သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ အာဆီယံ ဥက္ကဋ္ဌ ထိုင်းနိုင်ငံ ထပ်မံတိုက်တွန်း


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့နေအိမ်ခြံဝန်းထဲ တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့သူ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တော (John William Yettaw) လို လွှတ်ပေးတာ မြင်ချင်ပါတယ်လို့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ရဲ့ လက်ရှိဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံက ပြောဆိုလိုက်ပါတယ်။ မစ္စတာယက်တောကို ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြပေမယ့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆောင်ရွက်ဖို့လည်း တိုက်တွန်းနေကြတာပါ။ အကြောင်းစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။

ဆိုင်းငံ့ထောင်ဒဏ် တနှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခံနေရပြီး ဆက်လက် ဖမ်းဆီးခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သူ့နေအိမ်ခြံဝန်းထဲ ရေကူးဝင်ရောက်လို့ အစောပိုင်း ထောင်ဒဏ် ၇ နှစ်အထိ ကျခံနေရာက ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်တောလိုပဲ သူ့ကိုလည်း ပြန်လွှတ်ပေးစေချင်ပါတယ်လို့ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံက ပြောလိုက်တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းကပဲ မစ္စတာယက်တောကို ပြစ်ဒဏ်ကျခံနေရတဲ့ ရန်ကုန် အင်းစိန်ထောင်ကနေ အမေရိကန် ပြည်ထောင်စုကို ပြည်နှင်ဒဏ်ပေး လွတ်မြောက်ခွင့် ပေးခဲ့တာဟာ အပြုသဘောဆောင်တဲ့ လုပ်ရပ်အဖြစ် ထိုင်းအစိုးရက သဘောထားခဲ့တာပါ။ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ဝါတာရဂွန် ပြောတာကတော့…

“ဒါဟာ နိုင်ငံတကာ အသိုင်းအဝန်းက စိုးရိမ်မကင်း ဖြစ်နေရတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ မြန်မာအစိုးရဘက်က အပြုသဘော တုံ့ပြန်ခဲ့တာမို့ ထိုင်းနိုင်ငံအနေနဲ့ ကြိုဆိုပါတယ်” လို့ သူက ပြောခဲ့တာပါ။

ဒီလိုပဲ မနေ့တုန်းကပဲ အမေရိကန်ပြည်ထောင်စု သမ္မတ အိမ်ဖြူတော်ကလည်း အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) ရဲ့ ၃ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အဆုံးမှာ မစ္စတာယက်တော လွတ်မြောက်လာတဲ့အပေါ် ကျေနပ်အားရမိတဲ့အကြောင်း ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ရုံးကလည်း ဒီလို လူသားချင်း စာနာမှုနဲ့ ပြန်လွှတ်ပေးလိုက်တဲ့အပေါ် ကြိုဆိုကြောင်း ပြောခဲ့ကြတာပါ။ ဒါပေမယ့်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ဆက်ကြိုးပမ်းဖို့ လိုသေးတယ်လို့ ပါတီပြောခွင့်ရသူ တဦးဖြစ်တဲ့ ဒေါက်တာဝင်းနိုင်က ဆိုပါတယ်။

“အဓိကအားဖြင့် နိုင်ငံတကာက ပြောနေတာက ဒေါ်အောင်ဆန်းစုကြည်ကို ပြောနေတာ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နှစ်ပေါင်းများစွာ နေအိမ်အကျယ်ချုပ်နဲ့ နေရတယ်။ အခုဖြစ်တဲ့ကိစ္စမှာလည်း ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ပြစ်မှုကျူးလွန်ခြင်း မရှိဘူးလို့ ကမ္ဘာက တညီတညွတ်တည်း ပြောနေကြတယ်၊ အများစုကပေါ့။ အဲတော့ ဒီနေရာမှာ အပြစ်မကျူးလွန်တဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သူ့အိမ်ထဲ သူနေတဲ့ ဒေါ်အောင်ဆန်းစုကြည်က မလွတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိမ်ထဲကို အမေရိကန်နိုင်ငံကနေ တကူးတက ထိုးဖောက်ဝင်ရောက်လာတဲ့ ပုဂ္ဂိုလ်ကြတော့ လွတ်သွားတယ်၊ လွှတ်ပေးလိုက်တယ် ဆိုတော့ ပြောစရာတော့ ရှိတာပေါ့။ ပြစ်မှုပြစ်ဒဏ် ကျခံရခြင်း မရှိဘဲနဲ့ အကြောင်းကြောင်းကြောင့် သူလွတ်မြောက်သွားတယ်ဆိုလည်း လူသားတယောက်အနေနဲ့ ကျနော်တို့ကတော့ လူသားချင်း စာနာပြီးတော့ သူ့ကျန်းမာရေး အခြေအနေအရ ကြိုဆိုရမှာပဲပေါ့။

“သို့သော်လည်း အဓိကပုဂ္ဂိုလ်က ဒေါ်အောင်ဆန်းစုကြည်။ အဲတော့ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို အခုအချိန်အထိ လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး အလားအလာတွေ မတွေ့ရသေးဘူး ဆိုတဲ့အခါကြတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ ကြိုးပမ်းမှုတွေ လိုသေးတယ်လို့ ကျနော်တော့ ထင်တယ်။”

အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ ပတ်သက်လို့ ပြစ်ဒဏ်ပေး စီရင်ခဲ့တဲ့ တရားစီရင်ရေး စနစ်အပေါ် ဝင်ရောက်စွက်ဖက်ခွင့် မရှိဘူးဆိုတဲ့ အာဆီယံရဲ့ ရပ်တည်ချက်တွေ ရှိနေပေမယ့်လည်း နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးရေးလို ကိစ္စတွေဟာ မြန်မာနိုင်ငံက နိုင်ငံရေးပြဿနာတွေကို ပြေလည်စေရေး အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ယုံကြည်တဲ့အကြောင်း ပြောပါတယ်။ အခုလည်း အာဆီယံအသင်းဝင် နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက မပြေလည်နိုင်သေးတဲ့ နိုင်ငံရေး ပြဿနာတွေနဲ့ ပတ်သက်လို့ ဒီကနေ့နဲ့ မနက်ဖြန် ဆွေးနွေးတိုင်ပင်မှုတွေလည်း လုပ်နေဆဲဖြစ်ပြီး မကြာခင် ရပ်တည်ချက် သဘောထားတခု ထွက်ပေါ်လာနိုင်ဖွယ် ရှိတယ်လို့လည်း ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

“အာဆီယံအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ပြစ်ဒဏ်စီရင်ချက် ချမှတ်ခဲ့တဲ့နောက်ပိုင်း ကြေညာချက်တခု၊ ရပ်တည်ချက်တခု မကြာခင် ထုတ်ပြန်နိုင်စရာ ရှိတယ်” လို့ ထိုင်းအစိုးရ ပြောခွင့်ရပုဂ္ဂိုလ် ပန်နိတန် ဝါတာရဂွန် ပြောခဲ့တာပါ။ အန်န်အယ်လ်ဒီ ပါတီပြောခွင့်ရသူ ဒေါက်တာဝင်းနိုင်ကတော့ အသင်းဝင်နိုင်ငံတခုဖြစ်တဲ့ မြန်မာ့အရေးမှာ အာဆီယံကလည်း တာဝန်ယူရလိမ့်မယ်လို့ ဆိုပါတယ်။

“ကျနော်တို့နိုင်ငံမှာ အခု အရေးကြီးတာက ဒီမိုကရေစီကို နောက်ထားပြီး လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့ကိစ္စတွေ၊ လွတ်မြောက်ပြီးရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နအဖနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ဖို့ သူတို့ဘက်က ကြိုးပမ်းလာမယ်ဆိုရင် ဗမာနိုင်ငံရေးအတွက်တင်မက ဒေသတွင်း၊ အာဆီယံ နိုင်ငံတွေအတွင်းမှာ မြန်မာနိုင်ငံ ပြဿနာက ငြိမ်းပြီးတော့ သူတို့လည်း အပူတခု ငြိမ်းသွားတာပေါ့။ ဘာပဲဖြစ်ဖြစ် ဒေသတွင်း သူတို့နဲ့ မိတ်ဖက်နိုင်ငံတခု၊ အာဆီယံ အဖွဲ့ထဲမှာ ပါနေတဲ့ နိုင်ငံတခုအနေနဲ့ သဘောထားပြီးတော့ ဒီနိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သူတို့မှာလည်း တာဝန်ရှိတယ်လို့ ကျနော်ကတော့ ပြောချင်တယ်။”

အန်န်အယ်လ်ဒီပါတီ ပြောခွင့်ရသူ ဒေါက်တာဝင်းနိုင် ပြောပြသွားတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တပတ်ထဲမှာတုန်းကတော့ အာဆီယံဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံက ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ အာဆီယံတခုလုံး အနေနဲ့ တိုက်တွန်းစာတစောင် စစ်အစိုးရထံ ပေးပို့ဖို့ ဆော်သြခဲ့တာပါ။ ဒါပေမယ့်လည်း မရှေးမနှောင်းဆိုသလို အာဆီယံနိုင်ငံ တချို့ကတော့ မြန်မာနိုင်ငံက ပြဿနာတွေဟာ ပြည်တွင်းရေးရာသာ ဖြစ်တယ်ဆိုတာမျိုး၊ တခြားနိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက် မစွက်ဖက်ဖို့ ဆိုတာမျိုးတွေ စတဲ့ ပြောဆိုမှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG