သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကလီးယားအစီအစဉ် မရှိကြောင်း မြန်မာစစ်အစိုးရ ငြင်းဆို


အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ဟာ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့တုန်းက နျူကလီးယား နည်းပညာတွေကို ရယူဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီး မြန်မာစစ်ခေါင်းဆောင်တွေက ငြင်းဆိုခဲ့တယ်လို့ ဂျင်မ် ဝက်ဘ် က ပြောပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဗွီအိုအေသတင်းထောက် Heda Bayron က သတင်းပေးပို့ထားတာကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ ပထမဆုံး တွေ့ခွင့်ရခဲ့တဲ့ အဆင့်အမြင့်ဆုံး အမေရိကန် အစိုးရ အရာရှိတဦးလို့ ဆိုနိုင်တဲ့ အထက်လွှတ်တော် အမတ် ဂျင်မ် ဝက်ဘ်ဟာ စနေနေ့က ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ တွေ့ဆုံစဉ်တော့ ဒီ လျှို့ဝှက် နျူကလီးယား အစီအစဉ် ပြုလုပ်နေတယ် ဆိုတဲ့ ကိစ္စအကြောင်းကို သူ့အနေနဲ့ တိုက်ရိုက် တင်ပြ မေးမြန်းခြင်းမရှိဘူးလို့ ဆိုပါတယ်။ ဒါပေမဲ့ တနင်္လာနေ့က ဂျင်မ် ဝက်ဘ် ရန်ကုန်က အပြန် သတင်းစာ ရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအနေနဲ့ လျှို့ဝှက် နျူကလီးယား အစီအစဉ်တွေ လုပ်ဆောင်နေတယ်ဆိုတဲ့သတင်းဟာ မဟုတ်မှန်ဘူးလို့ ငြင်းဆိုတဲ့အကြောင်း အခုလို သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

“နျူကလီးယားကိစ္စနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်ပိုင်းကနေ စောစောပိုင်းက ကျွန်တော်တို့ကို ပြောခဲ့တာက ဒီသတင်းတွေနဲ့ ပတ်သက်လို့ မှန်ကန်မှု တစုံတရာ မရှိဘူးလို့ ဆိုတာပါပဲ။”

မြန်မာ့တပ်မတော် နျူကလီးယား တပ်ရင်းကနေ ထွက်ပြေးလာခဲ့တဲ့ အရာရှိတဦးနဲ့ ဦးတေဇပိုင် Htoo Trading ကုမ္ပဏီက အမှုဆောင်အရာရှိဟောင်းတဦးတို့နဲ့ တွေ့ဆုံမေးမြန်းခဲ့ပြီး၊ သြစတေးလျ အမျိုးသား တက္ကသိုလ် က မဟာဗျူဟာရေးရာ ကျွမ်းကျင်သူ ပါမောက္ခ ဒက်စ်မင်ဘော နဲ့ ထိုင်းနိုင်ငံ အခြေစိုက် သြစတေးလျ သတင်းထောက် ဖီလ် သော်တင် တို့က မြန်မာနိုင်ငံအနေနဲ့ မြောက်ကိုရီးယားထံကနေ နျူကလီးယား လက်နက်ဆိုင်ရာ အကူအညီရယူနေပြီးတော့ မြန်မာနိုင်ငံ အထက်ပိုင်းမှာ နျူကလီးယား လုပ်ငန်းတွေအတွက် ဥမင်လိုဏ်ခေါင်းတွေ တူးဖော်နေတဲ့သတင်း ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဇွန်လကလည်း မြောက်ကိုရီးယား Kang Nam 1သဘောၤကနေ မြန်မာနိုင်ငံကို ဦးတည်လာပြီး မသင်္ကာရတဲ့ နျူကလီးယား လက်နက်ပစ္စည်းတွေ တင်ဆောင်လာတယ်ဆိုပြီး အမေရိကန်စစ်သင်္ဘောက ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆုံးဖြတ်ချက်အရ စောင့်ကြည့်ခဲ့တာဖြစ်ပြီး၊ နောက်ဆုံးမှာ အဲဒီသင်္ဘောဟာ နိုင်ငံတကာရဲ့ ဖိအားပေးမှုကြောင့် ဌာနေကို ပြန်လှည့်သွားခဲ့ရတာဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဟီလာရီ ကလင်တန်ကလည်း မြန်မာနဲ့ မြောက်ကိုရီးယားအကြားအခုလို နျူကလီးယား ကိစ္စအပါအဝင် စစ်ရေးအရ ဆက်ဆံမှုဟာ ဒေသန္တရအတွက် ခြိမ်းခြောက်ရာ ရောက်စေတယ်လို့လည်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများနဲ့ ဖူးကပ်မှာ ကျင်းပခဲ့တဲ့ ညီလာခံတွင်း ပြောကြားသွားတာလည်း ရှိပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG