သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် စီရင်ချက်အပေါ် နိုင်ငံတကာက ဒေါသနဲ့ တုံ့ပြန်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား အင်းစိန်ထောင်တွင်း အထူးတရားရုံးက ပြစ်ဒဏ် စီရင်ချက် ချလိုက်တဲ့အပေါ် နိုင်ငံတကာ အသိုင်းအဝန်းက ဒေါသတကြီးနဲ့ တုံ့ပြန် ပြစ်တင် ရှုတ်ချကြပါတယ်။

ကွန်ဂို ဒီမိုကရက်တစ် သမ္မတနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) က ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ပြစ်ဒဏ် စီရင်ချက် ချလိုက်တာကို ပြစ်တင် ရှုတ်ချ လိုက်ပြီး ချက်ချင်းလွှတ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။

အမေရိကန်နိုင်ငံသား ဂျွန် ဝီလီယံ ယက်တော (John William Yettaw) အား ပြင်းထန်တဲ့ ထောင်ဒဏ် စီရင်ချက် ချတဲ့ အတွက်လည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြစ်တင် ဝေဖန်သွားပါတယ်။

ဆွီဒင်နိုင်ငံ အလှည့်ကျ ဥက္ကဋ္ဌတာဝန် ယူထားတဲ့ အီးယူ ဥရောပသမဂ္ဂက မြန်မာစစ်အစိုးရအပေါ် ပိုမိုဒဏ်ခတ် အရေးယူ သွားမယ်လို့ ကတိပြုလိုက်ပါတယ်။ အခုလို ပြစ်ဒဏ် စီရင်လိုက်တာဟာ ပြည်တွင်းနဲ့ နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ရာ ရောက်တာမို့ ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနဲ့ ချွင်းချက်မရှိ လွှတ်ပေးဖို့ အီးယူက ကြေညာချက်တရပ် ထုတ်ပြန်ပြီး တောင်းဆိုလိုက်ပါတယ်။

ဗြိတိသျှ ဝန်ကြီးချုပ် ဂေါ်ဒွန် ဘရောင်း (Gordon Brown) ကလည်း ဒေါ်အောင်ဆန်းစုကြည်အား အတုအယောင် စစ်ဆေး ပြီး ပြစ်ဒဏ် စီရင်လိုက်တဲ့အတွက် ဝမ်းနည်း ဒေါသထွက်မိတယ်လို့ ကြေညာလိုက်ပါတယ်။ မြန်မာစစ်အစိုးရကို ကမ္ဘာတဝှမ်း က လက်နက် မရောင်းချဖို့ ပိတ်ပင်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဆောင်ရွက်ပါလို့လည်း ဗြိတိသျှ ဝန်ကြီးချုပ် က တိုက်တွန်းသွားပါတယ်။

တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား (Nelson Mandela) က အထင်ကရ ကမ္ဘာ့ခေါင်းဆောင်ကြီးများ အဖွဲ့ရဲ့ ကိုယ်စား အခု ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်လိုက်တဲ့ ပြစ်ဒဏ်စီရင်ချက်ကို လက်မခံကြဖို့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများအသင်း၊ အီးယူနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီတို့ကို တိုက်တွန်းလိုက်ပါတယ်။

တောင်အာဖရိကနိုင်ငံက ဘုန်းတော်ကြီး ဒက်စ်မွန် တူးတူး (Desmond Tutu) ကလည်း ဒေါ်အောင်ဆန်းစုကြည်အား နောက်ထပ် အကျယ်ချုပ် ချထားလိုက်တာဟာ လျှော့ပေါ့ပေးတာ မဟုတ်ဘူး၊ တရားမဝင်တဲ့ တရားစီရင်မှုကို ကိုင်တွယ် သွားတာသာ ဖြစ်တယ်လို့ ထောက်ပြ ဝေဖန်လိုက်ပါတယ်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အခုလို ပြစ်ဒဏ် စီရင်ချက် ချလိုက်တာဟာ စစ်အစိုးရက ဖွဲ့စည်းပုံအတုနဲ့ ပြုလုပ်မယ့် ရွေးကောက်ပွဲအတုမှာ မပါဝင်နိုင်အောင် လုပ်တာဖြစ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ အရှိန်မြှင့်တင် တောင်းဆိုကြပါလို့ TUC အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်က ကြေညာချက်တရပ် ထုတ်ပြန်လိုက်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG