သုံးရလွယ်ကူစေသည့် Link များ

စီရင်ချက် ချမှတ်ချိန် အင်းစိန်ထောင်တ၀ိုက် လုံခြုံရေး ပိုမိုတင်းကျပ်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီကနေ့ စီရင်ချက် ချမှတ်ခဲ့တဲ့ ရန်ကုန်မြို့၊ အင်းစိန်ထောင် ရှိရာဘက်ကို သွားလို့ရတဲ့ နေရာအထိ ထောက်ခံသူတွေ စုဝေး သွားရောက်ခဲ့ကြပါတယ်။ ဒီကနေ့ လုံခြုံရေး အခြေအနေကလည်း ကျန်တဲ့နေ့တွေထက် ပိုတင်းကျပ်တယ်လို့ ကိုယ်တိုင်သွားရောက်ခဲ့သူတွေက ပြောပါတယ်။ စီရင်ချက် ချအပြီးမှာ လူတချို့ကို ကားတွေနဲ့ အတင်း ခေါ်တင်သွားခဲ့ပေမယ့် နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အပြည့်အစုံကိုတော့ ဘန်ကောက်မြို့ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက စောင့်ကြည့်စုံစမ်းပြီး တင်ပြပေးထားပါတယ်။

စီရင်ချက်ချမယ်လို့ ချိန်းဆိုထားတဲ့ မနက် ၁၀ နာရီ ပတ်ဝန်းကျင်ကတည်းက အင်းစိန်ထောင် မရောက်ခင် လုံခြုံရေး အကာအရံတွေ တားဆီးပိတ်ဆို့ထားတဲ့ အင်းစိန်ဈေးနားမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အဖွဲ့ဝင်တွေ၊ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူတွေ စုဝေးရောက်ရှိ နေခဲ့ကြပါတယ်။ ပထမပိုင်းမှာ လူ ၂၀၀၊ ၃၀၀ လောက်ပဲ ရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ထောင်နဲ့ချီ များလာခဲ့တယ်လို့ အဲဒီမှာ ရောက်နေခဲ့သူတဦးက ဗွီအိုအေကို ပြောပြပါတယ်။

“လုံခြုံရေးကလည်း တလံကို တယောက်လောက်ပဲ။ ပထမပိုင်းတော့ သိပ်မများဘူးရှင့်။ နောက်ပိုင်းကြတော့ ကျမတို့လူအုပ်က တော်တော်များသွားတော့ ဒီနေ့ အခါတိုင်းထက်၊ နေ့တိုင်းထက် သာတယ်။ အဲဒီလို ဖြစ်သွားတဲ့ အခါကြတော့ လုံခြုံရေးက ထပ်ချတယ်ထင်တယ်၊ တော်တော့ကို ကျပ်တာ။ ပြီးလည်းပြီးရော လူ ၁,၀၀၀ လောက်က ချီတက် လမ်းလျှောက်လိုက်ကြတာ အင်းစိန် ခုံးတံတားအကျော် ဘောလုံးကွင်းနားကြမှ သူတို့က နီးရာကားပေါ် ဆွဲတင်သွားကြတာ၊ အဲတော့မှ လူစုကွဲသွားတယ်။”

အဲဒီလို ဆွဲတင်ခံရတဲ့ထဲမှာ ပါသွားခဲ့ပြီး ပြန်လွတ်လာခဲ့သူ တဦးကလည်း သူတို့တွေ့ကြုံခဲ့ရတာကို ပြောပြပါတယ်။

“အဖွဲ့ချုပ်ကို ချီတက်တာပေါ့၊ လူပေါင်း ၁,၀၀၀ ကျော်နဲ့။ အန်တီ့ကို ထောင်ချလိုက်တဲ့အတွက် မကျေနပ်တာနဲ့ ကျနော်တို့အဖွဲ့တွေ အကုန်လုံး ချီတက်ကြမယ်ပေါ့၊ ရုံးချုပ်အထိ ဆိုပြီး ချီတက်တာ ဘောလုံးကွင်း ထောင့်နားလည်းရောက်ရော အတင်းပဲ အယောက် လေးငါးဆယ်လောက် ၀ိုင်းပြီးတော့ ကျနော်တို့ကို အတင်းဆွဲပြီး ကား သုံးလေးစီးပေါ် ဆွဲတင်ပြီးတော့ ကားမောင်းသွားပြီး လူရှင်းတဲ့နေရာရောက်မှ ချပေးတာ။ ကျနော်တို့လည်း အဖွဲ့ချုပ် ရောက်တဲ့အထိ ပြန်လာခဲ့ရတယ်။ ကျနော်တို့အဖွဲ့ဆို အယောက် ၅၀ ကျော်လောက် ရှိမယ်၊ ခန့်မှန်းခြေဆိုရင်။”

အစောပိုင်း ရှိခဲ့ကြသူတွေထဲမှာ NLD ပါတီက တာဝန်ရှိသူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အများအပြား ပါဝင်ပါတယ်။ အဲဒီထဲမှာ တဦးကတော့ NLD သတင်းနဲ့ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင်ပါ။

“ကျနော်တို့ ထွက်လာတဲ့ အချိန်မှာတော့ ကျနော်တို့ဘက်က အင်အားက ၂,၀၀၀ ကျော်လောက် ရှိတယ်၊ အင်အားများတယ်။ သူတို့ဘက်ကလည်း အင်အားတွေ များတယ်။ ထပ်ပြီး ဖြည့်နေတာတွေလည်း တွေ့ခဲ့တယ်။ ထူးခြားတာက ကျနော်တို့ အသွားတုန်းက အင်းစိန် ခုံးတံတားကို ကျော်တဲ့ အောက်ဘက် သံလမ်းကို ဖြတ်ကျော်ရတဲ့ မလွယ်ပေါက် တံတားတွေက ဖွင့်ထားတယ်။ ကျနော် အဲဒီကနေ ၀င်တာ။ အခု အပြန်ကြတော့ အဲဒီ မလွယ်ပေါက်တွေပါ အကုန်ပိတ်ထားတယ်ဗျ။ ကျနော်တို့တော့ ခဲရာခဲဆစ် ဟိုဘက်က ကြံဖန်ပြီး ကျော်ထွက်ခဲ့ရတယ်။”

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချခဲ့တဲ့ အထူးတရားရုံး တည်ရှိရာ အင်းစိန်ထောင် ပတ်ဝန်းကျင်က လုံခြုံရေး အခြေအနေကို NLD သတင်းနဲ့ပြန်ကြားရေး အဖွဲ့ဝင် ဦးအုန်းကြိုင် ပြောပြသွားတာပါ။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်လိုက်တယ်လို့ သိကြရတဲ့အချိန်မှာ စုဝေးရောက်ရှိနေသူတွေထဲ ငိုကြွေးကြတာတွေ ရှိခဲ့ပြီး အချင်းချင်း နှစ်သိမ့် ထိန်းသိမ်းခဲ့ကြတယ်လို့ အဲဒီမှာ ရောက်ရှိနေခဲ့သူ NLD လူငယ်အဖွဲ့ဝင် တဦးကလည်း ဗွီအိုအေကို ပြောပြပါတယ်။

အခုဆိုရင် စီရင်ချက်လည်း ချမှတ်ပြီးသွားပြီမို့ အမှတ် ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း၊ ကမာရွတ်မြို့နယ် နေအိမ်မှာ နေအိမ်အကျယ်ချုပ် ဘ၀နဲ့ နောက်ထပ် တနှစ်ခွဲတာ ကာလကို ဒေါ်အောင်ဆန်းစုကြည် ဖြတ်သန်းရဦးတော့မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG