သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် နိုင်ငံသား ဂျွန်ယက်တော ထိုင်းနိုင်ငံမှတဆင့် ဌာနေပြန်


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ခြံဝင်းထဲကို တိတ်တဆိတ် ရေကူးဝင်ရောက်ခဲ့လို့ ထောင်ဒဏ် ပြစ်ဒဏ်ပေးခံရပြီး နောက်ပိုင်း ပြန်လွှတ်ပေးလိုက်တဲ့ အမေရိကန်နိုင်ငံသား ဂျွန် ဝီလျံ ယက်တော (John William Yettaw) ဒီကနေ့ နေရပ်ရင်းကို ထိုင်းနိုင်ငံကတဆင့် ပြန်သွားပါပြီ။

အစောပိုင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ကျခံနေရာက မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးအဖြစ် သွားရောက်ခဲ့တဲ့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) ရဲ့ စေ့စပ်ညှိနှိုင်းမှုနဲ့ တနင်္ဂနွေနေ့တုန်းကပဲ ပြန်လည်လွတ်မြောက်လာပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျန်းမာရေး စစ်ဆေးမှုတွေ ခံယူနေခဲ့ရာက ဒီကနေ့ လေကြောင်းကနေ အမေရိကန်နိုင်ငံကို ပြန်သွားခဲ့တာပါ။

မစ္စတာယက်တောကို ပြန်လွှတ်ပေးအောင် ဆောင်ရွက်နိုင်ခဲ့တဲ့ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရပိုင် သတင်းစာတွေကတော့ ၂ နိုင်ငံလုံးအတွက် အောင်မြင်မှုတရပ်အဖြစ်၊ ၂ နိုင်ငံ အကြား ဆက်ဆံမှုတွေ တိုးတက်လာမယ့် လက္ခဏာတခုအဖြစ် ဖော်ပြခဲ့ကြတာပါ။ မနေ့တုန်းက အစိုးရပိုင် သတင်းစာတွေထဲမှာ ဆိုရင်လည်း ဒီခရီးစဉ်ကို မိုင်ပေါင်းတထောင် ခရီးစဉ်ထဲက ပထမဆုံး ခြေလှမ်းတလှမ်းအဖြစ်နဲ့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် အထက်လွှတ်တော်အမတ်ရဲ့ ၃ ရက်ကြာ ခရီးစဉ်အတွင်းမှာတော့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် အခု လွတ်မြောက်သွားတဲ့ ဂျွန် ယက်တော ရေကူးဝင်ရောက်လာတာကို လက်ခံခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မကြာသေးခင်ကပဲ ဆိုင်းငံ့ထောင်ဒဏ် ၁ နှစ်ခွဲ ပြစ်ဒဏ်ပေးခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG