သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား သံတမန် ၂ ဦးနဲ့ ဘီလ် ရစ်ချတ်ဆန် တွေ့ဆုံ


အမေရိကန် ပြည်ထောင်စု နယူးမက္ကဆီကို ပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူး ဘီလ် ရစ်ချတ်ဆန် (Bill Richardson) ဟာ အလည်အပတ် လာရောက်နေတဲ့ မြောက်ကိုရီးယားက သံတမန် ၂ ဦးနဲ့ ၂ ရက်ကြာ ဆွေးနွေးခဲ့ပါတယ်။ အမေရိကန်နဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေး တိုးတက်လာဖို့အတွက် မျှော်လင့်ချက် လက္ခဏာ ရှိတယ်လို့ မစ္စတာရစ်ချတ်ဆန်က ပြောပါတယ်။

ဆန်တာဖီက သူ့နေအိမ်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ဗုဒ္ဓဟူးနေ့မှာ အခုလို မှတ်ချက်ပေး ပြောသွားခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း CNN ရုပ်သံနဲ့ တွေ့ဆုံဆွေးနွေးခန်း တခုမှာလည်း သူတို့ ဆွေးနွေးနေကြစဉ် အတွင်းမှာ တင်းမာမှုတွေ လျော့ပါးလာသလို သူ ခံစားမိတယ်လို့ မစ္စတာရစ်ချတ်ဆန်က ပြောသွားပါတယ်။

မစ္စတာရစ်ချတ်ဆန်ဟာ အရင်တုန်းက ကုလသမဂ္ဂ သံအမတ်ကြီးတာဝန် ယူခဲ့သလို နိုင်ငံတကာ ညှိနှိုင်းမှုတွေမှာလည်း ပါဝင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

မြောက်ကိုရီးယားဟာ အမေရိကန် ပြည်ထောင်စုနဲ့ တိုက်ရိုက်ညှိနှိုင်း ဆွေးနွေးသွားဖို့ ကြိုးပမ်းနေတယ်လို့ မစ္စတာရစ်ချတ်ဆန်က ပြောခဲ့ပါတယ်။

ဒီအစည်းအဝေးကို အိုဘားမား အစိုးရအဖွဲ့က စီစဉ်ဆောင်ရွက်ပေးတာ ဖြစ်တယ်လို့ နိုင်ငံခြားရေးဌာနက ဝန်ခံပါတယ်။ ဒါပေမဲ့လည်း မြောက်ကိုရီးယားကို တခုခုမှာဖို့တော့ မစ္စတာရစ်ချတ်ဆန်ကို တောင်းဆို ပြောထားတာ မရှိဘူးလို့ ဆိုပါတယ်။ မစ္စတာရစ်ချတ်ဆန်ဟာ သမ္မတအိမ်ဖြူတော်ကိုလည်း ကိုယ်စားမပြုပါဘူး။

အမေရိကန် ပြည်ထောင်စုအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားမဲ့ဇုံ ဖြစ်ရေးကို မူဝါဒ တရပ်အနေနဲ့ ဆက်ပြီး လုပ်သွားမယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ကယ်လီက ပြောပါတယ်။

မြောက်ကိုရီးယားကို အကူအညီနဲ့ သံတမန် အခွင့်အလမ်းတွေ ပေးပြီး နျူကလီးယားလက်နက် ဖြုတ်သိမ်းရေး ၆ ပါတီ ဆွေးနွေးပွဲကို မြောက်ကိုရီးယား ပြန်တက်လာဖို့ကိုလည်း အမေရိကန် အနေနဲ့ ကြိုးစားသွားမယ်လို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG