သုံးရလွယ်ကူစေသည့် Link များ

ဒေါ်အောင်ဆန်းစုကြည် ပြစ်ဒဏ်စီရင်မှုအပေါ် NLD ကြေညာချက် ၂ရပ် ထုတ်ပြန်


မြန်မာစစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ကို ထက်ဝက်လျှော့ချပြီး နေအိမ်မှာ ကန့်သတ်ချက်တွေနဲ့ ပြန်နေထိုင်ခွင့်ပြုခဲ့တဲ့နေရာမှာ အာဃာတမရှိရေး၊ ဒီမိုကရေစီ လမ်းကြောင်း အနှောက်အယှက်မရှိရေး စသည်ဖြင့် အကြောင်းပြထားတာတွေအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အပြုသဘောဆောင် မှတ်သားထားတယ်လို့ NLD တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါပေမဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ကို အပြစ်ရှိကြောင်း တရားရုံးကနေ စီရင်ဆုံးဖြတ်ခဲ့တာကိုတော့ အပြင်းအထန် ပြစ်တင် ဝေဖန် လိုက်ပါတယ်။ NLD က ဒီကနေ့ ထုတ် ပြန်ခဲ့တဲ့ ကြေညာချက်နှစ်စောင်နဲ့ပတ်သက်ပြီး ဘန်ကောက်ကနေ ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်သွယ်မေးမြန်းတဲ့ အခါ NLD သတင်းနဲ့ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ ဦးခင်မောင်ဆွေက အခုလို စဖြေပါတယ်။

“ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထုတ်ပြန်တဲ့အချက်တွေ၊ တဦးနဲ့ တဦး အာဃာတ မထားရေးတို့ အစရှိတဲ့ ကိစ္စတွေဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်သွားနိုင်တဲ့ အခြေအနေရှိတဲ့ သဘောပေါ်မှာ မူတည်ပြီးတော့ ပြောထားတာပါ။ တရား စီရင်ရေးနဲ့ ပတ်သက်တဲ့ အချက်တွေပါပဲ။ နောက်ဆုံးအပိုဒ်ကို ဖတ်ပြရမယ်ဆိုရင် ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ၂၀၀၉ ခုနှစ် သြဂုတ်လ ၁၁ရက်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ခေါင်းဆောင်အား အလုပ်နှင့် ထောင်ဒဏ် ၃နှစ် ကျခံစေရန် စီရင်ချက် ချမှတ်ခဲ့ပါသည်။ ထိုသို့ စီရင်ချက် ချမှတ်ခြင်းသည် ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ညီညွှတ်ခြင်း မရှိ သည့်အပြင်၊ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်၍ ပြင်းထန်စွာ ကန့်ကွက်ကြောင်း ကြေညာလိုက်သည်လို့ ဆိုတဲ့ အကြောင်း တရားစီရင်ရေးနဲ့ ဆိုင်တဲ့ ကြေညာချက်တစောင် ထုတ်ထားပါတယ်။”

ကျော်ကျော်သိန်း။ ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အာဃာတ မရှိအောင်လို့ ပြောတာကို ဆရာတို့ အနေနဲ့က အကောင်းမြင် သဘော ချဉ်းကပ်ပြီးတော့ တုံ့ပြန်ထားတာလားခင်ဗျာ။

“ကျွန်တော်တို့ အနေနဲ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ထုတ်ပြန်ခဲ့တဲ့ ညွှန်ကြားချက်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က မှတ်သား ထားပါတယ်ပေါ့ဗျာ။ မှတ်သားထားပြီးတော့ ဒါကို အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုမျိုးနဲ့ ရည်ရွယ်ပြီးတော့ ကျွန်တော်တို့ဘက်ကလည်းပဲ ဒီမတိုင်ခင် ဂန္ဒီခန်းမ ကြေညာစာတမ်းမှာပါတဲ့ အာဃာတမထားရေး၊ အပြန်အလှန် နားလည် ရေး၊ ပူးပေါင်းဆောင်ရွက်ရေးဆိုတဲ့ အချက် ၇ချက်မူနဲ့ ကိုက်ညီတဲ့အတွက်ကြောင့် ရှေ့နိုင်ငံရေး ခရီးကို နားလည်မှု ရှိရှိနဲ့ ဆက်နိုင်အောင် ကျွန်တော်တို့ နိုင်ငံရေး ဦးတည်ချက်တွေ ချပြီးတော့သွားမယ်ဆိုတဲ့ သဘောမျိုး ပြောထားပါတယ်။”

ကျော်ကျော်သိန်း။ ။တဘက်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ စကားအပေါ် အပြုသဘော တုံ့ပြန်ပြီးတော့၊ တဘက်က တရား စီရင်ရေးအပေါ် အပြင်းအထန်ဝေဖန်တဲ့ နှစ်ခုကြားမှာ ဘယ်လိုများ ချိန်ပြီး ယူပါသလဲခင်ဗျာ။

“ဒီလိုရှိတယ်။ ကမ်းတဲ့လက်ကို ကျွန်တော်တို့ က ပုတ်မချဘူးလေ။ ကမ်းတဲ့လက်ကို ပုတ်ချရင် ရိုင်းသွားမှာပေါ့။ တရားစီရင် ရေးမှာတော့ တရားစီရင်ရေးမှာ တကယ် အပြစ်မရှိဘဲနဲ့ တရားစီရင်တယ်ဆိုတဲ့ အချက်ကိုတော့ ကျွန်တော်တို့က မီးမောင်း ထိုးပြရမှာပေါ့။ ကျွန်တော်တို့က အလုပ်လုပ်တဲ့အခါ ဘက်ပေါင်းစုံက ကြည့်ဖို့လိုတယ်လေ။ တနေရာထဲမှာပဲ အပြစ်တွေ စုတင်နေလို့လည်း မရဘူးလေ။ သဘောက ကမ်းတဲ့လက်ကိုတော့ ပုတ်မချဘူး၊ လက်ခံရမှာပေါ့။ လက်ခံတဲ့နေရာမှာ သတိ ရှိရှိနဲ့ လက်ခံတဲ့သဘောနဲ့ ကျွန်တော်တို့ မှတ်သားထားတယ်ဆိုပြီး ထုတ်ပြန်ထားတာဖြစ်တယ်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ်လုံးဝမရှိပါဘဲနဲ့၊ ၇၄ဥပဒေအာဏာသက်ဝင်ခြင်း မရှိတော့ပါဘဲလျက်၊ ၇၄ဥပဒေပါ အချက် တွေကို ကိုးကားပြီးတော့ ထောင်ဒဏ် ၃နှစ် ချခြင်းကို ကျွန်တော်တို့ အနေနဲ့ဟာ မပြုသင့် မပြုအပ်တာမို့ ပြင်းထန်စွာ ကန့်ကွက်တယ်လို့ ပြောတာက တရားဥပဒေကြောင်းကို ကန့်ကွက်တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးမို့ လူမှုရေးအရာ စာနာထောက်ထားပြီး၊ ဒီမိုကရေစီရရှိရေးအတွက်ကိုလည်း ရှေးရှုပြီးတော့၊ တဦးနဲ့တဦး အာဃာတ မထားဘဲနဲ့ ခွင့်လွှင့်တဲ့ စကားတွေ သုံးသွားတဲ့အခါ ကျွန်တော်တို့က ကမ်းလှမ်းတဲ့ လက်ကို ပုတ်မချဘဲနဲ့ မှတ်သားထားတယ်လို့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုကို ထုတ်ပြန်လိုက်တာပါ။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG