သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အာဆီယံဥက္ကဌ ထိုင်းနိုင်ငံ ကြိုးပမ်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ပြစ်ဒဏ်စီရင်လိုက်လို့ သူ့လွတ်မြောက်ရေး တိုက်တွန်းမှုတွေ ထွက်ပေါ်နေတဲ့ အထဲက အခုနောက်ဆုံး အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) ရဲ့ လက်ရှိ ဥက္ကဋ္ဌ တာဝန်ယူထား တဲ့ ထိုင်းနိုင်ငံကလည်း စစ်အစိုးရကို ပြန်လွှတ်ပေးရေး တောင်းဆိုဖို့ စီစဉ်နေပါတယ်။ ဒီလို ထိုင်းအစိုးရက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ကြိုးပမ်းနေပေမဲ့ တခြားဒေသတွင်းနိုင်ငံ တချို့ကတော့ ဒါဟာ ပြည်တွင်းရေး ကိစ္စတခုအဖြစ် ပြောဆိုမှုတွေလည်း ရှိနေတာပါ။ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေကြောင့် ဒေသတွင်းနိုင်ငံတွေနဲ့ မြန်မာစစ်အစိုးရတို့ကြား ဆက်ဆံရေး အခြေအနေတွေကိုတော့ ကိုအောင်လွင်ဦး က အစီရင်ခံထားပါတယ်။

ဆက်လက်ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးတဲ့ တောင်းဆိုစာ တစောင် မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံကို အာဆီယံ အသင်းကြီးအနေနဲ့ ပေးပို့နိုင်ဖို့ လက်ရှိ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံက ကြိုးပမ်းနေတာပါ။ ဒီအတွက်လည်း မူကြမ်းစာတစောင်ကို ထိုင်းနိုင်ငံက ကျန်အဖွဲ့ဝင်နိုင်ငံတွေကို ဖြန့်ဝေထားတယ်လို့ ထိုင်းနိုင်ငံကလာတဲ့ သတင်းတွေက ဆိုပါတယ်။ နေအိမ်အကျယ်ချုပ် ကျခံနေရစဉ် တားမြစ်မိန့်ကို ချိုးဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အင်္ဂါနေ့တုန်းကပဲ ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ပြစ်ဒဏ်ပေးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ဒီလို ထိုင်းနိုင်ငံက တခြား အာဆီယံနိုင်ငံတွေကို ဆော်သြနေတဲ့ တချိန်တည်း မှာပဲ အသင်းဝင်နိုင်ငံတခုဖြစ်တဲ့ ဗီယက်နမ် နိုင်ငံကတော့ ဒါဟာ ပြည်တွင်းရေးကိစ္စ အဖြစ်သာ သဘောထားတဲ့အကြောင်း ပြောဆိုသံလည်း ထွက်ပေါ်လာပါတယ်။ အာဆီယံ အသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံက တက်တက်ကြွကြွ ဆောင်ရွက်လာ တာဟာ ကောင်းတဲ့ကိစ္စဖြစ်ပေမယ့် တကယ်တမ်း အကောင်အထည် ပေါ်လာဖို့ကတော့ သိပ်မသေချာလှဘူးလို့ မြန်မာ့ အရေး အာဆီယံ လွှတ်တော်အမတ်များအဖွဲ့ (AIPMC) က ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ခရိုင်ဆတ် ချူနာဝမ် က ဆိုပါတယ်။

“ကျနော်တို့ စောင့်ကြည့်ရမှာပါ။ ဒါပေမယ့် ဟိုတုန်းကလို အလုပ်မဖြစ်တဲ့ ဝင်မစွက်ဖက်ရေး ဆိုတဲ့ မူကိုပဲ ဆုပ်ကိုင်ထားချင် ကြတဲ့ နိုင်ငံတွေလည်း ရှိမယ်ဆိုတာ သေချာပါတယ်။”

တကယ်တော့ မြန်မာနိုင်ငံအပါအဝင်ဖြစ်တဲ့ အာဆီယံ အသင်းကြီးအနေနဲ့ လူ့အခွင့်အရေးတွေကို လေးစားလိုက်နာ ကျင့်ကြံဖို့ ပြဋ္ဌာန်းထားတဲ့ ပဋိဉာဏ် စာတမ်းတစောင်ကိုလည်း လက်ခံထားပြီးဖြစ်တာမို့ ဒီလို မြန်မာစစ်အစိုးရအပေါ် တိုက်တွန်းတောင်းဆို ဖို့ဟာ အသင်းဝင်နိုင်ငံတွေအနေနဲ့ မပျက်မကွက်လုပ်သင့်တဲ့ ကိစ္စဖြစ်တယ်လို့လည်း မြန်မာ့အရေး အာဆီယံ လွှတ်တော် အမတ်များအဖွဲ့ (AIPMC) က ထိုင်းနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် တဦးဖြစ်တဲ့ ခရိုင်ဆတ် ချူနာဝမ် က ပြောပါတယ်။ ဒီလို အာဆီယံအနေနဲ့ မြန်မာစစ်အစိုးရကို ဖိအားပေးဖို့ ထိုင်းအစိုးရက ကြိုးပမ်းနေတာတွေဟာ လတ်တလော အောင်မြင်မှု မရဘူး ဆိုဦးတော့ ဒါဟာ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေကို ကျောထောက်နောက်ခံ ပေးနေ သူတွေ လျော့ပါးလာတဲ့ လက္ခဏာလို့ တွက်ဆနိုင်တဲ့အကြောင်း ပြည်ပရောက် ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ဦးညိုအုန်းမြင့် က ပြောပါတယ်။

“ဖြစ်နိုင်ခြေကတော့ ချက်ချင်းမှာတော့ နည်းမယ်လို့ ကျနော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ရော၊ ကျန်တဲ့ နအဖ ခေါင်းဆောင်တွေက တော်ယုံတန်ယုံ ဒီဖိအားကို လက်ခံတာမဟုတ်ဘူးဆိုတာ ကျနော်တို့ အားလုံး အသိပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တဖက်မှာ - နအဖ ဖက်မှာ တဖြည်းဖြည်း ထောက်ခံမှုနည်းလာတယ်။ ဒီလို နည်းလာ တဲ့ အပေါ်မှာ နအဖက တစုံတရာ တုံ့ပြန်ရမှာဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ဥရောပသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့ရဲ့ ဖိအားက ရေရှည်မှာ နအဖအတွက် အခက်အခဲ တစုံတရာ ဖြစ်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးကို မလုပ်ချင်ပေမဲ့လည်း လုပ်ရနိုင်တဲ့ အနေအထားမျိုးမှာ အာဆီယံရဲ့ အရေးပါမှုဟာ ဒီအချိန်ကနေစပြီးတော့ ရေတွက်မယ်ဆိုရင် ၂၀၁၀ မတိုင်ခင် တော့ တွေ့ရမယ်ထင်ပါတယ်။”

ဒီလိုဒေသတွင်းနိုင်ငံတွေက မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်တွေ၊ အထူးသဖြင့်ကတော့ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ဆက်လက်ဖမ်းဆီးထားတာတွေနဲ့ ပတ်သက်ပြီး ဖိအားပေးပြောဆိုသံတွေ ထွက်ပေါ်နေပေမဲ့ မြန်မာစစ်အစိုးရနဲ့ နီးစပ်တယ်လို့ အများကယူဆထားတဲ့ တရုတ်နိုင်ငံဟာ ဒီနေရာမှာ အခရာကျတယ် လို့လည်း ယူဆနေကြတာပါ။

အကဲခတ်တချို့ကတော့ တရုတ်နိုင်ငံကို ဖိအားပေးဆောင်ရွက်တာမျိုး လုပ်နိုင်တာတွေ ရှိတယ်လို့ ယူဆမှုတွေလည်း ရှိနေတာပါ။ အမေရိကန် ပြည်ထောင်စု Heritage Foundation က အာရှလေ့လာရေး ဌာန ညွှန်ကြားရေးမှူး Walter Lohman ကတော့ -

“အနည်းဆုံး တရုတ်ပြည်ကို ဖိအားတချို့ ပေးနိုင်ပါတယ်။ အနည်းဆုံး အနေနဲ့ သူတို့ လက်နက်တင်ပို့နေတဲ့ ကိစ္စမျိုးကို ထုတ်ပြောလို့ရပါတယ်။ မြန်မာပြည်ကို ဒေါ်လာ သန်း ၂ ထောင် ကနေ ၃ ထောင်လောက် တန်ဘိုးရှိတဲ့ လက်နက်တွေ ပို့နေတာပါ။”

အမေရိကန် ပြည်ထောင်စု Heritage Foundation က အာရှလေ့လာရေး ဌာန ညွှန်ကြားရေးမှူး Walter Lohman ဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်းစုကြည် ကို အပြစ်ပေးလိုက်လို့ ဝေဖန်သံတွေ ထွက်ပေါ်နေပေမယ့်လည်း တရုတ်အစိုးရ ကတော့ မြန်မာနိုင်ငံ တရားစီရင်ရေးစနစ်ရဲ့ အချုပ်အခြာအာဏာပိုင်မှုကို လေးစားရမယ်ဆိုပြီး တမူထူးခြားပြီး ပြောခဲ့တာပါ။ ဦးညိုအုန်းမြင့် ကတော့ တရုတ်အစိုးရအနေနဲ့ လတ်တလော မြန်မာနိုင်ငံက ရနေတဲ့ စီးပွားရေး အကျိုးစီးပွားအပေါ် ရပ်တည်နေတာကလွဲလို့ ယုံကြည်မှုရှိတဲ့ ဆက်ဆံရေးမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

“တရုတ်အစိုးရ အနေနဲ့ နအဖအပေါ်မှာ ထိုင်ဆိုထိုင် ထဆိုထ ဆိုတဲ့ ဆက်ဆံရေးမျိုး မရှိဘူးဆိုတာ ကျနော်တို့ သိပါတယ်။ တဖက်မှာလည်း တရုတ်အစိုးရ အနေနဲ့က မြန်မာစစ်ခေါင်းဆောင်တွေရဲ့ သူတို့အပေါ်မှာ ပေးထားတဲ့ စီးပွားရေး အခွင့်အရေး နဲ့ နိုင်ငံရေး အခွင့်အရေးတွေ အပြန်အလှန်၊ နှစ်ဖက်အကျိုးစီးပွား ဖြစ်ထွန်းနိုင်တဲ့အပေါ်မှာသာ လောလောဆယ် ရပ်တည်နေရတယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။”

ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားကောင်စီ (NCUB) က ဦးညိုအုန်းမြင့် ဖြစ်ပါတယ်။

အိမ်နီးချင်း နိုင်ငံတခုလည်းဖြစ်၊ အင်အားကြီး နိုင်ငံတခုအဖြစ်နဲ့လည်း ပေါ်ထွန်းလာနေတဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံနဲ့ အဓိက ကုန်သွယ်ဖက် နိုင်ငံတခု ဖြစ်သလို မြန်မာနိုင်ငံကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ အမြောက်အများကို ဝယ်ယူဖို့ ဆန္ဒရှိနေတာလည်း ဖြစ်ပါတယ်။ နှစ်စဉ် သဘာဝဓာတ်ငွေ့ ကုဗမီတာ သန်းပေါင်း ၁,၂၀၀ လောက် ပေးပို့နိုင်မယ့် ပိုက်လိုင်းတခုကနေ တရုတ်နိုင်ငံ ယူနမ်ပြည်နယ် မြို့တော် ကူမင်း ကို လာမယ့် သက္ကရာဇ် ၂၀၁၂ ခုမှာ တင်ပို့ပေး သွားဖို့လည်း မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG