သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားရောက် မြန်မာ ၆ ဦး ဂိုဏ်းဖွဲ့လူသတ်မှုနဲ့ ကြိုးမိန့်ပြစ်ဒဏ် ပေးခံရ


မလေးရှားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကိုင်ရင်း ဂိုဏ်းဖွဲ့ပြီး မြန်မာနိုင်ငံသား အချင်းချင်းပေါ် ရာဇဝတ်မှုတွေ ကျူးလွန် နေသူ ၆ ယောက်ကို မလေးရှားနိုင်ငံ တရားရုံးချုပ်က သေဒဏ်အပြင် ထောင်ဒဏ်တွေပါ ပူးတွဲချမှတ် လိုက်ပါတယ်။ အကြောင်းစုံကို စုံစမ်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူ ဗဟိုတရားရုံးက မြန်မာနိုင်ငံသား ၆ ဦးကို လူသတ်မှုနဲ့ ဒီကနေ့မှာ သေဒဏ်ချမှတ်လိုက်ပါ တယ်။ သေဒဏ်ချခံရသူတွေက ဆလင်း၊ ကာဆင်၊ နာခူးရာရှစ်၊ အဗ္ဗဒူကာရင်း ဟာဆင်၊ စိုးစိုးနဲ့ ဇော်ဦးတို့ဖြစ်ပြီး ကြာအင်း ဆိပ်ကြီးနဲ့ မုဒုံမြို့သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ သူတို့ကို ပြီးခဲ့တဲ့ ၂၀၀၅ ခု၊ ဇွန်လတုန်းက မော်လမြိုင်မြို့ သား ဆာဒီ ဟူစိန်ကို သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ်ချမှတ်လိုက်တာ ဖြစ်ပါတယ်။

သေဒဏ်ကျခံရသူတွေနဲ့ ဆူဟိုင်းဂလုပ် အကျဉ်းထောင်မှာ အတူတူနေခဲ့ဖူးသူ တယောက်က အခုလို ပြောပြပါတယ်။

“သူတို့မိသားစုတွေတော့ ခုနက တရားရုံးက ပြန်လာတာ နာခူးမိန်းမနဲ့ ဇော်ဦးမိန်းမကို ကျနော် သွားကြည့်တာ မတွေ့ဘူး ဗျ။ ဇော်ဦးမိန်းမကတော့ ပြန်လာပြီး ပြန်ထွက်သွားတယ်တဲ့။ နာခူးမိန်းမကတော့ လုံး၀ ပြန်မလာသေးဘူး၊ တရားရုံးက နေပြီးတော့။ ကျနော်က သူတို့ကို တွေ့လည်းတွေ့ချင်တယ်၊ ကျနော့်အိမ်နားကပါပဲ၊ နှစ်ယောက်လုံးက။ ဒါပေမဲ့ မြန်မာ ပြည်သားတွေ အနေနဲ့ သေဒဏ်ကျသွားတယ်ဆိုတော့ နှမြောတော့ နှမြောမိပါတယ်ခင်ဗျ။ ဒါပေမဲ့ ဒီကောင်လေးတွေ ကလည်း တော်တော် မိုက်ကမ်းကမ်းနဲ့ အရင်ကလည်း သတ်တာတွေ အများကြီး။ သူတို့ရဲ့ ထောင်မှတ်တမ်းတွေမှာလည်း ရှိနေတော့ တရားသူကြီးကလည်း အဆုံးစွန်ဆုံးကို ချလိုက်တဲ့သဘောမျိုး ဖြစ်နေတာပေါ့နော်။”

သူတို့ကို သေဒဏ်အပြင် သတ်ဖြတ်ခံလိုက်ရတဲ့ ဆာဒီဟူစိန်ရဲ့ အစ်ကို ဆာဖစ်ဟူစိန်ကိုပါ သေစေလောက်တဲ့ လက်နက် တွေနဲ့ တိုက်ခိုက်မှုကြောင့် ထောင်ဒဏ် ၃ နှစ်စီ ထပ်မံချမှတ်လိုက်ပြီး အဲဒီအထဲက ဆလင်းဆိုသူကိုတော့ အခြားအမှုတခု အတွက်ပါ ၃ နှစ် ထပ်တိုးချလိုက်တယ်လို့ မလေးရှားအစိုးရပိုင် ဘနားမား သတင်းအေဂျင်စီမှာ ဖော်ပြထားပါတယ်။

သူတို့ဟာ ကွာလာလမ်ပူအနီး ဆလမ်းယမ်းဒေသမှာ ဂိုဏ်းဖွဲ့ပြီး ရာဇဝတ်မှုတွေ ကျူးလွန်သူတွေ ဖြစ်ကြပါတယ်။ ဆလမ်း ယမ်း ဒေသခံတယောက်က အခုလို အပြစ်ပေးလိုက်တယ် ဆိုပေမယ့် လူမိုက်ဂိုဏ်းတွေ ရှိနေသေးတယ်လို့ ပြောပါ တယ်။

“အသေးမွှားလေးတွေတော့ ရှိတယ်။ အရင်တုန်းကလိုမျိုးတော့ မရှိတော့ဘူးနော်။ ဒါပေမယ့် သူတို့ရဲ့ အဖွဲ့အစည်းတွေ ရှိသေးတာပေါ့၊ အနည်းအကျဉ်း။ အခုလည်း ဒီပုဂ္ဂိုလ်တွေ ဒီလိုဖြစ်သွားတာ လူတော်တော်များများက ဝမ်းသာကြမယ်။ ဝမ်းသာတဲ့လူတွေက တော်တော်များကြမယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အလုပ်အကိုင် အဆင်ပြေနေတဲ့ ပုဂ္ဂိုလ် တွေကို သူတို့တွေက ဘယ်အချိန် အလုပ်သွား၊ ဘယ်အချိန် အလုပ်လာဆိုပြီး ကြည့်တယ်။ ပြီးတော့ ညကျရင် ဒီကောင်တွေ က လမ်းထဲမှာ ဖြတ်စောင့်ပြီးတော့ နှုတ်ပိတ်ခေါ်သွားလိုက်တယ်၊ ကားနဲ့။ ခေါ်သွားပြီးရင် နောက်နေ့ကျ ဘယ်နှစ်သောင်း ဆိုပြီး လှမ်းတောင်းတယ်၊ အဲလိုပုံစံမျိုးတွေ။”

မလေးရှားနိုင်ငံက မြန်မာနိုင်ငံသား အချင်းချင်းအပေါ် ဂိုဏ်ဖွဲ့ပြီး ရာဇဝတ်မှု ကျူးလွန်သူတွေဟာ မလေးလူမိုက်ဂိုဏ်း တွေနဲ့လည်း ဆက်စပ်မှုရှိတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG