင် လက်နက်ကိုင် ပဋိပက္ခ အတွင်းမှာရှိတဲ့ ကလေးတွေအပေါ် ကျူးလွန်တဲ့သူတွေကို ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတွေ အပြင် လုံခြုံရေးကောင်စီကပါ အရေးယူ ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ ဒီလိုဆုံးဖြတ်ချက်မျိုးဟာ မြန်မာနိုင်ငံအတွက် အများကြီး သက်ရောက်မှုရှိတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“မြန်မာနိုင်ငံက ဒီစာရင်းထဲမှာ ပါနေပြီးသား ဖြစ်တယ်။ တချိန်တည်းမှာပဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၉ ဖွဲ့ကလည်း ဒီစာရင်းထဲမှာ ပါနေတယ်။ တကယ်လို့သာ သူတို့အနေနဲ့ ကလေးစစ်သား အသုံးပြုမှု ရပ်တန့်ရေးအတွက် ဆောင်ရွက်မှုတွေ သေသေချာချာလုပ်တာ မရှိဘူး၊ ကုလသမဂ္ဂရဲ့ အေဂျင်စီနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိဘူး၊ သူတို့ရဲ့ လုပ်ဆောင်ချက်က ဒီလိုမျိုး အတိအကျ အကောင်အထည်ဖော် ပြသနိုင်တာ မရှိဘူးဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ဒီ့ထက် ပိုမို ကောင်းမွန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်တယ်ဆိုတာ ကြိုတင် သတိပေးထားတဲ့ သဘောမျိုး ဖြစ်နေပါတယ်။ အရင်တုန်းကလို သူတို့ လုပ်ပါတယ်ပြောပြီး တကယ်တမ်း အကျိုးမရှိတဲ့ အရာမျိုးနဲ့ သူတို့ ဆင်ခြေပြလို့ မရတော့ပါဘူး။”

မလိုက်နာသူတွေကို ဘယ်လိုအရေးယူမယ်ဆိုတာ ဒီဆုံးဖြတ်ချက်ထဲမှာ တိတိကျကျ ပြဋ္ဌာန်းမထားပေမဲ့ ကလေးစစ်သား အသုံးပြုမှုဟာ လက်နက်ငယ်တွေနဲ့ ဆက်စပ်နေတဲ့အတွက် လက်နက်ငယ် တင်သွင်းမှုကို ပိတ်ပင်တာမျိုး၊ ဒါမှမဟုတ် စစ်လက်နက်ပစ္စည်း တင်သွင်းမှုအားလုံး ပိတ်ပင်တာမျိုးတွေ ဖြစ်လာနိုင်တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေး လုပ်ဆောင်မှုတွေ တိုးတက်လာတာတွေ ရှိတယ်ဆိုပြီး မကြာ သေးခင် ရက်ပိုင်းတုန်းကပဲ လက်နက်ကိုင် ပဋိပက္ခနဲ့ ကလေးငယ်များဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စ ရာဒီကာ ကူမာရာဆွာမိ (Radhika Coomaraswamy) က ချီးကျူး ပြောဆိုခဲ့ပါသေးတယ်။ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးဆိုင်ရာ ကော်မတီတရပ် ဖွဲ့စည်းထားတာ၊ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) နဲ့ အတိုင်းအတာ တခုအထိ ပူးပေါင်းလုပ်ဆောင်လာတာ၊ ကလေးစစ်သားတချို့ ပြန်လွှတ်ပေးတာ စတာတွေကို သူက ထောက်ပြထား ပါတယ်။

ဒါပေမယ့်လည်း မစ္စ ကူမာရာဆွာမိက အခက်အခဲတွေ ရှိနေတာကိုလည်း ထုတ်ပြောသွားတယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

“နအဖက ကလေးစစ်သား ၃၀ ကျော် စေလွှတ်တယ် ပြောပေမယ့် အဲဒီ ကလေးစစ်သား ၃၀ ကျော်ကို ဘယ်ကို ပြန်လွှတ်လဲ၊ နောက်တခါ ဒီကလေးတွေကို ပြန်မလွှတ်ခင် ဘယ်လိုမျိုး အကူအညီတွေ လုပ်ဆောင်လဲဆိုတာ သူတို့ကိုယ်တိုင်လည်း တိတိကျကျ မသိပါဘူး။ နောက်တခုက ဒီ ကလေးစစ်သား အသုံးပြုတဲ့ လူတွေကို ဖမ်းဆီးအရေးယူမှု တချို့ရှိတယ်လို့ သတင်း ကြားပေမဲ့် အဲဒီလူတွေက ဘယ်သူတွေလဲ၊ ဘယ်လိုမျိုးနည်းနဲ့ အရေးယူခဲ့လဲ ဆိုတာကို တိတိကျကျ မရှိတဲ့အတွက် သူ့အနေနဲ့ ကြိုဆိုပေမဲ့ ဒါတွေကို ပြန်လည် စမ်းစစ်နိုင်တာ မရှိဘူးဆိုတာ ထောက်ပြတဲ့အတွက် တကယ်လို့သာ မှန်ကန် လို့ရှိရင် နအဖအနေနဲ့ သူတို့ရဲ့ လုပ်ဆောင်ချက်တွေကို တိတိကျကျ ဖော်ထုတ်ဖို့အတွက် ဒီဟာက ပိုပြီး အရေးကြီးလာ ပါပြီ။”

လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်တပ်နဲ့ တခြား လူမျိုးစု လက်နက်ကိုင် တပ်ဖွဲ့တွေမှာ ကလေးစစ်သား အသုံးပြုနေတာ ပပျောက်သွားအောင် ထိထိရောက်ရောက် လုပ်ဆောင်ရေး ဖိအားပေးဖို့အတွက် ကုလသမဂ္ဂ အဖွဲ့တဖွဲ့ကို မြန်မာနိုင်ငံဆီ စေလွှတ်မယ်လို့ မကြာခင်ရက်ပိုင်းကပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) က ပြောထားပါသေးတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG