သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာဘူးလ်မြို့တော် နေတိုးဌာနချုပ်ရှေ့ ဗုံးကွဲ


အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးလ်မြို့တော် နေတိုးစစ်ဌာနချုပ်မှာ ဒီကနေ့ စနေနေ့ အစောပိုင်း ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ သူတို့လက်ချက် ဖြစ်တယ်လို့ တာလီဘန်တွေက ကြေညာလိုက်ပါတယ်။ အာဖဂန်နိုင်ငံက ရွေးကောက်ပွဲတွေ မတိုင်မီ ဖြစ် ခဲ့တဲ့ ဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၇ ဦး ထက်မနည်း သေဆုံးပြီး ၉၀ ကျော်လည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။ ကာဘူးလ်မြို့တော်ရဲ့ အစောင့်အရှောက် ထူထပ်လှတဲ့ နေတိုးဌာနချုပ်ဝင်ပေါက်မှာ အသေခံကားဗုံးခွဲ တိုက်ခိုက်ခဲ့တာလို့ အာဖဂန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒါဟာဆိုရင် ၆ လ ကျော် ကာလအတွင်း မြို့တော် ကာဘူးလ်မှာ အပြင်းထန်ဆုံး တိုက်ခိုက်မှု တခုလည်း ဖြစ်ပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေထဲမှာ နေတိုးစစ်သား ၄ ယောက်လည်း ပါဝင်ပေမယ့် အများစုကတော့ အာဖဂန်တွေ ဖြစ်တယ်လို့ နေတိုး က ပြောပါတယ်။ အာဖဂန်စစ်သား ၄ ယောက်နဲ့ အမျိုးသမီး ဥပဒေပြုအမတ်တဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ကြတာပါ။ ပေါက်ကွဲမှုကြောင့် အနီးအနားမှာရှိတဲ့ ဆိုင်ပြတင်းမှန်တွေ ကွဲကြေပြီး အတော်ဝေးဝေးထိ လွင့်ပျံ့သွားသလို မီးခိုးလုံးမည်းမည်းတွေကိုလည်း တွေ့ခဲ့ကြရတယ်လို့ ပြောပါတယ်။ အဲဒီတဝိုက်မှာ သံရုံးအများအပြားလည်း ရှိနေပေမဲ့ အမေရိကန် သံရုံးကိုတော့ အထိအခိုက်မရှိဘူးလို့ သံရုံးပြောခွင့်ရပုဂ္ဂိုလ် က ဆိုပါတယ်။

သြဂုတ်လ ၂၀ ရက်နေ့ ကျင်းပဖို့ရှိတဲ့ သမ္မတ ရွေးကောက်ပွဲတွေကို အနှောက်အယှက်ပေးဖို့ တာလီဘန်တွေက ကြွေးကျော်ထားပြီး ၅ ရက်အကြာ အခုလို တိုက်ခိုက်မှုဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ်တိုင် ပြန်လည်အရွေးခံဖို့ရှိနေတဲ့ အာဖဂန်သမ္မတ Hamid Kazai ကတော့ ရွေးကောက်ပွဲတွေ ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။

XS
SM
MD
LG