သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီနိတ်တာ ဂျင်မ်ဝက်ဘ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့


အမေရိကန် အထက်လွှတ်တော်အမတ် တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ် ဝက်ဘ် (Jim Webb) ဟာ သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် စစ်အစိုးရ ထိပ်တန်း ခေါင်းဆောင်တွေသာမက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ပါ ဒီကနေ့ တွေ့ဆုံခဲ့ပါတယ်။ မြန်မာစစ်အစိုးရ အပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှု တွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက အမတ်တဦး ဒီလို စစ်အစိုးရ ပထမဆုံးအကြိမ် စစ်အစိုးရအကြီးအကဲနဲ့ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင် တဦးကို တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် မြန်မာ့နိုင်ငံရေး၊ အမေရိကန် နဲ့ ဆက်ဆံရေး အလားအလာတွေမှာ ဘာတွေများ မျှော်လင့်စရာ ရှိနိုင်ပါသလဲ။ အကြောင်းစုံကိုတော့ ကိုအောင်လွင်ဦး က အစီရင်ခံထား ပါတယ်။

အမေရိကန် ဒီမိုကရက်ပါတီရဲ့ အထက်လွှတ်တော် အမတ်တဦးဖြစ်တဲ့ မစ္စတာ ဂျင်မ် ဝက်ဘ် ဟာ နေပြည်တော်မှာ မြန်မာ စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံပြီး နေ့ချင်းဆိုသလို ရန်ကုန်မြို့ကို ပြန်ရောက်လာပြီး အစိုးရ ဧည့်ဂေဟာ တခုမှာ ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခဲ့တာပါ။ မွန်းလွဲပိုင်းကပဲ သူ့ကိုထိန်းသိမ်းထားရာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကနေ ဒေါ်အောင်ဆန်းစုကြည် ကို အာဏာပိုင်တွေက လာခေါ်သွားတာလို့ မျက်မြင်တွေ့သူ တွေက ပြောပါတယ်။ ဒီလိုတွေဆုံမှုတွေ ရှိခဲ့တယ်ဆိုပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ကိုတော့ အသိပေး အကြောင်းကြားတာမျိုး မရှိတဲ့အတွက် အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးဘူးလို့ ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့လည်း ကြားတယ်။ ကျနော်တို့ဆီက သူတွေကလည်း အဲဒီဘက်မှာ လုံခြုံရေး ပိုပြီးတော့ ချထားတာတွေရှိတာကို ပြောတယ်။ တိတိကျကျတော့ မရသေးဘူး။ ၄၅ မိနစ် ကြာတယ်ပြေတယ်။”

ဒါဟာဆိုရင် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ဒဏ်အပြစ်ပေးအပြီး အမေရိကန် ပြည်ထောင်စုက အမတ်တဦး ပထမဆုံးအကြိမ် တွေ့ဆုံမှုဖြစ်သလို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ လည်း အမေရိကန် အထက်လွှတ်တော် အမတ်တဦး ပထမဆုံးအကြိမ် တွေ့ဆုံမှုပါ။ ဒီလို အမေရိကန် ပြည်ထောင်စုက အဆင့်မြင့်ပုဂ္ဂိုလ်တဦး အစိုးရအပြင်၊ အတိုက်အခံ နိုင်ငံရေး အင်အားစုတွေနဲ့ပါ တွေ့ဆုံခဲ့တာမို့ နိုင်ငံတကာက တောင်းဆို နေသလို ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ မြန်မာနိုင်ငံမှာ နိုင်ငံရေး အပြောင်းအလဲတွေ ဖြစ်ပေါ်ရေးအတွက် မျှော်လင့်စရာတွေ ရှိနိုင်ပါသလား။ အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကတော့ -

“သူဟာ ဘယ်လိုပဲဖြစ်ဖြစ်ပေါ့ဗျာ။ ပြည်သူက ရွေးချယ်ထားတဲ့ ဆီနိတ်တာတယောက် အနေနဲ့ ဒီမိုကရေစီရေးကိုတော့ ရပ်တည်ဆောင်ရွက်မယ်လို့တော့ အဲဒီလိုပဲ အဲဒီလောက်ပဲ မျှော်လင့်တယ်။ ကျနော်တို့ကတော့ တွက်တာက သူက ဒီမှာ အရင်တွေ့တာမဟုတ်ဘူး။ နံပါတ်ဝမ်း (ဗိုလ်ချုပ်မှူးကြီး သန်းရွှေ) နဲ့တွေ့ပြီးမှ ဒီမှာ လာတွေ့တာ။ အဲဒီရဲ့ အစီအစဉ်ကိုပဲ ကျနော်တို့ အကောင်း စဉ်းစားတာပေါ့။ ဘာ message တွေများ ပါလို့ လာတွေ့တာလဲ။ ကျနော် ဒီလို ဒီလောက်ပဲ စဉ်းစား နိုင်တယ်။ ဒီခရီးစဉ်မှာ ကျနော်တို့နဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့မယ်လို့တောင် ကျနော်တို့ မျှော်လင့်မထားဘူး။ ဘာကြောင့် လဲလို့ဆိုတော့ ဒီကိုလာခါနီးတုန်းက ပြောတာတွေ ကျနော်တို့ ကြည့်ရတာ နိုင်ငံရေးနဲ့ပတ်သက်ပြီး တလုံးမှမပါဘူး။ အဲဒီတော့ ဒီလိုတောင် မမျှော်လင့်ထားဘူး။ အဲဒီတော့ အခု ဒီလို လာတွေ့တယ်။ ဒီဘက်က အဖွဲ့အစည်းတွေနဲ့လည်း တွေ့တယ်။ ဒေါ်စုနဲ့လည်း တွေ့တယ်ဆိုတော့ ကျနော်တို့က နှစ်မျိုး စဉ်းစားနိုင်တယ်။ တမျိုးက

သူ တကယ်ပဲ မြန်မာ့နိုင်ငံရေးမှာ ကူညီဆောင်ရွက်ချင်တဲ့ ဆန္ဒနဲ့လား။ ဒါမှမဟုတ်ရင် သူ ရပ်တည်တဲ့ စီးပွားရေး သမားကြီး တွေရယ်၊ သူ လိုချင်တဲ့ဟာရဖို့ တဘက်က လုပ်တာလား။ ဒီနှစ်ခုပါပဲ။ ကျနော်တို့ စဉ်းစားလို့ရတာ။”

ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (အဲန်အယ်လ်ဒီ) ပါတီပြောခွင့်ရသူ ဦးဉာဏ်ဝင်း ပါ။ အခု ခရီးစဉ်ဟာဆိုရင် အမေရိကန် ပြည်ထောင်စုက အထက်လွှတ်တော် အမတ်တဦးရဲ့ ဆယ်စုနှစ်တခုကျော် ကာလအတွင်း မြန်မာနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်ဖြစ်သလို၊ အတိုက်အခံနိုင်ငံရေး ခေါင်းဆောင်တဦး ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အပေါ် ဥပဒေ ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဒီတပတ်ထဲမှာပဲ ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ချမှတ်လိုက်လို့ နိုင်ငံတကာက ဝေဖန်သံတွေညံနေချိန် ရောက်ရှိလာမယ့် ခရီးစဉ်လည်း ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေ၊ နိုင်ငံရေး တိုးတက်မှုတွေ မရှိတာတွေကြောင့် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ချမှတ်ထားတဲ့ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ အပေါ် ထားရှိတဲ့ သဘောထားတွေကို ပြန်ပြောင်းသုံးသပ်မှုတွေလည်း လုပ်နေ တာပါ။ ဒီအတောအတွင်း အခုလို အမေရိကန် အထက်လွှတ်တော် အမတ်တဦးရဲ့ ခရီးစဉ်ကြောင့်တော့ အမေရိကန် နိုင်ငံရဲ့ မြန်မာနိုင်ငံ အပေါ်ထားတဲ့ သဘောထားတွေ သိပ်ပြောင်းလဲလာလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် မျှော်လင့် မထား ကြပါဘူး။ ဒီအထဲမှာ အမေရိကန် ပြည်ထောင်စု Heritage Foundation က အာရှလေ့လာရေး ဌာန ညွှန်ကြားရေးမှူး Walter Lohman လည်း တဦးအပါအဝင် ဖြစ်ပါတယ်။

“ကျနော် မထင်ပါဘူး။ လက်ရှိအစိုးရရဲ့ မူဝါဒဟာ ဘုရှ် အစိုးရလက်ထက်က အတိုင်းပါပဲ။ သမ္မတ အိုဘားမားဟာ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူတဲ့ဥပဒေတွေကို မကြာခင်ကမှ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပြီးတော့ တခြား အစိုးရ တွေအနေနဲ့လည်း စစ်အစိုးရကို ပိတ်ဆို့အရေးယူကြဖို့ တိုက်တွန်းထားပါသေးတယ်။ ဒါကြောင့် အမေရိကန်ရဲ့ မြန်မာ စစ်အစိုးရအပေါ် ထားတဲ့ ပြောင်းလဲမယ့် အခြေအနေကတော့ ကျနော် မတွေ့ရပါဘူး။ အိုဘားမား အစိုးရအနေနဲ့ကတော့ ထင်ကောင်းထင်ပါလိမ့်မယ်။ မြန်မာစစ်အာဏာပိုင်တွေနဲ့ ပြောဆိုဆွေးနွေးကြည့်ရင် အပြောင်းအလဲတွေ ဖြစ်နိုင်တယ်လို့။ ကျနော်ကတော့ မထင်ဘူး။ ဘုရှ်အစိုးရကလည်း ဒီလမ်းစမျိုးကို ကြိုးပမ်းခဲ့ဖူးပါတယ်။”

အမေရိကန် ပြည်ထောင်စု Heritage Foundation က အာရှလေ့လာရေး ဌာန ညွှန်ကြားရေးမှူး Walter Lohman ပါ။ ဗာဂျီးနီးယား ပြည်နယ်က လွှတ်တော်အမတ် လည်းဖြစ် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီရဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဂျင်မ် ဝက်ဘ် ဟာ သူ့ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပထမဆုံးနေ့ အဖြစ်နဲ့ မနေ့တုန်းကတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို သွားရောက်ခဲ့ပြီး စစ်အစိုးရရဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း တို့အပြင် အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်း၊ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်၊ မိခင်နဲ့ ခလေးစောင့်ရှောက်ရေးအသင်း စတဲ့ အရပ်သား အဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံခဲ့တာပါ။ ဒီလို အဖွဲ့အစည်းတွေအပြင် မနက်ဖြန် ခရီးစဉ် အဆုံးမသတ်ခင် မှာ တခြားစီးပွားရေး အသိုင်းအဝိုင်းက ပုဂ္ဂိုလ်တွေနဲ့လည်း တွေ့ဆုံ လိမ့်ဦးမယ်လို့ မျှော်လင့်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG