သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျင်မ်ဝက်ဘ်ရဲ့ မြန်မာနိုင်ငံခရီး ဝါရင့်နိုင်ငံရေးသမားကြီးများ သတိနဲ့ကြိုဆို


အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) မြန်မာနိုင်ငံကိုလာရောက်မယ့် ခရီးစဉ်အပေါ် ပြည်တွင်း ဒီမိုကရေစီရေး ကြိုးပမ်းဆောင်ရွက်နေသူတွေက အပြုသဘောနဲ့ ကြိုဆိုလိုက်ကြပါတယ်။ ဒါပေမယ့်လည်း သူ့ခရီးစဉ် ရဲ့ အဓိကရည်ရွယ်ချက်နဲ့ ဘာတွေ ပြောဆိုဆွေးနွေးမှာလည်း ဆိုတာကတော့ စောင့်ကြည့်ရဦးမယ်လို့ ပြောကြပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်မြို့ကနေ စုံစမ်းမေးမြန်းထားတဲ့ ဝိုင်းတော်သား ကိုကျော်ကျော်သိန်းက အစီရင်ခံထားပါတယ်။

အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ရဲ့ခရီးစဉ်ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်တရားစွဲနေတဲ့အပေါ် အမေရိကန်ပြည်ထောင်စုက ကန့်ကွက် ပြစ်တင်ထားပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတဲ့အချိန်၊ ပြန်လွှတ်ပေးရင် အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်လာနိုင်ပြီး ရင်းနှီးမြှုပ်နှံမှု အခွင့်အလန်းတွေပါ ပွင့်လာမယ်လို့ ပြောထားချိန်၊ တခါ ဆယ်နှစ်ကျော်အတွင်းမှာ မြန်မာနိုင်ငံကိုလာရောက်မယ့် ပထမဆုံး အမေရိကန်လွှတ်တော်အမတ်၊ သူက လက်ရှိမှာ အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၊ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ကော်မတီခွဲရဲ့ ဥက္ကဋ္ဌ၊ မြန်မာစစ်အစိုးရနဲ့ အမေရိကန်ပြည်ထောင်စုကြား ဆက်ဆံရေးက သံအမတ်ကြီးအဆင့်တောင်မရှိဘဲ မပြေမလည်နဲ့ တဘက်တဘက် ပြစ်တင် ဝေဖန်လာခဲ့တာ နှစ်နှစ်ဆယ်ကျော် ကြာလာတဲ့အချိန် စတဲ့ အချိန်အခါ အခြေအနေတွေကြားထဲမှာ ဒီခရီးစဉ်ဖြစ်လာတာပါ။

ဒီခရီးစဉ်ကနေပေါ်လာမယ့် ရသမျှ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပါလို့ တိုက်တွန်းလိုက်တာကတော့ မြန်မာနိုင်ငံက ဝါရင့် သံတမန်ဟောင်းတဦး ဖြစ်တဲ့ သခင်ချန်ထွန်းပါ။

“ဒီလိုအချိန်မှာ အမေရိကန်ခေါင်းဆောင်တယောက်က မြန်မာပြည်လာလည်တယ် ဆိုတော့ ကျနော်တို့က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုပြီးတော့ သူတို့ရဲ့ ဆန္ဒ၊ သဘောထား သေသေချာချာ နားလည်အောင် မြန်မာနိုင်ငံက တပ်မတော်ခေါင်းဆောင်တွေနဲ့ တွေ့ပြီးတော့ ဆွေးနွေးဖို့ကောင်းတယ်။ အကုန်လုံး - တို့က ဘာဂရုစိုက်စရာရှိလဲ။ တို့ လုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောမျိုး နေရင်တော့ တိုင်းပြည်က နစ်နာသည်ထက် နစ်နာပြီးတော့ ကျပ်တည်းသည်ထက် ကျပ်တည်းသွားဖို့ပဲ ရှိပါတယ်။ ဒါကြောင့်မိုလို့ အမေရိကန်လွှတ်တော်အမတ် လာတဲ့အချိန်မှာ မြန်မာ့တပ်မတော် ခေါင်းဆောင်ကြီးတွေ အနေနဲ့ တွေ့ဆုံတဲ့အခါမှာ သေသေချာချာ အခြေအနေတွေကို ကိုယ့်နိုင်ငံအတွက် အကျိုးရှိအောင်လို့ပေါ့လေ။ အမိအရ ဖမ်းဆုပ်ပြီးတော့ ဆောင်ရွက်ဖို့ ဖြေရှင်းဖို့ တိုက်တွန်းချင်ပါတယ်။”

မြန်မာနိုင်ငံရဲ့ လက်ရှိနိုင်ငံရေးအခြေအနေအောက်မှာ ဆယ်နှစ်ကျော်ကြာပြီးမှ အမေရိကန် အထက်လွှတ်တော် အမတ် တဦး လာမယ်ဆိုတာဟာဖြင့် ကောင်းတဲ့သဘောပါပဲလို့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ရဲ့ပြောရေးဆိုခွင့်ရှိသူ ချင်းတိုင်းရင်းသား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ပူကျင့်ရှင်းထန်ကမြင်ပါတယ်။

“ကျနော်တို့မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေက တော်တော်လေးကို ဆိုးရွားနေတဲ့အချိန်အခါမှာ အခု လာမယ်ဆိုတော့ ဒါကတော့ အကောင်းလက္ခဏာ ဖြစ်တယ်လို့ ကျနော်က အဲဒီလိုပဲ ယူဆတယ်။ ဒါပေမယ့် သူ လာတဲ့အခါမှာတော့ ကျနော်တို့ လူမျိုးစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ တွေ့များတွေ့မလား၊ မတွေ့ဘူးလား ဆိုတာတော့ ပြောလို့မရဘူး။ နိုင်ငံမှာရှိတဲ့ အစိုးရ အာဏာပိုင်တို့လောက်နဲ့ပဲ တွေ့မယ်ဆိုတော့ ကျနော်တို့က ဒီထက်ပိုပြီးတော့ ကျနော်တို့က ပြောဖို့မရှိသေးပါဘူး။ ဒါပေမယ့် လာတာကိုက ကောင်းတယ်လို့၊ အမေရိကန်နဲ့ မြန်မာ ဆက်ဆံရေး ပိုပြီး ပြေပြစ်နိုင်မယ်ဆိုပြီးတော့ အဲဒီလိုပဲ ယူဆတယ်။”

သူဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာတွေ သိပ်လုပ်ခဲ့ဖူးသူတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း အမေရိကန် အထက်လွှတ်တော်ထဲမှာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့ အရေးယူတာတွေကို သိပ်လက်မခံချင်သူအဖြစ် သိထားကြပါတယ်။ ဒီအတွက်ကြောင့်လည်း မြန်မာအစိုးရက သူလာဖို့ အလွယ်တကူ လက်ခံခဲ့လေသလား ဆိုတာကတော့ စဉ်းစားစရာပါ။

ဒါကိုထောက်ပြီး လာတယ်ဆိုတာကို ကြိုဆိုပေမယ့် သူကဘာတွေ ပြောဆို ဆွေးနွေးမယ်၊ ရည်ရွယ်ချက်က ဘာဆိုတာတွေကတော့ ရှင်းရှင်းလင်းလင်း မရှိလှဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“ယေဘုယျအားဖြင့်တော့ အမေရိကန်ဟာ ဒီမိုကရေစီကို ထောက်ခံနေတာပဲလေ။ ဒီအမြင်လောက်နဲ့ဆိုရင်တော့ မစိုးပါဘူးလို့ ပြောရမှာပေါ့။ ကျန်တာတော့ အသေးစိတ် တခုချင်း နည်းဗျူဟာ ဘယ်လိုရှိလဲတော့ ကျနော်တို့လည်း မသိဘူးဗျ။ သူက မြန်မာပြည်နိုင်ငံရေးနဲ့ ပတ်သက်တဲ့ပြောတာလည်း မရှိဘူး။ ဘာမှမတွေ့ဘူးလေ။ သူ့အလုပ်က အိုဘားမား ရဲ့ new strategies မှာ အကျုံးဝင်သလား၊ မဝင်ဘူးလား ကျနော်တို့ သိပ် မပြောနိုင်သေးဘူးဗျ။ ကျနော်တို့ ဘာမှလည်း သိပ်မသိရသေးဘူး။”

အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ဟာ သူ့ခရီးစဉ်အတွင်း ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့မှာ အစိုးရ ကိုယ်စားလှယ်တွေ၊ စက်မှုလုပ်ငန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG