သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျင်မ်ဝက်ဘ် ခရီးစဉ်ဟာ အမေရိကန် မြန်မာ အဆင့်မြင့်ခေါင်းဆောင် ဆွေးနွေးမှု ကနဦးအဆင့်ဟု သုံးသပ်


အမေရိကန်နဲ့ မြန်မာစစ်အစိုးရတို့အကြား အဆင့်မြင့် အရာရှိတွေ ၁၀ နှစ်ကျော်ကြာ တိုက်ရိုက်တွေ့ဆုံခြင်း မရှိရာကနေ အခုလို ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်အစိုးရက ပြစ်ဒဏ်ချမှတ်ပြီး ရက်ပိုင်းအတွင်းမှာပဲ အမေရိကန် ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး တုံ့ပြန်မှုတွေ အမျိုးမျိုး ကြားနေရတာပါ။ အမေရိကန် အခြေစိုက် ဂျော့ချ်တောင်း (Georgetown) တက္ကသိုလ် အာရှလေ့လာရေးဌာနက ပါမောက္ခ ဒေးဗစ် စတိုင်းဘာ့ဂ် (David Steinberg) ကတော့ မစ္စတာဝက်ဘ်ရဲ့ ခရီးစဉ်ကို ကြိုဆိုလိုက်ပြီး ဒီခရီးစဉ်ဟာ ကောင်းသလား၊ ဆိုးသလား ဆိုတာကို လုံး၀ တပ်အပ်ပြောနိုင်ဖို့က စောလွန်းတယ်လို့ ဆိုပါတယ်။ ဒီခရီးစဉ်ကနေတော့ နှစ်နိုင်ငံ အစိုးရတွေအကြား အဆင့်မြင့် အရာရှိတွေ ဒီထက်ပိုပြီး ပြောဆိုဆက်ဆံမှုတွေ ရှိသင့်တယ်၊ ဒီခရီးစဉ်ကနေ နောက်ဆက်တွဲ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို အာရုံစိုက်သင့်တယ်လို့ ပါမောက္ခ စတိုင်းဘာ့ဂ်က သုံးသပ်ပါတယ်။ ပါမောက္ခ စတိုင်းဘာ့ဂ်နဲ့ ဆက်သွယ်မေးမြန်ထားတဲ့ နော်ရှိုးက တင်ပြပါတယ်။

ပါမောက္ခ စတိုင်းဘာ့ဂ်ဟာ မြန်မာ့အရေးကို နှစ် ၅၀ ကျော် သုံးသပ်လေ့လာပြီး စာအုပ် စာတမ်း၊ ဆောင်းပါးတွေ ရေးသား ပြုစုလာခဲ့သူ ဖြစ်သလို အမေရိကန် အစိုးရရဲ့ ပိတ်ဆို့ဒဏ်ခတ်တဲ့ မူဟာ အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ လွန်ခဲ့တဲ့ နှစ်၂၀ လောက် ကတည်းက တစိုက်မတ်မတ် ပြောခဲ့သူပါ။ မြန်မာပြည်ကို အကြိမ်ကြိမ် သွားရောက်သူလည်း ဖြစ်ပြီး မြန်မာ စစ်အစိုးရ နဲ့ အဆက်အသွယ်ရှိသူလည်း ဖြစ်ပါတယ်။ ခုနောက်ဆုံး အထက်လွှတ်တော်အမတ်ရဲ့ မြန်မာပြည်ခရီးစဉ်အပေါ် သူ့ရဲ့အမြင်ကို မေးကြည့်တော့ သူက ခုလို ဖြေပါတယ်။

“မစ္စတာဝက်ဘ် ခရီးစဉ်နဲ့ ပတ်သက်ပြီး အဓိကထား အာရုံစိုက်သင့်တာက နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်မလဲ ဆိုတာပဲ ဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ ကောင်းသလား၊ ဆိုးသလား ဆိုတာကို လုံး၀ တပ်အပ်ပြောနိုင်ဖို့က စောလွန်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တချိန်ချိန်တော့ နှစ်ဖက် စကားပြောကြရမှာပဲ။ အနည်းဆုံးတော့ ခုဆိုရင် အမေရိကန်နဲ့ မြန်မာ စစ်အစိုးရအကြား အဆင့်မြင့်အရာရှိတွေ ဆွေးနွေးမှုတွေ ရှိလာတာကတော့ ပထမအဆင့်ပဲ ရှိပါသေးတယ်။”

အရင်က မစ္စတာဝက်ဘ်ဟာ မြန်မာ့အရေးမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်သူလည်း မဟုတ်ဘူး။ မကြာခင်ကမှစပြီး အမေရိကန် အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်ထားတဲ့မူဟာ မထိရောက်ဘူး၊ မြန်မာအပေါ် တရုတ်ဩဇာ ကြီးမားလာတာကို အားပေးအားမြှောက်ပြုရာ ရောက်တယ်ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။ မစ္စတာဝက်ဘ်ရဲ့ ခရီးစဉ်ဟာ ဒီကိစ္စနဲ့များ တိုက်ရိုက်ပတ်သက်နေတယ်လို့ ထင်ပါသလား။

“မစ္စတာဝက်ဘ် ဘာစဉ်းစားနေတယ် ဆိုတာကိုတော့ ကျနော် မသိနိုင်ပါဘူး။ ကျနော် သုံးသပ်မိတာကတော့ သူ မြန်မာ နိုင်ငံကို သွားရတာဟာ ဟိုက အခြေအနေတွေ၊ မြန်မာစစ်ခေါင်းဆောင်တွေရဲ့ စိတ်ထဲမှာ ဘာရှိသလဲ၊ သူတို့လုပ်ဆောင်မှု တွေဟာ ဘယ်လိုရှိသလဲ ဆိုတာကို စနည်းနာချင်လို့၊ ပြီးတော့ အမေရိကန်အနေနဲ့ ဘာများလုပ်နိုင်မလဲ ဆိုတာကို စူးစမ်းဖို့လို့ ထင်ပါတယ်။ ပိတ်ဆို့ဒဏ်ခတ်မှုကို ရုပ်သိမ်းလိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သွားတယ်လို့တော့ မထင်ပါဘူး။”

မစ္စတာဝက်ဘ်ရဲ့ ခရီးစဉ်ဟာ အမေရိကန် အစိုးရကို တရားဝင် ကိုယ်စားပြုတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နောက် ဒီ ဩဂုတ်လ ၁၂ ရက်ထုတ် LA Times မှာ ဆရာပြောခဲ့တာ ရှိပါတယ်၊ အမေရိကန် အစိုးရဟာ မြန်မာနိုင်ငံအပေါ် ထားရှိတဲ့မူကို ပြန်လည်သုံးသပ်ရာမှာ လေ့လာမှုတွေ အများကြီး လုပ်နေတယ် ဆိုတာ။ မစ္စတာဝက်ဘ် ခရီးစဉ်အပြင်ပေါ့လေ အမေရိကန် အစိုးရတွင်းမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘယ်လို လေ့လာမှုတွေ ရှိနေပါသလဲ။

“အမေရိကန် အစိုးရအတွင်း ထောက်လှမ်းရေး၊ သုတေသနဌာနနဲ့ နိုင်ငံခြားရေး ဝန်ကြီးဌာနတွေမှာ သူ့ဟာနဲ့သူ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အစည်းအဝေးတွေ တခုပြီးတခု လုပ်နေကြပါတယ်။ ဥပမာ အမေရိကန် ထောက်လှမ်းရေး ဌာနတွင်းမှာတင် မြန်မာ့အရေး တခုတည်းနဲ့ ပတ်သက်ပြီး နှစ်ရက်ခွဲကြာလောက် အစည်းအဝေး လုပ်ခဲ့ပါတယ်။ ဒါတွေအားလုံးဟာ တံခါးပိတ် အစည်းအဝေးဖြစ်ပြီး ကျနော်လည်း ပါဝင်ခွင့်မရတာကြောင့် ဘာတွေဆွေးနွေးသလဲ ဆိုတာကိုတော့ မသိရပါဘူး။ အမေရိကန် အမျိုးသားလုံခြုံရေးကောင်စီ အနေနဲ့လည်း မြန်မာ့အရေးနဲ့ ပတ်သက်ပြီး အစည်းအဝေး သပ်သပ်လုပ်ဖို့ ရှိပါတယ်။ လုပ်တောင် လုပ်ပြီးလောက်ပြီ ထင်ပါတယ်။ မစ္စတာဝက်ဘ် ပြန်ရောက်ရင်လည်း အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီမှာ ဆွေးနွေးကြမှာပဲ။ ဒါတွေကနေ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ရမှာပဲ။”

ဆရာဟာ အမေရိကန်အစိုးရဲ့ ပိတ်ဆို့ဒဏ်ခတ်တဲ့ မူအားဖြင့် စစ်အစိုးရ စိတ်ပြောင်းလာအောင် လုပ်ဖို့ အလုပ်မဖြစ်ဘူးလို့ ပြောလာခဲ့တာ ကြာပါပြီ။ ဆိုတော့ ခုလိုအချိန်မှာ အမေရိကန်အစိုးရ အနေနဲ့ လက်ရှိထားရှိတဲ့ ပိတ်ဆို့ဒဏ်ခတ်ထားတဲ့မူကို ခြွင်းချက်မရှိ ရုတ်သိမ်းသင့်တယ်လို့ ထင်ပါသလား။

“ခြွင်းချက်မရှိတော့ လုံး၀ မရုပ်သိမ်းသင့်ပါဘူး။ ပိတ်ဆို့ဒဏ်ခတ်တဲ့ မူဟာ ချမှတ်ပြီးရင် လွယ်လွယ်နဲ့ ပြန်ရုတ်သိမ်းလို့ မရပါဘူး။ စစ်အစိုးရဘက်က သိသာမြင်သာတဲ့ ပြုပြင်ပြောင်းလဲမှု၊ တိုးတက်မှု တစုံတရာ မလုပ်မချင်း မရုတ်သိမ်းသင့် ပါဘူး။ မြန်မာနိုင်ငံမှာ စီးပွားရေး ချွတ်ခြုံကျနေတာဟာ စစ်အစိုးရကိုယ်တိုင်ရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုကြောင့် ဖြစ်တယ်။ အမေရိကန်က ပိတ်ဆို့ဒဏ်ခတ်ထားသည့် တိုင်အောင် စီးပွားရေးမူဝါဒ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်လို့ရပါတယ်။”

နောက်ဆုံးမေးခွန်းတခုကတော့ ဆရာ့အနေနဲ့သာ အမေရိကန် အစိုးရကို အကြံပေးရမယ်ဆိုရင် ဘာပြောမလဲ။

“အမေရိကန်အစိုးရ အနေနဲ့ မြန်မာစစ်အစိုးရကို တိတ်ဆိတ်ညင်သာတဲ့နည်းနဲ့ ဖြောင်းဖျတဲ့ သံတမန်နည်းလမ်းကို သုံးပြီး ခင်ဗျားတို့ ဒါလုပ်ရင် ကျနော်တို့ဘက်က ဘာလုပ်ပေးမယ် ဆိုပြီး အတိုးအလျှော့လုပ် ညှိနှိုင်းသင့်ပါတယ်။ ဥပမာ သူတို့ ဘက်က တစုံတရာ ပြုပြင်ပြောင်းလဲမှု လုပ်မယ်ဆိုရင် မြန်မာနိုင်ငံမှာ အမေရိကန်သံအမတ် ခန့်အပ်ပေးမယ်၊ ကမ္ဘာ့ဘဏ် အနေနဲ့ မြန်မာနိုင်ငံကို ငွေပြန်ချေးခွင့်ပေးမယ်၊ လူသားချင်း စာနာထောက်ထားမှု ထောက်ပံ့ငွေတွေ ပိုပေးမယ် စသဖြင့် ပေါ့။ မြန်မာစစ်ခေါင်းဆောင်တွေကို ကျနော် အတန်တန်ပြောတာ တခုရှိပါတယ်။ မြန်မာပြည်တွင်း နိုင်ငံခြားကူညီရေးအဖွဲ့ (NGOs) တွေ လုပ်ကိုင်ဆောင်ရွက်ပိုင်ခွင့် ဆိုင်ရာ မူကို ပြုပြင်ပြောင်းလဲပါလို့။ နောက်ပြီးတော့ ၂၀၀၈ ခုနှစ် ပိတ်ဆို့ ဒဏ်ခတ်ထားတဲ့ မူအရ အမေရိကန်အစိုးရ အနေနဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံအမတ်ကြီး ခန့်အပ်ဖို့ဆိုတာ ပါပါတယ်။ ဒါကိုလည်း ဆက်အကောင်အထည် ဖော်သင့်ပါတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG