သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကင်မ်ဒေးဂျုံ ဈာပန မြောက်ကိုရီးယား ကိုယ်စားလှယ် တက်ရောက်


ကွယ်လွန်သူ တောင်ကိုရီးယားသမ္မတဟောင်း ကင်မ်ဒေးဂျုံ ရဲ့ မိသားစုကို ဝမ်းနည်းကြောင်း သတင်းစကားပါးဖို့ မြောက် ကိုရီးယားက ပထမဆုံးအကြိမ် အဖြစ်နဲ့ တောင်ကိုရီးယားကို ကိုယ်စားလှယ်အဖွဲ့တခု စေလွှတ်လိုက်ပါတယ်။ တောင် နဲ့ မြောက် ကိုရီးယားတို့ကြား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းခဲ့တဲ့ ကင်မ်ဒေးဂျုံ ရဲ့ ကြိုးပမ်းမှုတွေကို ဂုဏ်ပြုရင်း အခုလို လာ ရောက်ကြမှာပါ။ ဒါပေမယ့်လည်း မြောက်ကိုရီးယားက အသက်ဘေး အန္တရာယ်ကြောင့် ထွက်ပြေး လာရသူတွေကတော့ ကွယ်လွန်သူ သမ္မတဟောင်း ထားခဲ့တဲ့ အမွေအနှစ်တွေနဲ့ ပတ်သက်လို့ သိပ်တော့ အကောင်းမြင်တဲ့ သဘောထားတွေ မတွေ့ရတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် Kurt Achin ဆိုးလ်မြို့တော်ကနေ သတင်းပေးပို့ ထားတာကို ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။

တောင်ကိုရီးယားမြို့တော် ဆိုးလ်မှာ ဒီကနေ့ မြင်တွေ့ရတဲ့ မြင်ကွင်းကတော့ ထူးထူးခြားခြားလို့ ဆိုရမှာပါ။ ကွယ်လွန်သူ သမ္မတဟောင်း ကင်မ်ဒေးဂျုံ ကို နောက်ဆုံးအနေနဲ့ ဂါရဝပြုဖို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအီးလ် ရဲ့ အမည် ရေးထိုးထားတဲ့ ပန်းစည်း အကြီးကြီးကို သယ်ဆောင်လာတဲ့ မြောက်ကိုရီးယား အဆင့်မြင့်သံအဖွဲ့ကို တွေ့ရတာပဲ ဖြစ်ပါ တယ်။ အဖွဲ့ဝင် ၆ ယောက်ပါတဲ့ မြောက်ကိုရီးယား ကိုယ်စားလှယ်တွေဟာ ဒီကနေ့ အစောပိုင်းမှာပဲ တောင်ကိုရီးယား ကင်ပို လေဆိပ်ကို ဆိုက်ရောက် လာခဲ့ကြတာပါ။ ဒီအထဲမှာ မြောက်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲနဲ့ အာဏာရ ကွန်မြူနစ်ပါတီ အဆင့်မြင့် ပုဂ္ဂိုလ်တွေ ပါဝင်ကြပါတယ်။ နိုင်ငံတော် ဈာပနနဲ့ သမ္မတဟောင်းကို ဂုဏ်ပြုသဂြုႋဟ်မယ့်နေ့ မတိုင်မီတရက်ဖြစ်တဲ့ စနေနေ့မှာ သူတို့ ပြန်လည် ထွက်ခွာကြမှာပါ။

“မြောက်ကိုရီးယား ခေါင်းဆောင်ကြီး ကင်မ်ဂျုံအီးလ် က တောင်ကိုရီးယား သမ္မတဟောင်း ကင်ဒေးဂျုံ ရဲ့မိသားစုကို ဝမ်းနည်းကြောင်း အမှာစကား မှာကြားလိုက်တယ် ဆိုတဲ့အကြောင်း၊” - မြောက်ကိုရီးယားပိုင် သတင်းဌာနတွေက ကိုရီးယား ဘာသာစကားနဲ့ ကြေညာသွားခဲ့တာပါ။ သမ္မတဟောင်း ကမ်မ် ဟာ အင်္ဂါနေ့တုန်းက အသက် ၈၅ နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့တာပါ။ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ် မြောက်ကိုရီးယားက ပြုန်ရမ်း ထိပ်သီးညီလာခံတရပ်နဲ့ စတင်လိုက်ပြီး သူဟာ မြောက်ကိုရီးယားနဲ့ ပြန်လည်သင့်မြတ်ရေး အတွက် တောင်ကိုရီးယား ရဲ့ မူဝါဒသစ်ကို ချမှတ်ခဲ့တာပါ။ ဒီ ထိပ်သီး ဆွေးနွေးပွဲတွေ နောက်ပိုင်း သမ္မတဟောင်း ကင်မ် ဟာ ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ရရှိခဲ့ပေမယ့် ဒီဆွေးနွေးပွဲအတွက် တောင်ကိုရီးယားက မြောက်ကိုရီးယားကို ဒေါ်လာသန်း ၅၀၀ ပေးခဲ့ရတယ်လို့ စွပ်စွဲမှုတွေ ထွက်ပေါ်ခဲ့တဲ့နောက် ဂုဏ် သိက္ခာ ကျစရာ ဖြစ်ခဲ့ရတာပါ။

အခုနောက်ဆုံး မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့ တောင်ကိုရီးယားကို ခြေချခဲ့တာဟာဆိုရင် ၂ နှစ်နီးပါးအတွင်း ပထမဆုံး အကြိမ် ဖြစ်သလို တောင်ကိုရီးယား ခေါင်းဆောင် တဦးကို ထူးထူးခြားခြား ဂုဏ်ပြုတာဟာလည်း ပထမဆုံး ဖြစ်ပါတယ်။ တကယ်တော့ တောင်နဲ့မြောက် ကိုရီးယား ၂ ဖက်အကြား စစ်မက်ဖြစ်ပွားမှုတွေ အဆုံးသတ်ခဲ့ပြီး နှစ်ပေါင်း ၅၀ ကျော်ကြာ ရန်ဖက်တွေ အဖြစ်နဲ့ ရှိနေခဲ့တာပါ။ သမ္မတဟောင်း ကင်မ် ရဲ့ မြောက်ကိုရီးယားအပေါ် အပြုသဘောထားပြီး ဆက်ဆံတဲ့ Sunshine ပေါ်လစီ လို့ ခေါ်တဲ့ မူဝါဒဟာ အဆင်အခြင်မဲ့တဲ့ ပျော့ပြောင်းမှုအဖြစ် မြင်သူတွေလည်း ရှိသလို တချို့ကလည်း မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက် အစီအစဉ်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လျစ်လျူရှု ဆက်ဆံမှုမျိုးအဖြစ်လည်း ရှုမြင်ကြပါတယ်။ မြောက်ကိုရီးယားက ထွက်ပြေးလာပြီး၊ တောင် ကိုရီးယားမှာ ခိုလှုံနေကြသူ ၁ သောင်းခွဲ လောက်ကတော့ ဒုတိယ အမြင်မျိုး ပိုပြီး ရှုမြင်ကြပါတယ်။ သူတို့အဖို့ သူတို့တတွေ နဲ့ သူတို့ရဲ့ မိသားစုတွေ အသက်စွန့်ပြီး ငတ်မွတ်ခေါင်းပါးမှုဘေး၊ အပြစ်ပေး အရေးယူ ခံရမယ့်ဘေးတွေက ထွက်ပြေး တိမ်းရှောင် လာခဲ့ကြရတာပါ။ မကြာသေးခင်ကပဲ တောင်ကိုရီးယားကို ထွက်ပြေးလာသူ တဦးကတော့ သူနဲ့ တခြားလူတွေ အနေနဲ့ သမ္မတဟောင်း ကင်မ် ကွယ်လွန်သွားတဲ့အတွက် ထူးထူးခြားခြား ဝမ်းမနည်းမိဘူးလို့ ဆိုပါတယ်။

“တောင်ကိုရီးယား အနေနဲ့ ထင်ရှားတဲ့ နိုင်ငံရေးသမားတဦး၊ သမိုင်းဝင် ပုဂ္ဂိုလ်တဦး ဆုံးရှုံးရတာဖြစ်တယ် ဆိုပေမဲ့ သမ္မတ ဟောင်း ကင်မ် လက်ထက် ချမှတ်ခဲ့တဲ့ မူဝါဒတွေဟာ သိပ်ကို မှားယွင်းတာမို့ ဒါဟာ ရှက်စရာပါ။”လို့ သူက ဆိုခဲ့တာပါ။ တောင်ကိုရီးယားကို ရောက်မလာခင် မြောက်ကိုရီးယားမှာ တက္ကသိုလ် ပါမောက္ခအဖြစ် အမှုထမ်း ခဲ့သူ Kim Heung Gwang ကတော့ -

Sunshine Policy ဆိုတဲ့ နေသာမယ့် မူဝါဒဟာ မြောက်ကိုရီးယားအပေါ် နွေးနွေးထွေးထွေး ဖြစ်လာအောင် အပြောင်းအလဲ တွေ ဖြစ်စေသလားဆိုရင်တော့ အဖြေကတော့၊ မဖြစ်ဘူးလို့ ပြောရမယ့်အကြောင်း သူက ပြောခဲ့တာပါ။

ခန္ဓာကိုယ်တွင်းအင်္ဂါတွေ အလုပ်မလုပ်တော့တဲ့ ဝေဒနာခံစားနေခဲ့ရတဲ့ သမ္မတဟောင်း ကင်မ်ဒေးဂျုံ ဟာ ဆိုးလ်မြို့တော်မှာ ပြီးခဲ့တဲ့ လကတည်းက ဆေးကုသခံယူနေရာက အင်္ဂါနေ့တုန်းကပဲ နမိုးနီးယား အဆုပ်ရောင်ရောဂါနဲ့ ကွယ်လွန်ခဲ့တာ ဖြစ်ပြီးတော့ သူ့ရဲ့ ဈာပနကိုတော့ နိုင်ငံတော် အခမ်းအနားနဲ့ တနင်္ဂနွေနေ့မှာ သဂြုႋဟ်မှာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG