သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကာတွန်းဆရာကံချွန် ကွယ်လွန်


နာမည်ကျော် ကာတွန်းဆရာကြီး ကံချွန် ဒီနေ့ နေ့လယ်ပိုင်းက မန္တလေးက နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ မန္တလေးမြို့ မှာ ဆရာကြီးရဲ့ ပန်းချီပြပွဲကို သြဂုတ်လ ၁၅ ရက်ကစလို့ ပြုလုပ်နေတာဖြစ်ပြီး ဒီနေ့ ပြပွဲနောက်ဆုံးရက် အိမ်ပြန်ရောက်တဲ့ အချိန် နာရီပိုင်းမှာပဲ ကွယ်လွန်ခဲ့တာ ဖြစ်ပါတယ်။ သူ့နာရေးနဲ့ပတ်သက်ပြီး အကြောင်းစုံကို မသင်းသီရိက တင်ပြပေးထား ပါတယ်။

ကွယ်လွန်ချိန်မှာ ဆရာဦးကံချွန်ဟာ အသက် ၆၄ နှစ် ရှိနေပြီဖြစ်ပြီး လွန်ခဲ့တဲ့ ၅ လလောက်ကစလို့ အသည်းကင်ဆာ ရောဂါ ခံစားနေရတဲ့အကြောင်း ဆရာ့ရဲ့ သမီးဖြစ်သူ မစိန်စိန်ဦးက ပြောပါတယ်။

“ဒီနေ့ ၃ နာရီခွဲပါရှင်။ ၃ နာရီလောက်အထိကို ဧည့်သည်လက်ခံပြီး စကားပြောတုန်းပါ။ ၃ နာရီ ၁၅ မိနစ်လောက်ကြမှ သူ သွေးနည်းနည်းအန်တော့ ဆရာဝန်ခေါ်၊ သွေးတိတ်ဆေးထိုး၊ ရေခဲအုပ် လုပ်ပေးသေးတယ်။ လုပ်ပေးရင်း ကျမတို့က ခေါင်းအုံး မြင့်တယ်ဆိုပြီး ခေါင်းအုံးနိမ့်တာလေး လဲပေးတဲ့အချိန်မှာပဲ ၃ နာရီခွဲတော့ ဆုံးသွားတာပါ။ ပြောမပြတတ်အောင် ဝမ်းနည်းပါတယ်။”

မန္တလေးမြို့က Oriental House ခန်းမမှာ ဆရာဦးကံချွန်ရဲ့ ပန်းချီပြပွဲကို ကျင်းပနေတာဖြစ်ပြီး ဒီပြပွဲ နောက်ဆုံးရက် အိမ်ကို ပြန်ရောက် အပြီး နာရီပိုင်း အတွင်းမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

“၁၅ ရက်နေ့က ပန်းချီပြပွဲ လုပ်တယ်လေ။ ပန်းချီကားတွေပါ၊ ကာတွန်းတော့ သိပ်မပါပါဘူး။ ပန်းချီကားတွေပဲ Oriental House မှာ ပြလိုက်တာ။ ဆေးကုပေးနေတဲ့ ဆရာဝန်ကြီးတွေကို ဝေဒနာသက်သာအောင် ကုပေးနေတဲ့အတွက်၊ ဆရာဝန် ကြီးတွေလည်း ပျော်ရွှင်စေလိုတဲ့အတွက် ကယ်ရီကေးချားရေးပြီး ရယ်နေတဲ့ပုံတွေ၊ သက်သောင့်သက်သာနဲ့ ရယ်ရယ် မောမောနဲ့ ပျော်ပျော်နေတဲ့ ဘဝဟာ နေပျော်တဲ့ဘဝပါဆိုပြီး အဖေက ဆရာဝန်တွေကို ပေးတာပါ။ ဆရာဝန်တွေပုံကို ပြန်ရေးပေးတာ။”

ကာတွန်းဆရာ ဦးကံချွန်ရဲ့ သမီး မစိန်စိန်ဦး ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆရာဦးကံချွန်ကို ထင်ရှား အောင်မြင်တဲ့ သူ့ရဲ့ ကာတွန်းကားတွေကြောင့် ကာတွန်းဆရာ ကံချွန်ရယ်လို့ အများသိ၊ အများ ရင်းနှီးပေမဲ့ ဆရာကြီးဟာ ဝါရင့် ပန်းချီသမားတယောက်လည်း ဖြစ်တယ်လို့ အမေရိကားမှာ နေထိုင်တဲ့ စွယ်စုံ အနုပညာရှင် ဆရာဦးဝင်းဖေက ပြောပါတယ်။

“ကာတွန်းကံချွန်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးဆယ်ကတည်းက ကျနော် စသိတာ၊ ကျနော်တို့ မန္တလေးသားချင်း။ သူ့ရဲ့ ခံယူချက်က သိပ်ရိုးတယ်။ သူက သူ့အတွက်၊ အများအတွက် ကောင်းကျိုး၊ အကျိုးရှိမယ့်ဟာကို အမြဲ လုပ်ချင်တဲ့လူ၊ အဲဒါကို အမြဲ ကြံစည်နေတဲ့လူ။ အသက်ကြီးလေ သူက အလုပ်လုပ်လေပဲ။ ဟောစရာရှိရင် ဟောမယ်၊ စာရေးစရာရှိရင် ရေးမယ်၊ ကာတွန်းရေးစရာရှိ ရေးမယ်၊ ပန်းချီရေးစရာရှိ ရေးမယ်။ အဲဒီလိုလူမျိုး၊ သူ အများကြီး အလုပ်လုပ်တယ်ဗျ။ သိပ် အလုပ်လုပ် တဲ့လူ၊ စံနမူနာ ထားထိုက်တဲ့လူတယောက် ဆုံးတာ တိုင်းပြည်အတွက် အလွန် နစ်နာပါတယ်ဗျာ။”

ဆရာဦးဝင်းဖေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဆရာဦးကံချွန်ရဲ့ ဈာပနကို မနက်ဖြန်နေ့လယ် ၂ နာရီ နေအိမ်ကနေ မန္တလေး ကြာနီကန် သုဿာန်မှာ သဂြုႋဟ်မယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG