သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဝက်ဘ် မြန်မာခရီး ရလဒ်နဲ့ အတိုက်အခံများ အမြင်


မြန်မာနိုင်ငံ စစ်အစိုးရက အမေရိကန်နိုင်ငံ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ် (Jim Webb) မြန်မာနိုင်ငံကို သွားရောက်ခဲ့တာနဲ့ ပတ်သက်ပြီးတော့ သူတို့ဘက်က အောင်မြင်မှုရတဲ့သဘော လုပ်ဆောင်နေတာကို တွေ့ရပါတယ်။ တနေ့က ထုတ်ဝေခဲ့တဲ့ မြန်မာစစ်အစိုးရ သတင်းစာတွေထဲမှာ ဒီကိစ္စဟာ ခရီးရှည်ကြီးအတွက် ပထမဦးဆုံး ခြေလှမ်း ဖြစ်တယ်လို့ ပြောဆိုရေးသားထားပါတယ်။ သတင်းစာပါ ဆောင်းပါး ဆိုလိုချက်က မြန်မာနဲ့ အမေရိကန် နှစ်နိုင်ငံ ဆက်ဆံရေး ပြေလည်ချောမွေ့လာမယ့် ခရီးရှည်ကြီးအတွက် ပထမခြေလှမ်း ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။

ဒီ ဆီနိတ်တာ ဂျင်မ် ဝက်ဘ်ရဲ့ မြန်မာပြည်ခရီးနဲ့ စစ်အစိုးရ သတင်းစာဆောင်းပါး တင်ပြပြောဆိုချက်များကို ပြည်ပရောက် အတိုက်အခံ ဒီမိုကရေစီ အဖွဲ့အစည်းများက ဘယ်လိုသုံးသပ်၊ ရှုမြင်သလဲ ဆိုတာကို သိရှိနိုင်ဖို့ ဦးကျော်ဇံသာက အမေရိကန်အခြေစိုက် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (National Coalition Government of the Union of Burma - NCGUB) ဝန်ကြီး ဦးဘိုလှတင့်နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ (National Council of the Union of Burma - NCUB) ရဲ့ ဥရောပရေးရာ တာဝန်ခံ ဦးနွယ်အောင်တို့ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဘိုလှတင့် အနေနဲ့ ဘယ်လို မှတ်ချက်ပြုလိုပါသလဲ။ သူတို့ပြောတဲ့အတိုင်း ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး ရေရှည်အောင်မြင် ချစ်ကြည်လာဖို့အတွက် ခရီးအစလို့ မြင်မိပါလားခင်ဗျာ၊ ဖြစ်နိုင်ပါသလား။

ဦးဘိုလှတင့် ။ ။ ကျနော့်အနေနဲ့ ပြောရမယ်ဆိုရင်တော့ ဒီ အထက်လွှတ်တော်အမတ် ဂျင်မ် ဝက်ဘ်ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ပုဂ္ဂိုလ်ရေးအရ ခရီးစဉ်ဆိုရင် အောင်မြင်တယ်လို့ ပြောလို့ရပေမယ့် နိုင်ငံရေးအရ သုံးသပ်မယ်ဆိုရင်တော့ မေးစရာမေးခွန်းတွေ အများကြီးရှိတဲ့ ခရီးစဉ်တခုလို့ ပြောရမှာ ဖြစ်ပါတယ်။ တကယ်တမ်းဆိုရင် ဒါ သူရဲ့ ပုဂ္ဂိုလ်ရေးအရ ခရီးစဉ် ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုကို ကိုယ်စားပြုပြီးတော့ သွားခဲ့တာ မဟုတ်ပါဘူးခင်ဗျာ။ ဒီ အမေရိကန် ပြည်ထောင်စုရဲ့ တရားဝင် ဆက်ဆံရေး ကောင်းဖို့ဆိုတာ အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အစဉ်တစိုက် ကိုင်စွဲခဲ့တဲ့ ဒီ positions တွေပေါ့၊ ချမှတ်ထားတဲ့ လိုအပ်ချက်တွေကို ပြည့်မီမှ ပြန်လည်ကောင်းမွန်လာနိုင်မှာ ဖြစ်ပါတယ်။ မစ္စတာ ဂျင်မ် ဝက်ဘ် ခရီးစဉ်တခုတည်းနဲ့ မဖြစ်နိုင်ပါဘူးခင်ဗျား။

ဦးကျော်ဇံသာ ။ ။ အဲဒီခရီးစဉ်က ပေါ်ထွက်လာတဲ့ ရလဒ်ကိုရော ဦးဘိုတို့ အမြင်နဲ့ ကြိုဆိုပါသလား ခင်ဗျာ။

ဦးဘိုလှတင့် ။ ။ တကယ်တမ်း ပြောရမယ်ဆိုရင်တော့ ကျနော်တို့မှာ မေးခွန်းတွေ အများကြီး ရှိပါတယ်။ ဂျင်မ် ဝက်ဘ်ရဲ့ ခရီးစဉ် ရလဒ်တွေရဲ့ ပထမဦးဆုံး သက်သေပြလိုက်တာကတော့ ယနေ့ နအဖအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး ဆိုတာနဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ လုံးဝ လွတ်လပ်မှု မရှိဘူးဆိုတာ သက်သေပြလိုက်တာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။ အမေရိကန်နိုင်ငံသား တယောက်ကိုတော့ လူသားချင်း စာနာတဲ့အနေနဲ့ လွှတ်လိုက်တယ်၊ လွှတ်ချင်ရင် လွှတ်လို့ရတယ်။ ကျန်တဲ့ပုဂ္ဂိုလ်များကိုတော့ မလွှတ်ချင် မလွှတ်ဘဲ ထားလို့ရတယ် ဆိုကတည်းက မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှုနဲ့ တရားစီရင်ရေး မဏ္ဍိုင်ဟာ ဗိုလ်ချုပ်တစုရဲ့ လက်ထဲမှာ ရှိသေးတယ်ဆိုတာ ထပ်ပြီးတော့ သက်သေပြလိုက်တာ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ တပိုင်းပေါ့။ ဒါပေမယ့် ဦးဘိုတို့ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြစ်ဒဏ် တဝက်လျော့ကျသွားတယ်။ နည်းနည်း relax ဖြစ်လာတယ်။ သူ့အပေါ်မှာလည်း ဧည့်သည်တွေကို အကန့်အသတ်နဲ့ တွေ့ခွင့်ပေးမယ်။ ယက်တော (Yettaw) ကိုလည်း လုံးဝလွှတ်ပေးတာကို ကြိုဆို၊ မကြိုဆို ဆိုတာကို သိချင်ပါတယ်။

ဦးဘိုလှတင့် ။ ။ ဒါတော့ ကျနော်တို့ မစ္စတာယက်တော ကိစ္စတခုတည်းနဲ့ ပတ်သက်ရင်တော့ ကြိုဆိုတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကို ၁၈ လ ပြစ်ဒဏ်ချသည်ဖြစ်စေ၊ ၁၈ ရက် ပြစ်ဒဏ်ချသည်ဖြစ်စေ ကျနော်တို့အမြင်မှာတော့ ထူးခြားမှုမရှိပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆရာဦးနွယ်အောင် ဆရာ့ကို ကျနော် စောစောကပြောခဲ့တာ ခရီးရှည်ကြီးအတွက် ပထမဦးဆုံး ခြေလှမ်းဆိုတဲ့ ဆောင်းပါးထဲမှာ ဆရာ့ကို နာမည်နဲ့ပါဖော်ပြီး ပြောထားတာကို တွေ့ရပါတယ်။ ဥပမာအားဖြင့် ဥရောပသမဂ္ဂ (European Union) ကတော့ မြန်မာနိုင်ငံအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်အမှုနဲ့ ပတ်သက်ပြီးတော့ စီးပွားရေး ပိတ်ဆို့မှုတွေကို ထပ်ပြီးတော့ တိုးမြှင့်ပြီးတော့ သတ်မှတ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ဆရာ့အနေနဲ့ တရားစီရင်ရေးဆိုင်ရာ အမှုထမ်းတွေအပြင် အာမခံလုပ်ငန်း၊ ရေထွက်ပစ္စည်း ငါး၊ ပုစွန်တွေကိုပါ ပိတ်ဆို့ဖို့ တောင်းဆိုထားကြောင်း၊ ဒါပေမယ့် အဲဒီနှစ်ခုက အချိန်မမီလိုက်ကြောင်း၊ ဒါကြောင့် အီးယူရဲ့ ယခင်ပိတ်ဆို့မှုနဲ့ ယခုပိတ်ဆို့မှုမှာ ထိရောက်သင့်သလောက် ထိရောက်တာ မှန်ပေမယ့်လည်း ဆရာတို့ လိုဘနဲ့ကြည့်ရင် ကျေနပ်လောက်အောင် မရှိသေးဘူးလို့ ပြောသွားပါတယ်။ ဒါဟာ ဆရာ့အနေနဲ့ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကောင်းရာကောင်းကြောင်း မဟုတ်ဘဲနဲ့ ပျက်စီးရာ ပျက်စီးကြောင်း ပြောတယ်လို့ ဆိုထားပါတယ်။ ဆရာ့အနေနဲ့ ဘယ်လို တုံ့ပြန်ပြီး ပြောလိုပါသလဲ။

ဦးနွယ်အောင် ။ ။ ဟုတ်ကဲ့ သူတို့အနေနဲ့ သူတို့ရဲ့အာဘော် သတင်းစာတွေထဲမှာ နာမည်နဲ့ဖော်ပြီးတော့ စစ်အာဏာရှင်တွေရဲ့ ပစ်မှတ် ဖြစ်သွားတဲ့ အတွက်ကြောင့် ဒီဥစ္စာကို သမိုင်းကမ္ပည်း အထိုးခံရတဲ့အတွက်ကြောင့်မို့ ကျနော့်အနေနဲ့ ဂုဏ်ယူရမှာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီလိုကိစ္စမျိုးမှာတော့ ကျနော်တို့က ဥရောပမှာ အမြဲ စစ်အာဏာရှင်တွေရဲ့ ဒီလုပ်ငန်းတွေကို ဥရောပနိုင်ငံတွေ သိအောင် အမြဲ ကျနော်တို့ ဖော်ပြ၊ စာနဲ့တဖုံ၊ လူချင်းတွေ့ပြီးတော့တဖုံ စသည်ဖြင့် ကျနော်တို့ အစည်းအဝေးတွေမှာပဲ ဖြစ်ဖြစ်ပေါ့၊ ကျနော်တို့ အမြဲဖော်ပြပေးနေတာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့လူတွေက ဒီ စစ်အစိုးရက ဂျွန်ယက်တောကို လွှတ်ပေးတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်လျှော့ချ ပေးတာတွေကို ကြည့်ပြီးတော့ စစ်အစိုးရဘက်ကတော့ ပြန်လည်သင့်မြတ်လိုကြောင်း လမ်းစ ပေါ်လိုပေါ်ငြား၊ အထူးသဖြင့် အမေရိကန်နဲ့ သင့်မြတ်ချင်တယ်၊ သူတို့ဆောင်းပါးထဲမှာ အမေရိကန်မို့လို့ မဟုတ်ပါဘူး၊ ဘယ်နိုင်ငံမဆို ဒီလို ဆောင်ရွက်မယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူတို့ဟာ အမေရိကန်နဲ့ သင့်မြတ်ရရင် ကမ္ဘာ့နိုင်ငံကြီးတွေရဲ့ ဖိအား သူတို့အပေါ်မှာ လျော့လာမယ်၊ တနည်းအားဖြင့် အဲဒါကို အခြေခံပြီးတော့ သူတို့ဟာ တိုင်းပြည်အတွင်းမှာလည်း အထိုက်အလျောက် ပြုပြင်ရေး လုပ်ချင်တဲ့သဘော ပြသပါတယ်။ သူတို့ဘက်က overcharge လို့ သတ်မှတ်တဲ့လူတချို့ ရှိနေပါတယ်။ ဆိုတော့ ဦးဘိုတို့ အနေနဲ့တော့ ဒီဖြစ်ရပ်ကို အဲဒီလို မမြင်နိုင်ဘူးလားခင်ဗျား၊ သူတို့ဘက်က သင့်မြတ်လိုတဲ့သဘောထား တစွန်းတစ ပြသလာတယ်၊ အကြောင်းအမျိုးမျိုးကြောင့်လို့ မယူဆဘူးလားဗျာ။

ဦးဘိုလှတင့် ။ ။ တကယ်တမ်း မြန်မာနိုင်ငံမှာ သင့်မြတ်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ချင်တယ် ဆိုလို့ရှိရင် မြန်မာနိုင်ငံထဲမှာ လက်ရှိ သူတို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ခွန်ထွန်းဦးတို့လို အခြား တိုင်းရင်းသား ခေါင်းဆောင်များ၊ တခြား နိုင်ငံရေးခေါင်းဆောင်များနဲ့ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီး အရင်ဆုံး ပြန်လည်သင့်မြတ်ရေးကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အဲဒီလိုမဟုတ်ဘဲနဲ့ နိုင်ငံတကာ မိသားစုနဲ့ပဲ ဆောင်ရွက်ချင်တယ်၊ ကိုယ့်လူမျိုးကိုတော့ ကိုယ်က ကျေးကျွန်တွေလို ကိုယ်လုပ်ချင်သလို လုပ်နေမယ်၊ ဥပဒေမဲ့ ပြုကျင့်နေမယ် ဆိုတာကတော့ မြန်မာနိုင်ငံမှာ အပြုသဘောဆောင်တဲ့ ဖြစ်ပေါ်တိုးတက်မှုတွေကို ဘယ်လိုနည်းနဲ့မှ ဖြစ်စေနိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့က ရှင်းရှင်းလင်းလင်း ယုံကြည်တာ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုရော အဲဒီလို ဖြစ်လာနိုင်မယ့် အခြေအနေ မရှိဘူးလား။ ဘာကြောင့်မေးရလဲ ဆိုရင် စစ်အစိုးရက ပြည်ပက အတိုက်အခံတွေရဲ့ ပြောတဲ့စကားကို အတော်လေး အလေးအနက်ကြီး ယူဆပါတယ်။ လူတချို့က ဘယ်လိုတွက်ကြသလဲဆိုရင် ပြည်ပအင်အားစုတွေက သိပ်ပြောနေတဲ့ အတွက်ကြောင့် ပြည်တွင်းမှာ သင့်မြတ်ရေးက ပိုပြီးဝေးရတယ်။ အဲဒီလို ပြည်တွင်းသင့်မြတ်ရေး အလှမ်းကွာဝေးလာရခြင်းဟာ ပြည်ပအတိုက်အခံများရဲ့ အာပေါင်အာရင်းသန်သန် လှုပ်ရှားဆောင်ရွက်မှုတွေ၊ ပြောကြမှုတွေကြောင့်လို့ တွက်ကြပါတယ်။

ဦးဘိုလှတင့် ။ ။ အဲဒါတော့ မှားပါတယ်ခင်ဗျား။ ကျနော်တို့က အခုဆိုရင် နအဖ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင်၊ နအဖဗိုလ်ချုပ်များ ကိုယ်တိုင်လည်းပဲ ကျနော်တို့ လှုပ်ရှားမှုတခုလုံးက သမိုင်းတွင်တဲ့ ညီညွတ်မှုနဲ့ တစုတစည်းတည်းနဲ့ ကျနော်တို့ တင်ပြထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး အဆိုပြုချက်ဆိုတာကို ရပြီဖြစ်ပါလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ ဒါဟာ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ကုလသမဂ္ဂ ခေါင်းဆောင်များကိုရော၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင် နိုင်ငံများကိုလည်းကောင်း၊ အာဆီယံခေါင်းဆောင်များကို ဒီသတင်းကို ကျနော်တို့ရဲ့ ပြန်လည်သင့်မြတ်ရေးအတွက် အဆိုပြုချက် တညီတညွတ်တည်းနဲ့ အဆိုပြုချက်ကို အမြန်ဆုံး နအဖသိအောင် ဆောင်ရွက်ပေးပါလို့ ကျနော်တို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။ ဒီအဆိုပြုချက်မျိုးဟာ ကျနော်တို့ အရင်တုန်းကဆိုရင် တကွဲတပြားစီပြောလို့ နအဖ အနေနဲ့ မေးစရာမေးခွန်း ရှိနိုင်ပါတယ်။ အခုဆိုရင်တော့ အားလုံးဟာ တိုင်းရင်းသားအားလုံး၊ ဒီမိုကရေစီအင်အားစု အားလုံးက တညီတညွတ်တည်းနဲ့ ပြုထားတဲ့ အဆိုပြုချက်ကို လေးလေးနက်နက်နဲ့ စဉ်းစားပြီးတော့ တုံ့ပြန်မယ် ဆိုခဲ့ရင်တော့ ကျနော်တို့က ကြိုဆိုရမှာ ဖြစ်ပါတယ်။ ကျနော်တို့လည်း တပ်မတော်နဲ့ လက်တွဲပြီး တိုင်းပြည် ပြန်လည်ထူထောင်ရေးကို လုပ်ချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ အဲဒီ တင်ပြတောင်းဆိုချက်ထဲမှာ တဖက်သတ် ဒူးထောက်အညံ့ခံရမယ်ဆိုတဲ့ လေသံမျိုးရော ပါပါသလား။

ဦးဘိုလှတင့် ။ ။ လုံးဝ မရှိပါဘူးခင်ဗျ။ ကျနော်တို့ဟာ၊ ကျနော်တို့တိုင်းပြည်ဟာ ချက်ချင်းလက်ငင်း ဒီမိုကရေစီနိုင်ငံအဖြစ် ကူးပြောင်းသွားလို့ မဖြစ်နိုင်ဘူး၊ ဒီလို စစ်အာဏာရှင်စနစ်နဲ့ နှစ်ပေါင်းများစွာ အုပ်စိုးခဲ့ပြီးတော့ စစ်တပ်က တိုင်းပြည်ရဲ့ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ဘဝတွေမှာ အင်မတန် နက်နက်ရှိုင်းရှိုင်း ပါဝင်နေတဲ့ တိုင်းပြည်မျိုးဟာ ကျနော်တို့ အင်ဒိုနီးရှားနိုင်ငံလိုပဲ စနစ်တကျ အသွင်ကူးပြောင်းရေးကာလ ဖြတ်ပြီးတော့မှ ကျနော်တို့လိုလားတဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပြည်ထောင်စု၊ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုဆီကို ဦးတည်သွားလာနိုင်မယ်ဆိုတာကို ကျနော်တို့ ထောက်ပြပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာဦးနွယ်အောင်ခင်ဗျား ဆရာတို့ အီးယူဘက်ကို အတော်လေးတင်းမာတယ်လို့ စွပ်စွဲထားပါတယ်။ နောက်တော့ ဆရာ့ကိုလည်း ပုဂ္ဂိုလ်ရေးအရ အတော်လေး တင်းတင်းမာမာ လုပ်တယ်လို့ ပြောထားပါတယ်။ ဆရာတို့ကရော စစ်အစိုးရကို ရန်သူလို သဘောထားပြီးတော့ သူတို့ဟာ ငါတို့ရှေ့မှာ ဒူးထောက်အညံ့ခံမှ ငါတို့နဲ့ အဆင်ပြေမယ်ဆိုတဲ့ သဘောထားမျိုး ရှိပါသလား၊ သို့တည်းမဟုတ် သူတို့ကိုလည်း ထွက်ပေါက်ပေးပြီးတော့ ညှိနှိုင်းလို့ရရင် ပြေရာပြေကြောင်း ဆောင်ရွက်လိုတဲ့ ဆန္ဒရှိပါသလား။

ဦးနွယ်အောင် ။ ။ ဟုတ်ကဲ့ ကျနော်တို့ အမြင်ကတော့ ရှင်းပါတယ်။ ဒီ စစ်အာဏာရှင်အနေနဲ့လည်း ဒီဥစ္စာက ဆွေးနွေးရမယ်၊ compromise လုပ်ရမယ်ဆိုတာက ကျနော်တို့ သဘောပေါက်ပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အခုလက်ရှိ နှစ်ပေါင်း ၂၀ လောက်အတွင်းမှာ စစ်အာဏာရှင်ဘက်က ဘာမှ လိုက်လိုက်လျောလျော လိုက်လျောတဲ့ဟာတွေကို မတွေ့ရတဲ့အတွက်ကြောင့်မို့ ဒီလို သူတို့နဲ့သာ compromise လုပ်နေဦးမယ်ဆိုရင် နောက်ထပ်အနှစ် ၂၀ လောက် ကြာသွားနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသားရင်ကြားစေ့ရေးကို ဖွင့်ထားသလို၊ တဖက်ကလည်း သူတို့က အမျိုးသားရင်ကြားစေ့ရေးရဲ့ စားပွဲပေါ်ကို ရောက်လာအောင်လည်း တဖက်ကနေပြီးတော့ ကျနော်တို့ pressure ပေးရမှာတွေ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု ဘာပဲပြောပြော ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်က နည်းနည်းလျှော့ပေးတယ်၊ ဂျွန်ယက်တောကို လွှတ်လိုက်တယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ဆီနိတ်တာတို့ကို ပေးတွေ့တယ်။ ဒီဟာတွေကိုရော ဆရာတို့က လိုက်လျောမှု တစွန်းတစလောက် မယူဆနိုင်ဘူးလား။

ဦးနွယ်အောင် ။ ။ ဒီကိစ္စမှာတော့ ကျနော်တို့အနေနဲ့ လိုက်လျောမှုရှိလာတယ်လို့ ကျနော်တို့က လုံးဝမယူဆပါဘူး။ ဒီဥစ္စာက လုပ်ဇာတ်တွေပဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ ဆရာတို့က လိုက်လျောမှုဆိုတာ အနိမ့်ဆုံးလိုက်လျောမှုက ဘယ်အဆင့်လို့ ပြောလိုပါသလဲ။ ဘယ်အဆင့်မျိုးကို လိုချင်ပါသလဲ။

ဦးနွယ်အောင် ။ ။ အနိမ့်ဆုံးကတော့ သူဟာ အမျိုးသားရင်ကြားစေ့ရေးကို ဦးတည်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်တဲ့ အဖွဲ့တွေနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ စကားပြောလာတဲ့အဆင့်မှသာ အနိမ့်ဆုံးဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဦးဘိုက အခု တရားရုံးကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆောင်ရွက်ခဲ့တာကို လိုက်လျောမှု ပြသခြင်းလို့ ယူဆပါသလား။ မယူဆဘူးဆိုရင် အနိမ့်ဆုံး လိုက်လျောမှုက ဘယ်အဆင့်မျိုး ဖြစ်စေချင်ပါသလဲ။

ဦးဘိုလှတင့် ။ ။ ပထမဦးဆုံး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လည်လွတ်မြောက်ရမယ်။ ဒုတိယကတော့ နိုင်ငံရေးအရ အနှစ်သာရရှိပြီးတော့ အချိန်အကန့်အသတ်ရှိတဲ့ အားလုံး ပါဝင်ပတ်သက်လူတွေ ပါဝင်တဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ရှိရမယ်။ တတိယကတော့ အဲဒီလို တွေ့ဆုံဆွေးနွေးမှုတွေက နေပြီးတော့မှ နအဖ ကျင်းပချင်တဲ့ ၂၀၁၀ ရွေးကောက်ပွဲဟာ ပြည်သူလူထု အားလုံးကရော နိုင်ငံတကာကရော လက်ခံနိုင်တဲ့ ဂုဏ်သိက္ခာရှိတဲ့ ရွေးကောက်ပွဲမျိုး ဖြစ်ရမယ်ဆိုတဲ့ အချက်သုံးချက် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအဆင့်ထိ မရောက်ခင် ကြိုတင်ပြီးတော့ နိမိတ်ပြသတဲ့ အချက်တွေ overcharge ပေးတဲ့ဟာတွေ မထားတော့ဘူးလား။ ဒီအဆင့်ကို တခါတည်း တန်းရောက်ရမယ်လို့။

ဦးဘိုလှတင့် ။ ။ ဒီအဆင့်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်သုံးနှစ်ကနေ ဆယ့်ရှစ်လ လျှော့ချလိုက်ပေမယ့်လို့ မြန်မာနိုင်ငံမှာ လက်ရှိ နအဖ အခြေခံ ကိုင်စွဲထားတဲ့ ဥပဒေအရ အပြစ်ရှိတဲ့လူတိုင်းဟာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်က ဖြစ်စေ၊ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ဖြစ်စေ ထိထိရောက်ရောက် ပါဝင်ပတ်သက်ဖို့ အင်မတန် ခဲယဉ်းပါတယ်။ ဒါကြောင့်မို့ ပထမဦးဆုံး အနိမ့်ဆုံးလို့ ပြောရမယ်ဆိုရင်တော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေး အကျဉ်းသားတွေအပေါ်မှာ ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေကို လုံးဝ ရုပ်သိမ်းပေးတယ်ဆိုရင်တော့ တကယ်ပဲ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ယုံကြည်တယ်၊ အားလုံးနဲ့ လူထုခေါင်းဆောင်တွေနဲ့ လက်တွဲပြီး တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လက်တွဲပြီး ဆောင်ရွက်ချင်တဲ့ သဘောကို ဆောင်မယ်လို့ ကျနော်တို့ မြင်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG